Honey🤍

42 3 0
                                    

Honey

သူမမှာသိပ်လှပတဲ့မျက်ဝန်းညိုတွေရှိတယ်။မျက်လုံးဝိုင်းဝိုင်းလေးထဲမှာအညိုရောင်လေးတွေတောက်ပနေတတ်တဲ့သူမရဲ့မျက်လုံးလေးတွေကိုကျွန်မသိပ်သဘောကျတယ်။တစ်ခါတစ်လေမှာမျက်မှန်တပ်ပြီးအဲ့ဒီမျက်လုံးလေးတွေနဲ့ကျွန်မကိုစိုက်ကြည့်နေတတ်သေးတာသူ့အကျင့်တွေထဲကတစ်ခုပေါ့။

ကျွန်မကိုကြင်နာစွာနမ်းရှိုက်ဖို့ဘယ်တော့မှမပျက်ကွက်တတ်တဲ့သူမရဲ့နှုတ်ခမ်းဖူးဖူးလေးကဂျယ်လီလိုအိအိလေးနဲ့နွေးထွေးတဲ့ခံစားချက်တွေပေးတယ်လေ။အဲ့ဒီနှုတ်ခမ်းလေးနဲ့ပဲ အကြင်နာစကားတွေပျားရည်လိုချိုမြနေအောင်ပြောတတ်တာကျွန်မရဲ့Honeyပေါ့။

သူမကစကားပြောကောင်းလွန်းတယ်။အံ့အားသင့်ဖွယ်ကောင်းပြီးထူးခြားတဲ့စကားလုံးလေးတွေပြောတတ်တဲ့သူမက ကျွန်မရဲ့နှလုံးခုန်ရပ်သွားမတတ်စကားလုံးတွေနဲ့လည်းဖြားယောင်းတတ်သေးတာ။

သူမရဲ့အသားအရည်အရမ်းဖြူနုလွန်းတယ်။အရေပြားအောက်ကသွေးကြောလေးတွေကိုမြင်ရတဲ့အထိသူမရဲ့အသားအရည်လေးကကြည်လင်ဖြူဖွေးနေခဲ့တာ။သူမကသိပ်လှပလွန်းတဲ့သူတစ်ယောက်ပါပဲ။

ကျွန်မသိပ်ချစ်ရတဲ့ကောင်မလေးကသိပ်လှပတဲ့အပြင် သူမမှာပြီးပြည့်စုံလွန်းတဲ့အရည်အချင်းတွေရှိတယ်။ကျွန်မကကျွန်မရဲ့ကောင်မလေးကိုအရာရာပြီးပြည့်စုံပြီးသိပ်ကိုထက်မြက်လွန်းတဲ့သူယောက်အဖြစ်ကျွန်မရဲ့နှလုံးသားထဲမှာအသိအမှတ်ပြုထားမိခဲ့တာ။

သူမကပန်းချီဆွဲတာ သိပ်တော်လွန်းတယ်။သူမကကျွန်မကို မကြာခဏပန်းချီဆွဲပြတတ်တာလေ။ကျွန်မကကျွန်မရဲ့‌ကောင်မလေးနဲ့သီချင်းတစ်ပုဒ်ကိုအတူတူနားထောင်ရင်း သူမပန်းချီဆွဲတာထိုင်ကြည့်ရတဲ့အခိုက်အတန့်ကိုသိပ်မက်မောတတ်တာ။

သူမကပန်းချီဆွဲရင်စိတ္တဇဆန်တဲ့ပုံတွေရွေးချယ်ပြီးဆွဲလေ့ရှိတယ်။တစ်ချို့တွေကပြောကြမယ်ထင်ပါရဲ့။အဲ့လိုပုံတွေဆွဲရင်ရူးနေတာပါဆိုပြီးလေ....။ကျွန်မကတော့အဲ့လိုမထင်ဘူး။ကျွန်မကိုယ်တိုင်ကအဲ့လိုစိတ္တဇဆန်ဆန်ရူးသွပ်တဲ့အနုပညာပါရမီမျိုးကိုသဘောကျတတ်တာ။သူမကိုအနုပညာနဲ့ပတ်သက်ရင်ပါရမီကောင်းလွန်းသူတစ်ယောက်လို့ကျွန်မယုံကြည်လက်ခံထားတာ။

သူမကကျွန်မကိုဂစ်တာတီးပြီးသီချင်းဆိုပြတတ်သလို စန္ဒယားကိုလည်းကျွန်မနှစ်သက်တတ်တဲ့သံစဉ်တွေတီးခတ်ပြရင်းကျွန်မကိုအဖော်ပြုပေးလေ့ရှိပြန်ပါရော။သူမစန္ဒယားတီးခတ်ပြတဲ့အချိန်တွေဆိုကျွန်မရဲ့နှလုံးသားလေးရပ်သွားမတတ်ရင်တွေခုန်ပြီးနားဆင်မိရတာ။

သူမကိုချစ်မြတ်နိုးမိတဲ့အချက်တွေထဲမှာသူမရဲ့အနုပညာအရည်အချင်းတွေလည်းပါဝင်တယ်။သူမရဲ့အနုပညာအပေါ်ခံစားချက်က မှော်ဆန်လွန်းတယ်လေ။

သူမကကျွန်မကိုအရမ်းကြင်နာပေးတဲ့သူပါ။သူပေးတဲ့ချစ်ခြင်းတွေကြောင့် အခုဆိုရင်နေ့ရက်တိုင်းမှာကျွန်မအရမ်းပျော်ရွှင်ရတယ်။အဲ့လိုဆိုတော့ကျွန်မတို့နှစ်ဦးသားရဲ့အချစ်ခရီးဖြောင့်ဖြူးသာယာခဲ့မယ်လို့အားလုံးက ထင်ကောင်းထင်နိုင်တယ်။အစပိုင်းမှာ ငိုကြွေးခဲ့ရတဲ့နေ့ရက်တွေအများကြီးရှိခဲ့တယ်။ဆက်ပြီးရင်မဆိုင်ချင်တော့လောက်အောင်နာကျင်ခံစားရတဲ့နေ့ရက်တွေက တစ်နှစ်နီးပါးပါပဲ။အဲ့ဒီနာကျင်စရာနေ့ရက်တွေကိုရင်ဆိုင်ဖြတ်ကျော်ခဲ့ရတဲ့အချိန်တွေက သိပ်ခက်ခဲလွန်းခဲ့တာ။

အခုတော့ ကျွန်မတို့နှစ်ဦးသားရဲ့ချစ်ခြင်းတွေကငြိမ်းချမ်းလှပနေခဲ့ပြီးပျော်ရွှင်စရာနေ့ရက်တွေပိုင်ဆိုင်နေခဲ့ပါပြီ။သူမပေးလာတဲ့ချစ်ခြင်းတွေအားလုံးအတွက်Honeyလို့ချစ်စနိုးခေါ်ရတဲ့ကျွန်မရဲ့အမျိုးသမီးလေးကိုကျေးဇူးတင်မိတယ်။ချစ်လည်းအရမ်းချစ်မိရတယ်။

ကျွန်မသိပ်ချစ်ရတဲ့အမျိုးသမီးလေးကိုပိုင်ဆိုင်ခွင့်ရတဲ့အတွက်စကြာဝဠာကြီးကိုကျေးဇူးအထပ်ထပ်တင်မိရင်း.......။

Avery Yint Han

To My GirlfriendWhere stories live. Discover now