[Zawgyi]
မဟာထူးမြတ် လက်ထဲက သားရေပတ် စာအုပ်လေးထဲမှာ ရေးမှတ်ထားသမျှကို အခေါက်ခေါက်အခါခါ ပြန်ဖတ်နေသည်။ ခေါင်းခဲစရာ လူပျောက်ဆုံးမှုက သော်ကမြိုင်စံအိမ်ဆီ မဟာထူးမြတ်ကို အကြိမ်ကြိမ် ခြေချစေဖို့ အကြောင်းဖန်သည်။ မျက်စိရှေ့မှာ ထိုင်နေသည့် လင်းသွေးမြတ်ကတော့ ပြုံးစေ့စေ့လုပ်ကာ မရယ်မပြုံး ခပ်တည်တည်မျက်နှာနဲ့ မဟာထူးမြတ်ကို စိုက်ကြည့်လို့ကောင်းတုန်း။ ဘေးနားက ခုံမှာထိုင်နေသည့် တပည့်ကျော်စိုးသိန်းကလဲ မဟာထူးမြတ်ကို ကြည့်လိုက် လင်းသွေးမြတ်ကို အကဲခတ်နေလိုက်နှင့် မအားလပ်နေ။
'ရဲသူက မင်းတို့အိမ်မှာ driver လုပ်နေတာ ကြာပြီလား'
'အာ . အဟမ်း ဟမ်း . အင်း ကြာပြီလို့ပဲ ပြောရမှာပေါ့ . ကျွန်တော် အလယ်တန်းလောက်ကတည်းက ကိုရဲသူက ဖေကြီးရဲ့ အလုပ်ကိစ္စတွေ မှန်သမျှ လိုက်ပြီး ကားမောင်းပို့နေရပြီ'
လင်းသွေးမှာ သိလက်လွတ်နဲ့ ငေးကောင်းနေတုန်း မဟာက ရှေ့ကနေ driver အကြောင်း မေးလာတာမလို့ အရှက်ပြေချောင်းဟန့်ရင်း ဖြေရသည်။ လင်းသွေးရဲ့ ပုံစံကို ကြည့်ကာ မဟာထူးမြတ်ကတော့ မြတ်မှောင်ကြုံ့ရင်း စိုက်ကြည့်ပြီး မေးတဲ့ အဖြေရကာမှ ခေါင်းတချက်ငြိမ့်သည်။
'အဟွန်းး'
မျက်စိရှေ့က ဆရာသမားဖြစ်သူနဲ့ ကောင်လေးကို ကြည့်ပြီး ရယ်ချင်စိတ်က ထိန်းမရတော့ပဲ အသံထွက်သွားတော့ လှည့်ကြည့်လာသော မဟာထူးမြတ်နဲ့ လင်းသွေးအကြည့်တွေကြောင့် စိုးသိန်းမှာ ပါးစပ်ပင် ပိတ်သွားရသည်။
'အင်း ရဲသူက ဒီအမှုမှာ သံသယ အရှိဆုံးလူပဲ . ပျောက်နေတာတောင် မင်းအဖေလိုပဲ လုံးဝစုံစမ်းလို့မရဘူး . ပုန်းနေတယ်ဆိုရင်တောင် အပုန်းကောင်းတယ် ပြောရမယ် . ပြီးတော့ ကား . 1990 မှာ ထုတ်ထားတဲ့ Ford အနက်ရောင်ကား အမျိုးအစားက အခုအချိန်မှာ ထုတ်စီးတဲ့သူ မရှိသလောက် ရှားနေပြီမလို့ ရှာချင်ရင်တောင် အလွယ်လေးပဲ . ဒါပေမယ့် အဲ့ကားကို စုံစမ်းတော့လဲ မတွေ့ဘူး . ကားကိုလဲ ဖွက်ထားတာ ဖြစ်ရမယ်'
'ကိုရဲသူက ဖေကြီးကို အန္တရာယ် တစ်ခုခုပေးပြီးလို့ အကုန်လက်စဖျောက်ထားတယ် ပြောတာလား'