Chapter 7.1

295 58 0
                                    

Chapter 7.1

အတိတ်ကယီဟွေ့တွင် ဗဟုသုတမရှိသလို ကလေးငယ်တစ်ဦး၏ ဉာဏ်ရည်မျှသာရှိသော်လည်း သည်းထန်စွာငိုရခြင်းကိုမူ မနှစ်သက်ချေ။  

သူက ထိုကလေးများထက် ပိုမို၍အရပ်ရှည်သလို သူတို့ထက်လည်း ပို၍အသက်ကြီးလေသည်။ သူ့မေမေက ဖျားနာမှုကြောင့် မငိုကြွေးခဲ့သလို သူ၏အစ်ကိုသည်လည်း အလုပ်များခြင်းကြောင့် မငိုခဲ့ချေ။ သူက သူတို့ကဲ့သို့ ရင့်ကျက်သောလူကြီးတစ်ဦးဖြစ်ခဲ့၏။ ငိုကြွေးခြင်းက မည်သည်ကိုမှ မဖြေရှင်းနိုင်သလို အလွန်ရှက်စရာကောင်းလှသည်။

သို့သော် အကြောင်းရင်းတစ်ချို့ကြောင့် ကျိုးကျင်ဟမ့်ကိုတွေ့ချိန်၌ မငိုပဲမနေနိုင်ခဲ့။

ပထမဆုံးတွေ့စဉ်ကတည်းက ငိုမိခဲ့သည်။

နွေဦးရာသီ၏ နေ့လည်ခင်းတစ်ခုတွင် နေရောင်ခြည်တစ်ချို့က ပြတင်းပေါက်အစွန်းမှတဆင့် ဖြာကျလျှက်ရှိကာ သူ့ရှေ့ရှိစာရွက်ပေါ်တွင် အလင်းအမှောင်ပိုင်းခြားထားသည့်နှယ် ဖြစ်နေခဲ့သည်။ ရှေ့တန်းရှိကျောင်းသားများက စာရွက်ပေါ်တွင် ခဲတံများဖြင့် ရေးခြစ်နေကြပြီး စတူဒီယိုတစ်ခုလုံး၏လေထုမှာလည်း အေးချမ်းနေခဲ့၏။

ယီဟွေ့က နောက်ဆုံးတန်း၏ထောင့်စွန်းနားတွင် ထိုင်နေခဲ့သည်။ သူပိုပြီးစိတ်ပူလာလေလေ စုတ်တံကိုကိုင်ထားသည့်လက်က တုန်ယင်လာလေလေပင်။ စုတ်တံ၏အဖျားက စာရွက်ပေါ်သို့ကျရောက်သွားချိန်တွင် ပို၍တုန်ယင်လာခဲ့ပြီး ရှုပ်ထွေးပွေလီကာ အကျည်းတန်လှသော မျဉ်းကြောင်းများကို ဖြစ်စေခဲ့လေသည်။

သူက အောက်နှုတ်ခမ်းကို အသာကိုက်လျှက် လက်ကောက်ဝတ်ကိုထိန်းချုပ်ကာ နှောင့်ယှက်နေသော အတွေးများကို ဖယ်ရှားပစ်ချင်ခဲ့သည်။ သူ၏မိခင်က ပြတင်းပေါက်အပြင်ဘက်ရှိ ပန်းများကို သူကိုယ်တိုင်ရေးဆွဲထားသော ပန်းချီကားကိုကြည့်ရှုရန် ဆေးရုံတွင် စောင့်ဆိုင်းနေပေလိမ့်မည်။

အားလုံးက သူ့အားလျှို့ဝှက်ထားကြသော်လည်း ဆရာဝန်၏အမူအရာနှင့် သတိတစ်ဝက်သာရှိတော့သော မိခင်၏အခြေအနေကို ကြည့်ခြင်းအားဖြင့် သူမ မကြာခင်ထွက်ခွာသွားတော့မည်ဖြစ်ကြောင်း ခန့်မှန်းနိုင်ပါသေးသည်။

မျောလွင့်နေသော ပြာမှုန်များWhere stories live. Discover now