ဆေးရုံနံ့က ခပ်ပြင်းပြင်းရယ်... ပိုးသတ်ဆေးနံ့တွေက မွှန်ထူနေပြီး အသက်ရှူကြပ်လောက်သည်အထိ သူတို့ စိတ်ကုန်ရသည်။
သို့သော် ဆေးရုံထဲမှလည်း မခွာသလို၊ တစ်ချိန်လံုးလည်း Julian ဘေးကနေ သူတို့ တစ်ယောက်မှ ထွက်မသွားကြပါဘူး။
George ကတော့ ခပ်ဝေးဝေးကနေသာ သူ့သခင်ကို ကြည့်နေပြီး Jungkook ရဲ့ မှိုင်တွေနေသည့် ကျောပြင်ကိုသာ ငေးကြည့်နေမိသည်။
Jungkook နဲ့ သခင့် ဘေးနားမှာ အကြာကြီး နေခဲ့ရသည့် တစ်ဦးတည်းသော သူမို့ သူတို့နှစ်ယောက်အကြောင်းကို အားလုံးထက် ပိုသိသည်။
သခင် ဆိုတာက သူ့ကလေးလေးအတွက်ဆို အသက်တောင်စွန့်မည့် လူစားမျိုး... Jungkook က ရုတ်တရက်ကြီး ထွက်သွားခဲ့သည်။
ထွက်သွားသည်ကလည်း Venom က ထွက်ရုံမကလို့ သခင့်ဆီကပါ အပြီးတိုင် ထွက်သွားခဲ့တာ...
သခင်က Jungkook ကို သားလေးတစ်ယောက်အဖြစ်၊ Venom ရဲ့ အမွေဆက်ခံသူအဖြစ် မိတ်ဆက်ပေးတတ်ပေမယ့် သခင်ရဲ့ မရိုးသားသည့် သံယောဇဉ်တွေကိုလည်း သူမြင်ဖူးပါသည်။
သူကတော့ အပြင်လူမို့ ဘာတစ်ခုမှ ဝင်မပါသော်လည်း အခုကိစ္စမှာတော့ သူ နည်းနည်းလေး ကြားဝင်မိသည်။
ကိုယ့်ကို သေနတ်နဲ့ ပစ်သွားသည့် လူဆီကို ဆေးရုံလူနာစောင့်အဖြစ် ရောက်လာရလို့ Taehyung သူ့ကို စိတ်ဆိုးနိုင်ပါ၏။ သို့သော် သခင်က Jungkook မရှိဘဲ တစ်ရက်ကလေးတောင် နေနိုင်မည် မဟုတ်။
George သူ့အတွေးစတွေကို ဖြတ်တောက်ပစ်ကာ သခင့်ကို လှမ်းကြည့်မိတော့ လက်ချောင်းတွေ အနည်းငယ် လှုပ်လာတာကို လှမ်းတွေ့လိုက်ရသည်။
"သခင့် လက်တွေ လှုပ်သွားတယ်"
George စကားကြောင့် ကုတင်ဘေးမှာ ထိုင်နေသည့် Jungkook က လှုပ်လှုပ်ရှားရှားဖြစ်လာတော့သည်။
"သခင်... ကျွန်တော်ခေါ်နေတာကို ကြားရရဲ့လား"
Jungkook... Julian ဘေးနားကပ်ကာ ခပ်တိုးတိုးခေါ်နေရင်း စမ်းသပ်မိသည်။ Taehyung က ဆရာဝန်ကို သွားခေါ်ပြီး ပြန်ရောက်လာ၏။
"လူနာအတွက် စိုးရိမ်စရာ မရှိတော့ပါဘူး။ ဒါပေမယ့် လက်ကောက်ဝတ်ကိုတော့ သိပ်ပြီး အသုံးမပြုပါနဲ့... ချုပ်ရိုးပြေသွားရင် အခက်တွေ့ရလိမ့်မယ်"