ပိုးသတ်ဆေးနံ့တွေ မွှန်ထူနေသည့် အနံ့ကို သူ ရနေလေသည်။ နားသန်စပ်နားမှာ ချွေးစတွေက စိုရွှဲလို့ မွန်းကြပ်လာရသည့် ဒီအခြေအနေကြောင့် သူ့လက်ချောင်းတွေ လှုပ်ရှားလာတော့သည်။
မှိတ်ချထားသည့် မျက်ဝန်းတွေက အားတင်းကာ ဖွင့်ဖို့ ကြိုးစားရင်း သူ့မျက်ခုံးတန်းတွေက ကြုံ့ဝင်နေလေသည်။
အမှောင်ထဲမှာ မြင်နေရသည်က သူ့ကို ကျောခိုင်းကာ အဝေးကို ထွက်ပြေးသွားသည့် ကျောပြင်လေးတစ်ခုရယ်...
ဖမ်းဆုပ်ထားပေမယ့် လက်ထဲမှ လွတ်ထွက်သွားပြီး ပိုဝေးသည့် အကွာအဝေးဆီ ရောက်သွားလေသည်။
အမှောင်ထဲမှာ နာနာကျင်ကျင် အော်ဟစ်နေသည့် သူ...
ကျောခိုင်းသွားသည့် ကျောပြင်ကလေးကတော့ ကြားနိုင်တော့မည် မထင်ပါ။
"Jungkook... Jungkook!"
အသံအကျယ်ကြီး အော်ခေါ်ကာ သူ့ဆီ ပြန်လာစေဖို့ ဆုတောင်းတစ်ခုသာ ပြုနေမိသည်။
"အစ်ကို Taehyung.. အစ်ကို"
ပုခုံးကို လှုပ်ကာ နှိုးလိုက်သည့် အသံကြောင့် မျက်လုံးတွေ ပွင့်လာရသည်။ မောဟိုက်နေသည့် ရင်ဘတ်ကို ဖိကိုင်ထားရင်း သတိထားကြည့်မိမှ အိမ်မက်တစ်ခုထဲ သူ ရောက်နေခဲ့တာ...
ရှည်ကြာလွန်းပြီး မေ့ထားသည့် အတိတ်ကို အမှတ်ရစေသည့် လွမ်းမောဖွယ် နာကျင်စရာ အိမ်မက်တစ်ခုပေါ့
လှုပ်ရှားနေသည့် မျက်ဝန်းအိမ်တွေ တည်ငြိမ်သွားမှ သူ သတိထားမိလိုက်သည်။ သူ့ပါးပြင်မှာ မျက်ရည်တွေက စီးကျနေဆဲ...
အိမ်မက်ထဲမှာရော၊ လက်တွေ့မှာရော သူ့ရင်တွေ ကွဲအက်နေပြီး ငိုနေမိဆဲ...
"အစ်ကို သတိရပြီလို့ ဆရာဝန်ကို သတင်းပေးလိုက်ဦးမယ်နော်"
Ha Jun က စကားကို ခပ်သွက်သွက်ပြောရင်း အခန်းအပြင်ကို ထွက်သွားတော့သည်။
တစ်ခဏကြာမှ ဆရာဝန်နဲ့အတူ ရောက်လာ၏။ ကျွန်တော့် စိတ်ထင် Istanbul မှာပဲ ရှိနေတုန်း ဖြစ်မည်။
တူရကီလူမျိုးတွေကို တွေ့နေရ၏။
"လူနာက ဝမ်းဗိုက်မှာ ဓားဒဏ်ရာရထားပါတယ်။ ကံကောင်းလို့ ကြီးကြီးမားမား အသက်အန္တရာယ်မစိုးရိမ်ရပေမယ့် ချုပ်ရိုးက အခုထိ မကျက်သေးတာမို့ ဆေးရုံမှာ ဆက်ပြီး အနားယူပေးပါ"