အပိုင်း-(၆၈)

62.7K 7.3K 1K
                                    

"မင်းဆက်...ခုမှနိုးတာလား...ကျောင်းသွားမယ်လေ...မြန်မြန်လုပ်..."

မင်းဆက်က ကုတင်ပေါ်မှာ စောင်ဗလုံးဗထွေးကြား ထိုင်၍ သုန်မှုန်စွာ ခေါင်းရမ်းပြသည်။

"ကျွန်တော် ဒီနေ့ကျောင်းမတက်ချင်တော့ဘူး...ခွင့်တင်ပေးပါအုံး...."

တိုးညှင်းညှင်းလေသံလေးက အားမပါစွာ။

ပြောမရသည့် သူ့ကို Senior အစ်ကိုများက လက်လျှော့၍ အသီသီထွက်ခွာသွားကြ၏။

မင်းဆက် ကိုကို့ကို မနေ့ညတစ်ညလုံး ဖုန်းဆက်နေခဲ့သည်။ စာတွေပို့သည်။

Message ၊ Viber ၊ Email ကစလို့ သူသုံးသမျှ ဆက်သွယ်လို့ရသည့် အရာများထိ ဆက်သွယ်သည်။ ခေါ်ထားသော ရာကျော် Call များကို ကြည့်ရင်း မျက်ရည်က ဝိုင်းလာပြန်၏။

"ကိုကို...ဘာလို့ဖုန်းမကိုင်တာလဲ...ကျွန်တော့်ကို စိတ်ဆိုးနေတာလား...ဘာမှလဲ ဆက်သွယ်လို့မရဘူး...ကျွန်တော် ဒီနေ့ကျောင်းမသွားဘူး...ကိုကိုစိတ်မဆိုးရဘူးနော်...ကျွန်တော့်ကို ပြန်ဆက်သွယ်ပါလို့...စိတ်ပူလို့ ရူးတော့မယ်..."

Voice message ချန်ထားရင်း အသံတွေက တုန်လာသည်။ ခန့်ဦးရှိန်နှင့်ပတ်သတ်လျှင် သူဟာ သိပ်စိတ်နုသည်။ ယောက်ျားရင့်မာကြီး တန်မဲ့လည်း မျက်ရည်ကျရသည်။

တစ်ညအဆက်အသွယ်မရသည်က အရင်ကလို တစ်မြို့တည်းဆို ပြသနာမရှိ။ ခုဟာက ရေခြားမြေခြားမှာ။ ရုတ်တရက်ကြီး အဆက်အသွယ်ပြတ်သွားတော့ ဘာလုပ်လို့လုပ်ရမှန်းမသိ ၊ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ရသည်။

မြည်လာသော Ringtone ကြောင့် ဖုန်းကိုင်ထားသော လက်က ဆတ်ခနဲတုန်သည်။ မျှော်လင့်တကြီး ကြည့်လိုက်သော်လည်း ထင်ထားသူမဟုတ်။

"ဟုတ်...ကိုလင်း..."

"မန္တလေး ပြန်လာခဲ့..."

တိကျပြတ်သားနေသော လေသံက အမိန့်တော့ မဆန်။

"ဗျာ..."

"ကျောင်းတစ်ပတ်လောက် ခွင့်တင်ပြီး မန္တလေး ပြန်လာခဲ့လို့...ခန့်ဦးရှိန်ကိစ္စ..."

မင်းဆက် တအံ့တသြဖြင့် မျက်မှောင်ကျုံ့မိသည်။ မန္တလေးပြန်ဖို့ထိ ခေါ်ရတဲ့ကိစ္စ။
ကိုကို့ကိစ္စ။ သူတွေဝေခြင်းမရှိဘဲ အိပ်ရာပေါ်မှ အမြန်ဆင်းကာ အဝတ်အစားများကို ထည့်တော့သည်။

Swamping with Intimacy(Season-1)Where stories live. Discover now