လူအနည်းအကျဉ်းနဲ့ မေမေလေးရဲ့ ဈာပနပွဲက တိတ်တဆိတ်ရယ်..
သားအရင်းဖြစ်သူ Jungkook လည်း မရှိဘဲ ကျွန်တော်ရယ်၊ အဖေရယ်သာ အစအဆုံး တာဝန်ယူရသည်။
သူမရဲ့ မိတ်ဆွေတစ်ချို့ လာရောက်ကာ နှုတ်ဆက်ဂါဝရပြုကြရင်း၊ စကားစမြည်ပြောကြရင်း ဈာပနပွဲ ပြီးဆုံးသွားတော့သည်။
အဖေက ဆိုဂျူတွေ ပုလင်းလိုက်ဆွဲကာ ဧည့်ခန်းမှာ ထိုင်သောက်နေ၏။
ဒီကိုပြန်ေရာက်တည်းက အခမ်းအနားအတွက် အလုပ်ရှုပ်နေတာကြောင့် ကျွန်တော်အခုထိ Jungkook နဲ့ ပြန်တွေ့သည့်အကြောင်း တစ်ခွန်းတောင် မပြောဖြစ်သေး
ဖန်ခွက်တစ်ခွက် ယူရင်း အဖေ့အရှေ့ဝင်ထိုင်လိုက်ကာ စကားပြောဖို့ စတင်မိသည်။
"NYC ကို သွားတော့ Jungkook နဲ့ တွေ့ခဲ့တယ် ကျန်းမာနေပြီး အဆင်ပြေနေတဲ့ ပုံပါပဲ.. အများကြီး ထွားကြိုင်းလာပြီး ကောင်ချောလေး ဖြစ်လာတယ်"
အဖေက အစပိုင်းမှာ ဂရုတစိုက်နားထောင်ပေမယ့် နောက်ပိုင်းမှာ ဆိုဂျူသောက်ဖို့သာ အာရုံထား၏။
သို့သော် ကျွန်တော်ကတော့ စကားတွေကို ရှေ့ဆက်မိဆဲ..
"မေမေလေး ကိစ္စကို သူ သိပေမယ့် ဒီကို လိုက်မလာနိုင်တာ ကိစ္စတစ်ခုခု ရှိမယ်ထင်တယ်.. အကယ်၍ သူဒီကိုလိုက်လာရင် ကျွန်တော်တို့ မိသားစုလေးကို ပြန်တည်ဆောက်ကြရအောင်"
"လာမယ့် အပတ်မှာ အိမ်ပြောင်းဖို့ စီစဉ်ထားပြီးပြီ ဒီအိမ်ကို ရောင်းပြီး ဆိုလ်းကို ပြောင်းကြမယ်"
အဖေ့စကားကြောင့် ကျွန်တော့်မှာ ကြောင် အ အရယ်..
ဒါက မေမေလေးနဲ့ လက်ထပ်လိုက်ပြီးမှ အဖေတို့ နှစ်ယောက် တည်ဆောက်ထားတဲ့ အိမ်
မေမေလေးနဲ့အတူ ဒီအိမ်လေးကို အဖေက ဘယ်လောက်ထိ မြတ်နိုးသလဲ ကျွန်တော် သိပ်သိပါသည်။
"ဒီအိမ်ကို ရောင်းမယ်.. မဖြစ်နိုင်တာ အဖေ ဘယ်လောက်ထိ ဒီအိမ်ကို သဘောကျသလဲ ကျွန်တော်သိတယ်။ ပြီးတော့ မေမေလေးကလည်း ဒီအိမ်လေးကို သိပ်သဘောကျခဲ့တာ"
"သူ မရှိတော့ဘူး ဒီအိမ်ကလည်း အဓိပ္ပာယ်မဲ့သွားပြီ။ ဒီအိမ်ကိုရောင်းမယ် ဈေးကောင်းပေးမယ့်သူနဲ့ တွေ့ပြီးပြီ "