Part 6

7.3K 954 44
                                    

[Zawgyi]

" အိမ်အတွင်းပိုင်းက ဆေးပြန်သုတ်ထားတာလား လင်းသွေးမြတ် "

ဦးမြတ်ကျော်ခေါင်ရဲ့ အိပ်ခန်းတွင်းကို မဟာထူးမြတ်နဲ့ လင်းသွေးတို့ နှစ်ယောက်အတူတူဝင်လာကြပြီး လှည့်ပတ်ကြည့်နေတုန်း မဟာ့ဆီမှ ပထမဆုံးထွက်လာသည့် အမေးစကားပင်ဖြစ်သည်။

" ဟင် ... ဘာလို့လဲ "

" သင်္ဘောဆေးအနံ့ရလို့လေ ... နံရံတွေကိုကြည့် . ဆေးအသစ်သုတ်ထားသလိုပဲ "

" အင်း ဟုတ်မှာရယ် ... ကျွန်တော့်အခန်းလည်း သုတ်ထားတယ် ... အိပ်ခန်းလေးတွေ ပြန်ပြင်ထားတာဖြစ်မယ် "

" အော် "

မဟာက လင်းသွေးကို ထိုစကားတစ်ခွန်းသာပြန်ပြောပြီး ဦးမြတ်ကျော်ခေါင်၏ အခန်းကို ထပ်မံလှည့်ပတ်ကြည့်သည်။ အလုပ်ခန်းနဲ့ အိပ်ခန်းတွဲလျက်ထားသည့်တိုင် ပစ္စည်းအားလုံးက သူ့နေရာနဲ့သူ နေရာတကျနှင့် သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်ရှိလှသည်။

" ဖေကြီးက ဟိုးအရင်ကတည်းက စည်းစနစ်အရမ်းကျတာလေ ... သူ့ပစ္စည်းတွေဆို အမြဲ သပ်သပ်ရပ်ရပ်ဖြစ်နေအောင်ထားတာ "

" အော် "

တိုတိုတုတ်တုတ်နှင့် အော် တစ်လုံးသာ ထပ်ပြောပြီး မဟာက အခန်းထဲလှည့်ပတ်ကြည့်နေလက်စကို ဆက်ပြီးလိုက်ကြည့်သည်။ အရင်ဆုံး စာကြည့်စားပွဲဆီသို့သွားကာ ညီညီစီစီ စီထားသည့် စာအုပ်အထပ်တွေနှင့် စာရွက်စာတမ်းတချို့ကိုလည်း သေချာလှန်လှောကြည့်နေသေးသည်။ စားပွဲပေါ်က စာရွက်တွေကို သေချာကြည့်ပြီးသည်နှင့် မဟာက အနည်းငယ်ရှုပ်အောင်လုပ်မိသည်မလို့ နောက်မှသေချာပြန်စီသည်။ ပြန်စီနေရင်းနဲ့လည်း မဟာ့ရဲ့ ရှည်သွယ်သွယ်လက်ညှိုးလေးက ဘာစာအုပ်မှရှိမနေသည့် စားပွဲအလယ်ကို ဦးတည်သည်။

" ခင်ဗျားဘာတွေ ကြည့်နေတာလဲ "

မဟာ့နည်းတူ အိပ်ခန်းထဲကိုလှည့်ပတ်ကြည့်နေသည့် လင်းသွေးက မဟာရပ်နေသည့် စာကြည့်စားပွဲနားရောက်လာကာ မေးသည်။

စားပွဲခုံပေါ်ကို မဟာက လက်ညှိုးလေးနှင့် အသာပွတ်ဆွဲရင်း လက်ညှိုးကို မျက်လုံးနား သေချာကပ်ကြည့်သည်။ ပြီးသည်နှင့် ထိုလက်ညှိုးလေးကို လက်မနှင့်ပဲ ဖွဖွလေးပြန်ပွတ်ကာ လက်ကိုဘောင်းဘီအိပ်ကပ်ထဲ ပြန်ထည့်ထားလိုက်သည်။

Unconditionally [Completed]Where stories live. Discover now