ရက်သတ္တပတ် တစ်ခုကို ကျော်လွန်ပြီးနောက် Taehyung သတိရလာခဲ့သည်။ သူ သတိရပြီးပြီးချင်း ပထမဆုံး တွေ့ချင်မိသည်က သူ့ကလေးလေးကိုသာ ဖြစ်သည်။
သို့သော် အခုထိ ဘေးနား ရောက်မလာသေးသည့် Jungkook ကြောင့် သူ စိတ်အနည်းငယ်တော့ ဆိုးမိသေးသည်။
အဖေက ဘေးကနေ တစ်လျှောက်လုံး အဆင်ပြေရဲ့လား၊ သက်သာရဲ့လား ဆိုသည့် စကားတွေ တရစပ်မေးပြီး စိုးထိတ်နေလေ၏။
Taehyung သက်သာလာပြီးနောက် သူ့အတွေးတွေ ရောက်သွားသည်က မတော်မဆမှု ဖြစ်သည့် နေ့ကို...
ကားနှစ်စီးက သူ့ဆီ တိုးဝင်လာပုံ၊ အရှိန်ပြင်းပြင်းနဲ့ တရကြမ်း တိုးဝင်လာသည်က သမားရိုးကျ မဟုတ်။
"လူနာ သတိရလာပြီဆိုတော့ မေးခွန်းလေး နည်းနည်း မေးခွင့်ပြုပါ"
မှုခင်းရဲတစ်ချို့ ရောက်လာကြသည်။ သူ အခုချိန်မှာ ဘာအမေးအမြန်းမှ ပြန်မဖြေချင်သေးသော်လည်း စိတ်ကို လျော့ချထားလိုက်ကာ စစ်ဆေးခံဖို့ ပြင်လိုက်ရသည်။
"အဲ့နေ့က Taehyung ဘယ်က ပြန်လာတာပါလဲ"
"အိမ်ပြာတော်ကနေ သမ္မတရှင်းနဲ့ ညစာ စားပြီး ပြန်လာတာပါ"
"အချိန်ကိုရော မှတ်မိပါရဲ့လား"
"၉ နာရီ ဝန်းကျင်လောက်ရှိပါပြီ"
သူ့ဘက်က ပြန်ဖြေသမျှကို ရဲတွေက လိုက်မှတ်နေလေ၏။
"Jeon Jungkook ကတော့ တစ်ချို့ အကြောင်းအရာတွေကို ဖြေကြားပေးခဲ့ပါတယ်... CCTV မှတ်တမ်းတွေကို စစ်ဆေးဖို့ ကြိုးစားပေမယ့် အဲ့ဘက်ခြမ်းက camera တွေ အကုန်လုံး ပျက်စီးနေခဲ့ပါတယ်။ Jungkook ရဲ့ အဖြေရော၊ Taehyung ရဲ့ အဖြေကိုရော တွက်ချက်ကြည့်ရင် ဒါက ရည်ရွယ်ချက်ရှိရှိ လုပ်ကြံမှုအဖြစ် ကောက်ချက်ချနိုင်ပါတယ်"
Taehyung မငြင်းဆန်ဘဲ ခေါင်းညှိတ်လိုက်မိသည်။ သူ့လို တပ်သားတစ်ယောက်အတွက် ဒီကိစ္စကိုလည်း တွက်ချက်ခဲ့ပြီးသား ဖြစ်သည်။
မှုခင်းရဲတွေက စုံစမ်းမှုတွေ စလုပ်ဖို့ စခန်းကို ပြန်သွားကြသည်။
ထို့နောက်မှ Jungkook ရောက်လာခဲ့သည်။ သူ သတိရပြီဆိုသည့် သတင်းကို ကြားတော့ စွပ်ပြုတ်ကလေး လုပ်ပေးနေရင်း နောက်ကျနေခဲ့သည်။