“သတိပြန်ရဖို့က ထင်ထားတာထက် ပိုကြာတာပဲ”
ဟာရူတို ခပ်တိုးတိုးရေရွတ်လိုက်ရင်း အသက်ရှူသံမှန်မှန်နှင့် အိပ်ပျော်နေသူ၏ လက်ဖဝါးလေးကို တစ်ရှူးအစိုဖြင့် သန့်ရှင်းပေးနေသည်။တစ်ပတ်ကျော်လောက် အိပ်နေတာတောင် ဆရာဝန်က ဘာမှ မဖြစ်ဘူးလို့ ပြောနိုင်သေးတယ်။
ဖြူစွတ်နေဆဲ အသားအရည်တို့ဟာ အရင်ရက်ကထက် တစ်စတစ်စ ပိုဆိုးလာတာကို ဟာရူတို သတိထားမိသည်။ဒီပုံစံအတိုင်းဆိုရင် ကင်မ်ဂျွန်ကယူဟာ အဆင်ပြေနေမှာ မဟုတ်။ပြန်နိုးလာမယ်လို့ ယုံကြည်နေပေမယ့် အခုအချိန်မှာ ယုံကြည်ချက်တို့က မြေပြင်ပေါ်မှာ။
သက်ပြင်းတစ်ချက်ချလိုက်ရင်း ဆံနွယ် နက်နက်လေးတွေကို လက်ချောင်းတွေနဲ့ ထိခတ်ကစားနေလိုက်တော့သည်။ကင်မ်ဂျွန်ကယူကို သိပ်ပြီး မက်မောလွန်းလို့ အခုလိုတွေ လုပ်နေတာ ဟာရူတိုကိုယ်တိုင်ပင်။ဘယ်လိုမှ အဖြေရှာလို့မရတဲ့ ပုစ္ဆာတစ်ပုဒ်မဟုတ်တာကြောင့် အဖြေက ဟာရူတိုဆီမှာပဲ တည်ရှိနေပါ၏။
“အစ်ကို...”
နောက်ကျောဆီက ခပ်တိုးတိုး ခေါ်ဆိုသံ။ဟာရူတို လှည့်မကြည့်မိ။စက္ကန့်အနည်းငယ်အကြာမှာ အသံပိုင်ရှင်ဟာ ဟာရူတို၏ ဘေးဘက်ဆီကို နေရာယူပြီးဖြစ်လေသည်။
“သမားတော် ဒေါက်တာ ချွဲဟျွန်းဆော့ ကို ရအောင် ခေါ်လာခဲ့တယ် အစ်ကို”
“ပင်ပန်းသွားပြီ ဂျောင်ဟွမ်း”
“အစ်ကို အဆင်ပြေဖို့ပဲ လိုတယ်”
ဟာရူတို ခေါင်းငြိမ့်လိုက်ရင်း ဂျောင်ဟွမ်းကို လှည့်ကြည့်လိုက်သည်။လှုပ်ရှားနေသော လက်ချောင်းတွေကို ရပ်တန့်လိုက်ပြီး တံခါးရှေ့မှာ မတ်တပ်ရပ်နေတဲ့ သမားတော်ဒေါက်တာ ချွဲဟျွန်းဆော့ကို စူးစမ်းစိတ်ဖြင့် ခြေဆုံးခေါင်းဆုံး အကဲခတ်လိုက်မိသည်။
ခရမ်းရောင်နဲ့ ငွေရောင်ဖောက်ထားတဲ့ ဆံပင်တွေ၊အပြာရောင် သိုးမွှေးဆွယ်တာကို ဝတ်ဆင်ထားပြီး အမည်းရောင် နေကာမျက်မှန်တစ်လက်ကိုလည်း တပ်ထားသေးသည်။သူက ကင်မ်ဂျွန်ကယူရဲ့ ရောဂါကို ကိုင်တွယ်နေတဲ့ သမားတော်။