အပိုင်း -၂၀
သင်္ချာပါမောက္ခ ဒေါ်ခင်ပြုံးက Tutorial စာအုပ်တွေကို အခန်းခေါင်းဆောင်အားသယ်ခိုင်းပြီး အခန်းထဲကနေထွက်သွားတော့မှ ဇော်ထက် ပြည်သာရဲထက်အား မရဲတရဲလှမ်းကြည့်မိသည်။
*ရောက်နေပြီ *ဟု ပို့ထားသော ကိုကိုနေသာရဲ့Message လေးကို Reply ပြန်ရင်း ပြည်သာအနားကို တိုးကပ်လိုက်မိသည်။ ပြည်သာရဲထက်ရဲ့ မျက်ဝန်းတွေက ခန့်မှန်းရခက်စွာ စိမ်းကားနေတာကြောင့် ဇော်ထက် ပိုပြီး မဝံမရဲဖြစ်ရတော့သည်။
"ပြည်သာ..."
ပြည်သာက ပါးစပ်ကမထူးဘဲ မျက်လုံးအကြည့်နဲ့သာ ခပ်စူးစူးစိုက်ကြည့်နေသည်။
"ငါနဲ့ ကိုကိုက..."
လွတ်ကနဲ ထွက်သွားသော အသုံးနှုန်းတစ်ခုကြောင့် ဇော်ထက် ကိုယ်ရှိန်သတ်လိုက်မိသည်။ ကိုကိုနေသာနဲ့ ကိစ္စကို ပြည်သာသိသွားတဲ့အချိန်ကစပြီး ပြည်သာက သူ့ကို စကားကောင်းကောင်း မပြောတော့တာမဟုတ်လား။
"ငါတောင်းပန်ပါတယ်... ကိုကြီးနေသာက ငါတို့ကိစ္စကို လျှို့ဝှက်ထားကြရအောင်လို့ ပြောလို့"
"အဲ့တာဆိုလည်း အဆုံးထိအောင် လျှို့ဝှက်ထားလေ... ဘာလို့အခုမှ ထပြောနေတာလဲ"
ပြည်သာ့အသံက ခပ်စွာစွာလေးထွက်လာတော့ ဇော်ထက်မျက်ရည်လေးတွေပင် ဝိုင်းလာမိသည်။
"မပြောလို့မဖြစ်တဲ့ ကိစ္စကြောင့်ပေါ့"
"ငါကလေ သူငယ်ချင်းအရင်းလိုသဘောထားပြီး ငါ့ရင်ထဲမှာရှိသမျှ မင်းကိုအကုန်ပြောပြတယ်... မင်းကကျတော့ ငါ့ကို သူငယ်ချင်းလိုသဘောမထားလို့ မပြောတာပေါ့"
"မင်းအကိုနဲ့ ကြိုက်နေတဲ့ကိစ္စကို ငါက ဘယ်လိုမျက်နှာနဲ့ပြောပြရမှာလဲ"
"အခု ပြောနေတဲ့ မျက်နှာနဲ့ပဲပြောပေါ့"
ပြည်သာက ဘုတောတောလေးပြောလိုက်တော့ ဇော်ထက်ရဲ့မျက်နှာက ဇီးရွက်လောက်လေးသာရှိတော့သည်။
"ငါတောင်းပန်ပါတယ်... နောက်ဆို မင်းကိုအကုန်လုံးရင်ဖွင့်ပြီး တိုင်ပင်ပါ့မယ်... ငါ မှားပါတယ်နော် ဒီလိုကြီးစကားမပြောဘဲနဲ့တော့မနေပါနဲ့"
YOU ARE READING
အချစ်နယ်နိမိတ်ဆီ ခင်ဗျားကိုခေါ်သွားချင်တယ် (𝐂𝒐𝒎𝒑𝒍𝒆𝒕𝒆𝒅)
Romance"ကျွန်တော် ခင်ဗျားကိုချစ်တယ် ခင်ဗျားလည်း ပြန်ချစ်ရမယ်" "ဟင်"