18

2.6K 472 37
                                    

Unicode

လေပြည်တစ်ချက် ဝေ့ဝဲတိုက်ခတ်လာသည့်အခါ တစ်ချိန်က သူမြတ်နိုးဖူးသော ကိုယ်သင်းရနံ့လေးဟာ ခပ်သင်းသင်းပျံ့လွင့်လာတော့သည်။ ဤသည်မှာ ယခင်က နှစ်ဦးမရှိနိုင်ဟု ထယ်ယောင်း ထင်ခဲ့မိသော ရနံ့လေးပင်။

ကံကြမ္မာက သိပ်ကို ထူးဆန်းလွန်း၏။
သို့မှမဟုတ် သူတို့ နှလုံးသားတွေကပဲထူးဆန်းနေတာများလား။

ဆုတောင်းတို့ကတော့ မပြည့်ခဲ့ရိုးအမှန်ပါ။

"အကို"  "မီဆော..."


တစ်ပြိုင်နက်ထွက်လို့လာသည့် ခေါ်သံနှစ်ခုကြောင့် အနှီအမျိုးသမီးလေးရော ၊ ထယ်ယောင်းပါ နောက်သို့ ချက်ချင်း လှည့်ကြည့်လိုက်ကြသည်။

အိမ်ထဲမှ ထွက်လာဟန်ရှိသည့် လူသုံးယောက်က သူတို့နောက်တွင် ရပ်လျက်ရှိ၏။

နမ်ဂျွန်နှင့် အဘွား၊ ပြီးတော့ ဂျီမင်း။

"အသ်ိတွေများလား"

နမ်ဂျွန်၏ တည်ငြိမ်အေးဆေးသည့် အမေးစကားထဲ၌ စူးစမ်းလိုသည့် အရိပ်အယောင်တို့ ကပ်ပါလာသည်။ သည့်ထက်ပိုသည်က သူသည်လည်း တစ်စုံတစ်ခုအား ရိပ်မိနေသလိုပင်။

"ဂျွန် . . . ယောင်းက
မီဆောရဲ့ အရင်ခင်ပွန်းသည်"

ပွင့်ပွင့်လင်းလင်း ဖွင့်ပြောလိုက်သည့်ပုံမှာ ထိုအမျိုးသမီးလေးဟာ နမ်ဂျွန့်အား သူ့အတိတ်အကြောင်းများကို အတိုင်းအတာ တစ်ခုအထိ ပြောပြထားဟန်ရှိသည်။

ထိုအချိန် အဓိပ္ပာယ် တစ်မျိုးရိပ်သန်းသွားသည့် ဂျီမင်း၏ မျက်နှာလေးအား ထယ်ယောင်း အသေအချာတွေ့လိုက်ရသည်။ သူ့ စိတ်နှလုံးမှာလည်း နဂိုထက် နှစ်ဆ ပိုမွန်းကြပ်လာတော့၏။

ကလေးငယ်က သူ့အား တစ်ဖန်ပြန်လည် စိုက်ကြည့်လာသည့်အခါ ထယ်ယောင်း မနေနိုင်တော့စွာ မျက်နှာလွှဲလိုက်မိသည်။ သူ ထိုကောင်လေးနှင့် မည်သို့ရင်ဆိုင်ရမည်နည်း။ ထုံကျင်လာသော နှလုံးသားနှင့် ဗလာကျင်းလာသော စိတ်တို့ဟာ သူ့အား မောဟိုက် ပင်ပန်းလာစေတော့သည်။

PETRICHOR || VMINWhere stories live. Discover now