ခွင့် (၇)

979 108 12
                                    

project အသစ်အတွက်ရေးဆွဲထားတဲ့ program တွေကိုအဆုံးသတ်စစ်ဆေးပြီးတဲ့နောက် laptop ကိုရှေ့ချကာ‌‌ ခြေလက်တွေကိုအားရပါးရဆန့်ထုတ်ပြီးအကြောဖြေလိုက်သည်။ ရုံးအပြန်ရေမိုးချိူးပြီးကတည်းက ပန်းသီးတစ်လုံးကော်ဖီတစ်ခွက်ချပြီး အလုပ်လုပ်နေသည်မှာ အချိန်တွေဘယ်လိုကုန်လို့ ကုန်သွားမှန်းပင်မသိ။
အလုပ်ကိုအာရုံစိုက်ထားတုန်းကတော့မသိပေမယ့် အလုပ်ပြီးသွားတဲ့အချိန်မှာတော့မျက်ရိုးတစ်လျှောက်လုံး တဆစ်ဆစ်ကိုက်ခဲနေတာကိုသတိထားမိလာသည်။
တပ်ထားတဲ့မျက်မှန်အဝိုင်းကိုချွတ်လိုက်ပြီး ဆိုဖာနောက်မှီပေါ်ကိုခေါင်းလှန်ချကာ မျက်လုံးတွေကိုခဏအနားပေးလိုက်သည်။

တစ်ပတ်....။
တစ်ပတ်တိတိရှိပြီဖြစ်သည်။
မေမေ့ခြောက်နှစ်ပြည့်နှစ်ပတ်လည်ပွဲပြီးကတည်းက Fourth တစ်ယောက်အရူးလိုအလုပ်တွေလုပ်နေခဲ့တာ တစ်ပတ်တိတိရှိပြီဖြစ်သည်။ဒီရက်တွေထဲမှာ
ဒီလိုမှအလုပ်ထဲစိတ်မနှစ်ထားရင် Fourth ဟာမေမေ့ကိုလွမ်းတဲ့စိတ်ရယ် ကိုယ့်ဘဝကိုမုန်းတီးရွံရှာစိတ်ရယ်ပေါင်းပြီး တကယ်ရူးသွပ်သွားနိုင်လေသည်။
အခုတော့ အာရုံစူးစိုက်ထားစရာအလုပ်ကလဲပြီးသွားပြီဖြစ်တာကြောင့် စိတ်ထဲမှာလစ်ဟာလျှက်။
ကျယ်ဝန်းလှတဲ့ ကွန်ဒိုအခန်းထဲမှာ သူ့အသက်ရှူသံကလွဲပြီးတော့အရာအားလုံးပကတိငြိမ်သက်နေလေသည်။

