Episode 28

51 7 0
                                    

1).

Gabriel နှင့်အတူ တရားရုံးတော်သို့ပါလာသော Castiel သည် နယ်စား Masters နှင့်တွေ့ဆုံပြီးနောက် နယ်စားမင်းမှာ နန်းတွင်းသို့မကြာခဏဝင်ရန် မသင့်လျော်သည့်အတွက် သမီးဖြစ်သူ၏သတင်းကို Castiel ကိုသာမေးမြန်းနေလေသည်။ အမတ်ချုပ်နှင့်ချိန်းဆိုထားရာသို့ နယ်စားမင်း ထွက်သွားချိန်တွင် ကျန်နေခဲ့သည့် Castiel သည် မင်းသား Sam နန်းတွင်းသို့ပြန်ရန်ထွက်လာသည်နှင့် ဆုံလေသည်။ Sam ကခေါ်၍ အတူတကွပြန်လာခဲ့ကြပြီး နန်းတော်တံခါးမှအဝင်တွင် Sam ၏ကိုယ်ရံတော်နှင့်အတူ နောက်ပါးမှပါလာသည့် Castiel ကို Sam က နောက်လှည့်ခေါ်လိုက်သည်။

"နယ်စား Masters လာသွားတယ်ဆို။ ဘာတွေထူးသေးလဲ။"

"ရုံးတော်မှာပို့ခဲ့တဲ့သတင်းတွေအပြင် ဘာမှမထူးပါဘူး မင်းသား။ သခင်မလေးကိုစိတ်ပူလို့ သတင်းမေးတာလောက်ပါပဲ။"

"ခင်ဗျားရှိနေတာပဲ။ စိတ်ချရလို့ နယ်စားကိုယ်တိုင် ကိုယ်ရံတော်ခန့်အပ်ပေးဖို့ တောင်းဆိုခဲ့တာပဲမဟုတ်လား။ အဲဒီနေ့ကလည်း ခင်ဗျားသတိထားမိလို့သာ Dean တို့ အန္တရာယ်မဖြစ်လိုက်တာ။ ကျေးဇူးတင်ပါတယ်။"

"ကယ်တင်လိုက်ရတယ်လို့ မခံယူပါဘူး။ အခုလိုလုပ်ပေးနိုင်တာကိုပဲ ကျွန်တော်မျိုးဘက်က ကျေနပ်မိပါတယ်။"

"Meg နဲ့က ငယ်ငယ်ကတည်းက အတူတူကြီးပြင်းခဲ့ကြတာလား။"

"ကျွန်တော်မျိုးက နယ်စားမင်းနားမှာပဲနေရတာများတော့ သခင်မလေးနဲ့အတူကြီးပြင်းတယ်လို့ ပြောလို့မရဘူးထင်ပါတယ်။ ဒါပေမဲ့ တစ်ခါတလေ သခင်မလေးပြဿနာကြုံတိုင်း ဖြေရှင်းပေးရတတ်တော့ မောင်နှမတွေလိုရင်းနှီးနေတာမျိုးပါ မင်းသား။"

ထိုစကားတို့ကိုဆိုစဉ် Sam အကဲခတ်မိသည့် Castiel ၏အပြုံးတို့မှာ ပကတိဖြူစင်လျက်ပင်။

"ပြဿနာဆိုတာ ..."

"ကြီးကြီးမားမားမဟုတ်ပါဘူး မင်းသား။ မွေးနေ့မှာ အဖေဆီက လိုချင်တဲ့လက်ဆောင်ကိုမရလို့ စိတ်ကောက်ပြီးအစာမစားတာတို့၊ အဖေကိုစိတ်ကောက်ပြီး တောထဲထွက်သွားတာ ခြေထောက်ခေါက်လို့အိမ်ပြန်မရောက်တာတို့၊ ပြီးတော့ လယ်မြေတွေကိစ္စ လိုက်ရှင်းပေးရင်း နည်းနည်းပါးပါး ထိခိုက်ဒဏ်ရာရတာတို့၊ အဲဒါမျိုးတွေပါ။"

Fall for His MajestyWhere stories live. Discover now