“ကင်မ်ဂျွန်ကယူက သိပ်ကို ကြောက်ဖို့ကောင်းတယ်”
ထိုစကားကြောင့် ဟာရူတို အသံထွက်အောင် ရယ်လိုက်မိသည်။ကိုရီးယားကို ပြန်ရောက်ကတည်းက ဒီစကားက မကြားချင်တဲ့အဆုံး။ဒယ်ဒီ့ရဲ့ နောက်အိမ်ထောင်က မယားပါသားကို ဟာရူတိုတို့က ကြောက်ရမတဲ့လား။
သွားစမ်းပါ...ပြီးတော့ ရည်ရွယ်ချက်ရှိရှိ ကမ်းလှမ်းလာတဲ့ လက်ထပ်ပွဲတစ်ခု။ဝါတာနာဘယ် ဟာရူတိုကို နာမ်နှိမ်ချင်တာနဲ့ပဲ ဒယ်ဒီက သူ့မယားပါသားနဲ့ သဘောတူကြောင်း အမှာတော်ပါးလေရဲ့။
အနည်းငယ် ညှို့မှိုင်းမှိုင်းဖြစ်နေတဲ့ ဆိုးလ်ရာသီဥတုကို ဟာရူတို ဘဝင်မကျ။သူ့ရှေ့မှာ ရုပ်တည်ကြီးနှင့် ထိုင်နေသူကြောင့် ပိုပြီး ဒေါသစိတ်တွေဟာ ဂနာမငြိမ်ဖြစ်လာရသည်။
ကင်မ်ဂျွန်ကယူတို့များ စကားမပြောပဲနဲ့ အကြည့်တွေနဲ့ သတ်နေတာ။
“ခင်ဗျား စကားမပြောရင် ကျုပ်သွားတော့မယ် ကင်မ်ဂျွန်ကယူ”
စိတ်မရှည်စွာပင် မတ်တပ်ထရပ်လိုက်သူက ဟာရူတို။ကင်မ်ဂျွန်ကယူဟာ အပြောတွေနဲ့ သိပ်ကို ညီလွန်းနေပေမယ့် ဟာရူတို မျက်လုံးထဲမှာတော့ ဘောင်မဝင်။သိပ်ကို ကန့်လန့်ဆန်လွန်းသည်။
“လက်ထပ်စာချုပ်ပို့လိုက်တယ်”
“ခင်ဗျားကို ဒယ်ဒီ မပေးဘူးလား”
“မင်းသဘောတူတယ်ပေါ့”
“တူလို့ ခင်ဗျားရှေ့ရောက်နေတာပေါ့ ကင်မ်ဂျွန်ကယူရာ။ဒီနေ့ကစပြီး ကျုပ်က ခင်ဗျား ယောင်္ကျားဖြစ်သွားပြီ”
ခနဲ့တဲ့တဲ့ စကားတွေရဲ့ အရှေ့မှာ ပြုံးယောင်သန်းနေတဲ့ နှုတ်ခမ်းပါးတွေဟာ ကင်မ်ဂျွန်ကယူအတွက် နှာခေါင်းရှုံ့စရာ ဖြစ်လိမ့်မည်။ဝါတာနာဘယ် ဟာရူတို ဆိုသည်မှာ အမြဲတမ်း ပြုံးပြုံးလေး။
ကင်မ်ဂျွန်ကယူ၏ တွန့်ချိုးသွားတဲ့ မျက်ခုံးတန်းတွေဟာ အလိုမကျစွာပင် စုကျုံ့သွားလေသည်။တကယ်ပင်ကင်မ်ဂျွန်ကယူဟာ ဟာရူတိုကို သဘောမကျ။ကြိုက်တယ်...သဘောမကျလေ ပြိုင်လို့ကောင်းလေ။
“စာချုပ်တစ်ခုကြောင့် လက်ထပ်ထားတာကို ခင်ပွန်းအဖြစ် သတ်မှတ်မလို့လား ဝါတာနာဘယ် ဟာရူတို”