Chapter 56.1

157 29 0
                                    


Chapter 56.1







ဆောင်းဦးမနက်ခင်းလေပြည်က သစ်ကိုင်းများကို တိုက်ခတ်လာပြီး သစ်ရွက်များကို တရှဲရှဲအသံများ ဖြစ်လာစေသည်။

ဆေးရုံကော်ရစ်ဒါလမ်း၏ အဆုံးတွင် ယီဟွေ့က ပြတင်းပေါက်အနားတွင်မှီပြီး " ခွဲစိတ်နေဆဲ " ဟူသည့် စာလုံးနီကြီးကို ကြည့်နေသည်။ သူက သိုးမွေးကုတ်အင်္ကျီကို ဝတ်ဆင်ထားကာ လက်ထဲတွင်လည်း ရေနွေးတစ်ပုလင်းကို ကိုင်ထားသော်လည်း သူ့နှလုံးသားက အေးစက်နေသည့် ထရပ်ကားထဲတွင်သာ ရှိနေသည့်ပုံရပြီး နှလုံးခုန်သံကလည်း တိတ်ဆိတ်ငြိမ်သက်လွန်းနေသည်။

ထရပ်ကားက အသည်းအသန် ဘရိတ်အုပ်လိုက်ချိန်တွင် ကားတံခါးကို ကလော်ဖွင့်လိုက်ကြသည့်အခါ ကားထဲသို့ အလင်းရောင်များ တိုးဝင်လာခဲ့သည်။ ကျိုးကျင်ဟမ့်က သွေးများဖြင့် စိုရွှဲနေခဲ့ပြီး လှုပ်ရှားမှုကင်းမဲ့နေကာ မျက်တောင်များတွင်လည်း ရေခဲမှုန်များကပ်နေခဲ့ပြီး ယီဟွေ့က သူ့ကို တင်းကြပ်စွာ ဖက်ထားခဲ့သည်။ ရဲများနှင့် ဆရာဝန်များက သူတို့နှစ်ယောက်ကို ခွဲထုတ်ပစ်ရန် အချိန်အတန်ကြာအောင် ပြုလုပ်ခဲ့ရသည်။

ဆေးရုံကားထဲရောက်သည့်အခါ သူ ကျိုးကျင်ဟမ့်၏လက်ကို တင်းကြပ်စွာဆုပ်ကိုင်ထားခဲ့ပြီး အနွေးဓာတ်ရစေရန် သူ့ပါးစပ်အနားကပ်ကာ အာငွေ့ပေးခဲ့သည်။ လက်ကို ရေပူစွတ်ထားသည့်အဝတ်ဖြင့် ပွတ်တိုက်ပေးလိုက်သော်လည်း ကျိုးကျင်ဟမ့်က မတုံ့ပြန်လာခဲ့၍ သူ ထိတ်ထိတ်ပျာပျာဖြစ်ပြီး ငိုချင်စိတ်ပေါက်လာသည်။ အေးစက်တောင့်ခဲပြီး ပြာနှမ်းနေသည့်လက်ချောင်းများက ရုတ်ချည်း လှုပ်လာပြီး မျက်တောင်များ တုန်ယင်လာသည်။ ထို့နောက် သူ့မျက်လုံးများ တဖြည်းဖြည်းပွင့်လာသည်။ လူနာတင်စင်ပေါ်တွင် လှဲလျောင်းနေသည့် ကျိုးကျင်ဟမ့်မှာ အကြိမ်ပေါင်းများစွာ ကြိုး‌စားသော်လည်း ပြုံးပြရန် မတတ်နိုင်ခဲ့ပေ။ အောက်စီဂျင်မက်စ်မှတစ်ဆင့် နှုတ်ခမ်းများလှုပ်ပြီး "မငိုပါနဲ့" ဟူသည့် စကားလုံးများကိုသာ ပြောနေခဲ့သည်။

ယီဟွေ့  မျက်ရည်များကို ထိန်းထားလိုက်သည်။ ကျိုးကျင်ဟမ့်ကို ခွဲစိတ်ခန်းထဲပို့လိုက်ချိန်တွင်လည်း သူ မငိုခဲ့ပေ။ လက်မြှောက်လိုက်သည့်အခါ ကျိုးကျင်ဟမ့်လက်ပေါ်မှ သွေးများစီးကျလာချိန်တွင်လည်း မငိုခဲ့ပေ။ ဆရာဝန်က ခွဲစိတ်ခန်းထဲမှထွက်လာပြီး အရေးပေါ် သတိပြုစာတစ်စောင် ထုတ်ပေးလာချိန်တွင်လည်း သူ မငိုမိတော့ပေ။

မျောလွင့်နေသော ပြာမှုန်များWhere stories live. Discover now