အပိုင်း-(၇၁)

73.4K 7.8K 544
                                    

မင်းဆက်သည် စိတ်ကျန်းမာရေး အားနည်းသော လူနာတစ်ယောက်ဖြစ်သော်လည်း  လူကောင်းတစ်ယောက်နီးပါး ကျန်းမာနေပြီဖြစ်သည်။ သို့ပေသည် သူ့ နှလုံးသားက စိမ့်ထွက်နေသော သွေးများကတော့ တိတ်သေးဟန်မတူ။

တစ်လကျော်မှ အပြင်ထွက်ရသောကြောင့်ဘုရား ရင်ပြင်ပေါ် ခြေချသော သူ့ခြေထောက်တို့က ကျင်ခနဲ ဖြစ်ရသည်။ ကိုကိုနဲ့ လျှောက်နေကျ ပတ်လမ်းများက ခုတော့ မီးကျီးခဲရဲရဲကို နင်းချေနေရသလို။

မင်းဆက် ထိန်းရမည်။ ပြိုလဲနေသော စိတ်များကို ထိန်းသိမ်းရမည်။ သူ့ချစ်သူဟာ သေသွားတာမဟုတ် ၊ ပျောက်သွားခြင်းသာ။ ရှိနေသော သူက တွေ့အောင် ရှာရမည်။

ဘုရားခန်းထဲ ရောက်တော့ သူပန်းကပ်သည်။ ဘုရားရှိခိုးသည်။ တရားထိုင်သည်။ လောင်မြိုက်နေသော အာရုံအစဉ်၏ အေးချမ်းဓာတ်ကို ရအောင် ရှာသည်။ ပျောက်ဆုံးသွားသော အသိဉာဏ်မဟုတ်သည့် ပျော်ရွှင်ခဲ့သည့် အမှတ်တရများကို အာရုံသွင်းသည်။
မတွေ့ရသည့် ခန့်ဦးရှိန်အစား ရင်ထဲစွဲနေသည့် ကိုကို့ အပြုံးများကို မှတ်သည်။ မျက်ရည်များအစား အနမ်းများကို အစားထိုးသည်။ ဆေးရုံအုပ်ကြီးအဖြစ် မြင်ချင်သည်ဟူသော ဆန္ဒကို ဖြည့်ဆည်းပေးမည်။

ကိုကိုဟာ သူ့အတွက် တစ်ယောက်တည်းရှိသလို ကိုကို့အတွက်လည်း သူဟာ အစားထိုးမရသူ။ ကိုကိုနဲ့ သူက ဖူးစာရှင်။

အသက်ရှင်နေသည့်ကာလပတ်လုံး ကိုကိုဟာ သူ့ကို စောင့်နေလိမ့်မည်။ သူနဲ့ပဲ ပေါင်းဖက်ရမည်။ ဒါဟာ ငြိမ်းအေးသော ကံကြမ္မာအစစ်ပဲ။

ပိတ်ထားသော မျက်လွှာကြားမှ မျက်ရည်ဉက လျှောဆင်းပြန်သည်။ မင်းဆက် ပါးပြင်ကို မသုတ်ခဲ့ပါ။ စီးဆင်းပါစေ။

နှလုံးသားမှ သွေးစိမ်းများကို မျက်ရည်အဖြစ် လွတ်မြောက်ခွင့် ပေးလိုက်မည်။

သေကွဲကွဲသည်မဟုတ် ၊ ခဏတာဝေးရခြင်းဖြစ်သည်။

ပေါင်ပေါ်တင်ထားသော လက်ဖဝါးနှစ်ဖက်က ခပ်တင်းတင်း ဆုပ်မိသွားသည်။ သူအရင်တစ်ခါ တရားထိုင်တုန်းကလို သူ့ကို ခိုးကြည့်နေမည့် ချစ်သူမရှိတော့ပါ ၊ သို့သော် ပြန်ရောက်လာမည်ဆိုတာ သူ့ရင်ထဲက ယုံကြည်သည်။

Swamping with Intimacy(Season-1)Where stories live. Discover now