အပိုင်း၂ အကြမ်းဖက်ဝတ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်

1.4K 182 0
                                    

Chapter 150

အချိန်အတန်ကြာသောအခါ နန်းတွင်းသူနှစ်ယောက်က တွဲပေးထားသည့် ဧကရီကျန်းက အပြင်ထွက်လာသည်။

အမတ်အားလုံးက မတ်တပ်ရပ်လိုက်ပြီး တစ်ယောက်ပြီးတစ်ယောက် သူမကို ဂါရဝပြုလိုက်ကြသည်။ ထို့နောက် အားလုံးက ခန်းမဆောင်ထဲမှ ဇာမဏီပလ္လင်တွင် သူမ ထိုင်ပြီးသည်အထိ စောင့်ဆိုင်းနေသည်။

" ဧကရီအရှင်မ..."

အခြားအမတ်များ တိတ်ဆိတ်နေချိန်တွင် ရှုရှန့်က ရှေ့သို့ထွက်လာပြီး ဧကရီကျန်းကို ဦးညွှတ် ဂါရဝပြုလိုက်သည်။

" အရှင်မင်းကြီး ဒီလိုအဖြစ်ဆိုးမျိုးနဲ့ ကြုံတွေ့လိုက်ရလို့ အမတ်ကြီးတွေအားလုံး ဝမ်းနည်းပက်လက်ဖြစ်နေရပါတယ်... ဒါပေမဲ့ ဝမ်းနည်းနေရုံနဲ့ တိုင်းရေးပြည်ရေးတွေကို မေ့ထားလို့ မရပါဘူး..  တကယ်လို့ ‌ဒီကိစ္စကြောင့် တာ့ယုံမှာ ကမောက်ကမဖြစ်လာခဲ့ရင် အရှင်မင်းကြီး နိုးလာတဲ့အချိန် ကျွန်တော်တို့အားလုံး ဝမ်းနည်းနေရပါလိမ့်မယ်..."

ဧကရီကျန်း၏မျက်လုံးများက နီရဲနေသည်။

" ရှုရှန့်ပြောတာ မှန်ပါတယ်..."

သူမလေသံက အသက်မပါသကဲ့သို့ဖြစ်နေသည်။

" အဲဒါကြောင့်မို့ အရွယ်ကောင်းရောက်နေတဲ့ မင်းသားတစ်ပါးကိုရွေးချယ်ပြီး အိမ်ရှေ့စံမင်းသားအဖြစ် ယာယီခန့်ထားလိုက်ပြီးတော့ အရှင်မင်းကြီးကိုယ်စား တိုင်းရေးပြည်ရေးတွေ စီမံခွင့်ပေးခိုင်းဖို့ ဧကရီ့ကို တောင်းဆိုတာပါ..."

ရှုရှန့်က ဦးညွတ်လိုက်သည်။

ဧကရီကျန်းက သူ့ကိုလှမ်းကြည့်လိုက်သည်။

" ကျွန်မလည်း အဲ့လိုစဉ်းစားထားပါတယ်... တခြားအမတ်ကြီးတွေရော ဘယ်လိုထင်မြင်ကြသလဲ သိချင်ပါသေးတယ်..."

ရှုရှန့်တစ်ယောက်တည်း၏အမြင်ကို မေး၍ မရကြောင်းကို သူမသိသည်။

ရှုရှန့်၏စိတ်ထဲမှ အတွေးများကို သူမက အားလုံးထက် ပိုသိသည်။ သို့ရာတွင် ညီလာခံထဲတွင် ရှုမိသားစုများသာ ရှိသည်မဟုတ်ပေ။ ရှုမိသားစု၏ အသက်သွေးကြောက ပြင်းထန်စွာထိခိုက်ထားသည်ဖြစ်၍ သူ့ကိုယှဉ်ပြီး ပြောဆိုနိုင်မည့်လူက သူမဖခင်တစ်ယောက်တည်းသာရှိသည်ကို သိသည်။

အပိုင်း၂ အကြမ်းဖက်ဝတ္ထုထဲကဇာတ်လိုက်မရဲ့အကိုကြီးဖြစ်လာတယ်Wo Geschichten leben. Entdecke jetzt