ပြတင်းပေါက် ဖွင့်ထားတာကြောင့် လိုက်ကာစအဖြူလေးက တလွင့်လွင့်နဲ့ ဖြစ်နေပြီး လေတိုးနေ၏။
အပြင်ဘက်မှ အကောင်လေးတွေရဲ့ အော်သံတွေကိုလည်း ကြားရသည်။
မိုးချုပ်ပြီ ဖြစ်တာကြောင့် ပိုးကောင်လေးတွေရဲ့ အသံဆူဆူကလွဲပြီး တိတ်ဆိတ်နေတော့၏။
အခန်းကျဉ်းလေးထဲမှာလည်း တိတ်တဆိတ်ရယ်
မျက်လွှာတွေကို ချထားရင်း စာကိုသာ အာရုံစိုက်နေသည့် Jungkook က ကျွန်တော့်ကိုတောင် ရှိသည်ဟု မထင်။
မှုန်ဝါးဝါးသာ မြင်ရသည်ကြောင့် ထင်၏။ စာအုပ်ကို အနားကပ်ရင်း စူးစိုက်ကာ ကြည့်နေသေးသည်။
"ဒါက ဘယ်လိုဖြစ်ရတာလဲ"
ခေါင်းကုပ်ကာ မျက်ခုံးတွေ တွန့်ချိုးရင်း ဖြေရှင်းမရသည့် ပုစ္ဆာအတွက် အကူအညီတောင်းလာသည်။
"ကိုကို ပြောပြမယ်"
သူ့လက်ကလေးထဲမှ စာအုပ်ကို ဆွဲယူရင်း အနားတိုးကပ်သွားလိုက်ရသည်။
Jungkook လေးက အသေအချာ မမြင်ရသည်ကြောင့် အနီးကပ်အထိ တိုးကာ ရှင်းပြရ၏။
အကြိမ်ကြိမ် သေချာ ရှင်းပြပြီးမှ နားလည်သွားလို့ မျက်နှာလေး ပွင့်လန်းလာတော့သည်။
"သားတို့ရေ မေမေ နွားနို့လာပို့တယ်"
အပြင်ဘက်မှ တံခါးခေါက်သံနဲ့အတူ မေမေလေး ဝင်လာ၏။
နွားနို့ နှစ်ခွက်ကို ဗန်းထဲ ထည့်ထားရင်း ဘေးတစ်ဘက်မှာလည်း အသီးတွေ ပါသေးသည်။
ကျွန်တော် ချက်ချင်း ထလိုက်ရင်း မေမေလေးလက်ထဲမှ ဗန်းကို လွှဲယူလိုက်ရသည်။
"ညဉ့်နက်တဲ့အထိ စာမလုပ်နဲ့နော် ကျန်းမာရေးထိခိုက်ဦးမယ်"
ကျွန်တော်တို့ ပြိုင်တူခေါင်းညှိတ်လိုက်ရင်း ပြန်ဖြေမိသည်။
မေမေလေး ထွက်သွားတော့ အနည်းငယ် ကြီးသည့် ခွက်ကို Jungkook ဘက် ပေးလိုက်မိသည်။
"ကျွန်တော် နွားနို့ မကြိုက်ဘူး Taehyung ပဲ သောက်လိုက်"
"မရဘူးလေ မေမေလေးက နှစ်ယောက်စာပေးလိုက်တာ ကိုကို တစ်ယောက်တည်း မကုန်ဘူး"