Chapter 9.5.3

13K 1.7K 59
                                    

"မင်း ဘယ်သွားတာလဲ?? ဘာဖြစ်လို့ ဒေါက်တာ့ကို ဗိုက်ဟောင်းလောင်းနဲ့ စောင့်ခိုင်းထားတာလဲ??" ကျောက်လင်ဖုန်းဟာ ပြန်လည်မွေးဖွားလာတာဖြစ်ပြီးတော့ ဒေါက်တာ့အပေါ်သစ္စာရှိတဲ့လူမှန်း လိန်ချွမ်းသိတယ်။ ဒါ့ကြောင့် ဒီလူဘေးနားမှာရှိနေတာကို ခဏလောက်တော့ သည်းခံမှဖြစ်မယ်။

"ဘယ်သူပြောမှန်းတော့မသိပေမယ့် သူများတွေပြောနေတာ ကြားတာ။ ဒေါက်တာ့ကို ဘယ်သူမှအစားအစာမပို့ပေးရဘူးဆိုလို့။ အဲ့တော့ ကျုပ်ဝေစုကိုသွားယူရုံပဲ တတ်နိုင်တယ်" ကျောက်လင်ဖုန်းဟာ ပြောနေရင်းနှာခေါင်းရှုံ့မိတယ်။ မနေ့က သူဘယ်သူမှန်းသိသွားကြတဲ့နောက် ဒီမြွေဟောက်လိုလူတွေအရှေ့မှာ ဘာမှဟန်ဆောင်နေစရာမလိုတော့ဘူး။ အနားပတ်ဝန်းကျင်မှာလဲ တခြားအဖွဲအစည်းတွေအများကြီးရှိနေတာ၊ ဒေါက်တာပိုင်က လိန်ချွမ်းနောက်ကို လိုက်ချင်လို့လိုက်လာခဲ့တာမဟုတ်ဘူးဆိုတာ သူတို့တွေမြင်အောင်ပြလိုက်ရုံပဲ။

ဒါဆိုရင် ဒေါက်တာ့ကိုကယ်ဖို့ အကူအညီတချို့ရနိုင်လောက်တယ်။

ကျောက်လင်ဖုန်းရဲ့စကားကိုကြားတာနဲ့ လိန်ချွမ်းမျက်နှာဟာ ချက်ချင်းမဲမှောင်သွားတယ်။ ကော်ကျစ်ရိန်ဟာ မျက်နှာကိုအုပ်ရင်း ညည်းညူလိုက်မိတယ်။ မနေ့တုန်းက ဒေါက်တာပိုင်ကို ကျိန်းသေပေါက်သေမှာပဲလို့ ထင်ခဲ့တဲ့အတွက် အစားအသောက်တွေ အလဟသမဖြစ်အောင် ဒေါက်တာပိုင်ကို အစားအသောက်တွေမပေးတော့ဖို့ သူ့လူတွေကိုညွှန်ကြားခဲ့မိတယ်။

"ဟေး!! တော်တော်အတင့်ရဲတဲ့ကောင်တွေ။ စစ်တပ်ရဲ့ရိက္ခာတွေကို ကိုယ့်သဘောနဲ့ကိုယ် စီမံရဲတယ်?? ဒီကောင်တွေ ငါနဲ့တွေ့တော့မယ်" ခေါင်းဆောင်ရဲ့ဒေါသတွေ သူ့အပေါ်ပုံကျမလာခင် ကော်ကျစ်ရိန်ဟာ မီးစတက်ထိုင်မိသလို တန်းနေအောင် ပြေးထွက်သွားတယ်။

"တောင်းပန်ပါတယ်။ အဖွဲ့က အခုမှစပြီး တည်ထောင်ခါစဆိုတော့ လိုအပ်တာတွေအများကြီးရှိသေးတယ်။ စိတ်ချပါ။ ဒီလိုကိစ္စတွေ နောက်တစ်ကြိမ်မဖြစ်စေရပါဘူး။ ဒေါက်တာ ခင်ဗျားက တိုင်းပြည်ရဲ့ အတော်ဆုံးသိပ္ပံပညာရှင်ပါ။ လူသားမျိုးနွယ်ရဲ့မျှော်လင့်ချက်တွေအားလုံး ခင်ဗျားလက်ထဲမှာရှိတယ်။ ကျွန်တော့်စိတ်ရင်းကိုပြဖို့ ဒေါက်တာ့ကိုကာကွယ်ပေးဖို့တောင် မလုံလောက်နိုင်သေးတာ၊ ဒေါက်တာ့ကိုထိခိုက်အောင် ဘယ်လိုလုပ်ပါ့မလဲ။ ကျေးဇူးပြုပြီး ကျွန်တော့်ကိုယုံပါ။ ကျေးဇူးပြုပြီး... ကျွန်တော့်ကို နောက်တစ်ကြိမ်ကြိုးစားခွင့်ပေးပါ" လိန်ချွမ်းဟာ ခါးသက်စွာပြောလိုက်တယ်။

အမှောင်ထဲက [Face of the Devil]Where stories live. Discover now