အထီးကျန်သည်........။
အလုပ်အကြောင်းကလွဲပြီး တခြားစိတ်ဝင်စားစရာမရှိတဲ့ သူ့ရဲ့လူငယ်ဘဝကသိပ်အထီးကျန်စရာကောင်းသည်။
တခြားသူတွေရဲ့အမြင်မှာတော့ သူဟာ ချမ်းသာတယ်၊ ငယ်ရွယ်တယ်၊ ဉာဏ်ကောင်းတယ်၊ အနှောင်အဖွဲ့ကင်းတယ်၊ မျိုးရိုးအရှိန်အဝါကြီးမားတယ်၊ သူ့ရဲ့ဘဝဟာ လူတကာလိုချင်ပြီးလူတိုင်းမရနိုင်တဲ့အရာတွေအပြည့်လို့ထင်ရပေမယ့် တကယ်တမ်းကျ အလုပ်လုပ်နေရခြင်းကိုသာဖယ်လိုက်လျှင် ဘဝဟာ သူ့အတွက် ဖက်တွယ်ထားချင်စရာ တစ်ခုမှမရှိတဲ့စာရွက်အလွတ်သက်သက်သာဖြစ်သည်။
အပြုံးချိုချိုလေးတွေနဲ့အမြဲနွေးထွေးကြင်နာစွာဆက်ဆံတတ်တဲ့ မေမေဟာသူ့ကိုစောစီးစွာပင်ထားရစ်ခဲ့နှင့်ပြီဖြစ်သည်။ တစ်ချိန်ကသူအားကိုးတကြီးခိုလှူံဖူးတဲ့ ဖေဖေ့ရင်ခွင်ဟာလည်းသူ့အတွက်မဟုတ်‌တော့တာ‌ကြာခဲ့ပြီ။ အသက်ကြီးမှရင်းနှီးခွင့်ရတဲ့ဖိုးဖိုးနဲ့ ဒေါ်လေးကိုလည်း ချစ်ပေမယ့်သာမန်မိသားစုတွေလိုဖက်လှဲတကင်းဆက်ဆံဖို့အသားမကျနိုင်.....။
ဆိုတော့.....တစ်ကမ္ဘာလုံးမှာ သူနဲ့အနီးကပ်ဆုံး သူနဲ့အရင်းနှီးဆုံးကတော့ အလုပ်နဲ့ ဆေးလိပ်သာရှိသည်။
ထိုင်နေရာမှ ထကာဆေးလိပ်ဘူး၊ပြာခွက်နဲ့ မီးခြစ်ကိုယူပြီး လိုက်ကာကိုဖွင့်၍ ကာရံထားတဲ့မှန်ကနေတဆင့်လမ်းမပေါ်ကိုငေးကြည့်နေမိသည်။
အပြင်မှာမိုးသည်းသည်းမည်းမည်းရွာနေတာကြောင့် မြင်လေသမျှကပီပီသသပြတ်ပြတ်သားသားမရှိ။ ဆေးလိပ်ကိုမီးငြှိပြီး အဆုတ်အပြည့်ရှိုက်သွင်းလိုက်သည်။ ထို့နောက်လည်တိုင်ကိုဆန့်ထုတ်လိုက်ကာ ပါးစပ်ကရော နှာခေါင်းပေါက်ကနေပါ အခိုးအငွေ့တွေကိုပြန်မှုတ်ထုတ်လိုက်ရင်း ရေစက်တွေလာရောက်ထိမှန်နေသော မှန်ချပ်ကိုသာအကြောင်းမဲ့ငေးမောနေလိုက်သည်။ မှန်ချပ်ပေါ်ကနေအနှောင်အတွယ်မဲ့စွာပစ်စလက်ခတ်စီးဆင်းသွားသည့်မိုးရေစက်တွေဟာ Fourth Natawat  ဆိုတဲ့ သူ့ဘဝနဲ့သိပ်တူလွန်းလှသည်။
သူလဲဒီမိုးစက်တွေအတိုင်းပဲ.......
တွယ်တာစရာမရှိ။
ဦးတည်ရာမရှိ။
မက်မောစရာမရှိ။
ပြီးတော့ အရေးတယူစောင့်ကြည့်ပြီးသိမ်းဆည်း‌ကောက်ယူထားပေးမယ့်သူမရှိ။
ဘယ်နှလိပ်မြောက်မှန်းမသိတဲ့ သောက်လက်စဆေးလိပ်ကိုနောက်ဆုံးတစ်ချက်ရှိုက်လိုက်ပြီး ကျန်တဲ့အပိုင်းကိုပြာခွက်ထဲထိုးချေထည့်လိုက်သည်။ ထို့နောက်ရေချိုးခန်းထဲဝင်ကာ ကိုယ်လက်သန့်စင်သည်။ ကုတင်ပေါ်ကျောခင်းပြီးတဲ့နောက်သူ့အိပ်ယာဘေးမှာရှိတဲ့ ဝက်ဝံရုပ်အညိုလေးကိုဆွဲယူပွေ့ဖက်ရင်း အရုပ်လေးရဲ့ရင်ဘက်မှာထိုးထားတဲ့နာမည်ကတ်ရင်ထိုးလေးကိုလက်မနဲ့ထိတွေ့ပွတ်သပ်နေမိသည်။ ထို့နောက်သူ့ရဲ့မှတ်ဉာဏ်တွေက ဒီအရုပ်လေး သူ့စီရောက်လာတဲ့နေ့သို့ လူးလွန့်ကူးခတ်သွားလေသည်။

ခွင့်Où les histoires vivent. Découvrez maintenant