Final Chapter

298 4 0
                                    

ဝမ်ရိပေါ်ကအခန်းထဲမှာတစ်ယောက်တည်းပြိုလဲတယ်။ ပျက်သုဥ်းကျေမွသွားတဲ့အုတ်ချပ်လေးတွေလိုနှလုံးသားကိုပင်ပန်းတကြီးကောက်ဆက်နေရတယ်။ အမှောင်ချထားတဲ့အခန်းထဲမှာ တစ်ယောက်တည်းကမ္ဘာပျက်နေခဲ့ရတယ်။ အချစ်ဆိုတာအငိုပါဘဲ။ ဘဝဆိုတာရှောင်းကျန့်ဖြစ်တဲ့အထိချစ်ခဲ့မိပြန်တော့ သူ့မှာတိတ်တဆိတ်ယိုင်နဲ့ပြိုကျနေရတယ်။ အငိုလွယ်တော့အရှိုက်ခက်တယ်။ သိပ်ချစ်ခဲ့မိတဲ့ရိပေါ်ကတော့မေ့ဖို့၊စိတ်နာဖို့သိပ်ခက်ပါတယ်။

တယုတယထုတ်သိမ်းခဲ့တဲ့မှတ်ဉာဏ်အပိုင်းအစတွေကိုပြန်မြင်ယောင်တိုင်း အနာကပ်ပလာစတာလေးကသူ့ကိုလှောင်တယ်။ အပြာနုရောင်ဗလာစာအုပ်ကလေးရဲ့စာရွက်တွေကိုငေးငေးငိုင်ငိုင်ထိုင်လှန်ရင်း၊ အနာကပ်ပလာစတာလေးကိုနာနာကျင်ကျင်ဆုတ်ကိုင်ထားရင်း၊ 'အင်း'ဆိုတဲ့စာတစ်လုံးတည်းပါတဲ့စာရွက်ပိုင်းလေးကိုခပ်ယဲ့ယဲ့ပြုံးကြည့်နေရင်း တစ်စတစ်စရူးတယ်။ ရှောင်းကျန့်မို့လို့ဒီလိုကျောခိုင်းဖို့တွေးရက်တယ်။ ရှောင်းကျန့်မို့လို့ဒီလိုထားရက်ခဲ့တယ်။

ဒီဇင်ဘာကျောင်းပိတ်ရက်ကပြည့်သွားပြီ။ ပြိုလဲယိုင်နဲ့ဆဲရိပေါ်ကပေကျင်းကိုမပြန်တော့ လင်းဝေ့ကပါအသာတကြည်နဲ့မြို့ကလေးမှာဆက်နေတယ်။ ရိပေါ်ရဲ့ပြိုယိုင်လုအခြေအနေကိုသိတဲ့မားမားက ဘာမှမပြောဘဲအသာလွှတ်ထားပေးတယ်။ မကြားချင်ပေမယ့်တချို့စကားသံတွေကိုကြားနေရတယ်။ မကြာခင်လက်ထပ်တော့မယ့်ကျန့်ကောအကြောင်း၊ သတို့သမီးဖြစ်တဲ့လီဟွားကလက်ထပ်ပွဲမနက်မှာစောစောရောက်လာမယ့်အကြောင်း စတဲ့နာကျင်စရာစကားတွေကရိပေါ်ဆီကိုအလိုလိုတိုးဝင်လာတယ်။ အခန်းထဲကြိတ်ပြီးပြိုလဲနေတဲ့၊ ကျူးလစ်ပင်ပေါက်လေးတွေနားမှာခပ်တွေတွေငေးပြီးနာကျင်နေတတ်တဲ့၊ ဂစ်တာကလေးကိုပိုက်ပြီးရှိုက်ငိုနေတတ်တဲ့သူ့အကြောင်းကိုတော့ ဘယ်သူကမှတခုတ်တရပြောမနေကြဘူး။

သေလောက်အောင်ပြိုလဲနေတဲ့ရိပေါ်က အဲ့ဒီညမှာနွေးနွေးထွေးထွေးဝတ်မထားခဲ့တဲ့အဲ့ဒီလူကိုဆေးသောက်ဖြစ်ရဲ့လားဆိုတာကို အမှတ်မရှိတွေးပူတယ်။ ရိပေါ်ကအရူး။ တကယ့်ကိုချစ်လွန်းလို့ရူးတဲ့အရူး။ ဥပေက္ခာတရားထားနိုင်တဲ့ကျန့်ကောကိုမှရိပေါ်ကလျစ်လျူမရှုနိုင်ဘူး။ တကယ့်စိတ်ပျက်စရာဘဝ၊စိတ်ပျက်စရာနှလုံးသား။ စိတ်မနာနိုင်တဲ့ကိုယ့်ကိုယ်ကိုမုန်းတယ်။ စိတ်နာသင့်တဲ့အဲ့ဒီလူကိုတော့အမှတ်သည်းခြေမရှိချစ်နေတုန်း။

Came From Deepest SomewhereWhere stories live. Discover now