အပိုင်း (၇၅)

622 73 0
                                    



"မင်း… လာထိုင်လေ… ဘာရပ်လုပ်နေတာလဲ…"

"ဟုတ်…"

အနီးရှိထိုင်ခုံဆီ ခပ်သွက်သွက်ဝင်ထိုင်လိုက်ပြီး ဟင်းပွဲတွေဆီကိုသာ တတ်နိုင်သမျှ စိုက်ကြည့်သည်။ ဟွာရှန့်က အသားဟင်းပွဲတစ်ချို့ကို သူမဘက်တွန်းပို့ကာ

"ဓါးစာခံအနေနဲ့ ဖမ်းခံရတော့…. ဘယ်လိုနေလဲ… ပျော်ဖို့ကောင်းရဲ့လား…"

"ဟမ်…."

မို့ရန် ဘာပြန်ပြောရမှန်းမသိဖြစ်သွားသည်။ ပြီးနောက် အသံကိုထိန်းပြီး

"ရန်… ရန်ရန့်ကို ကူညီပေးခဲ့ချင်ရုံပါ…. အဲဒီလိုဖြစ်သွားဖို့ မရည်ရွယ်ခဲ့ပါဘူး…"

"တံဆိပ်ပြားကို… မင်း ကောင်းကောင်းအသုံးပြုခဲ့တာပဲ မဟုတ်လား…"

အသင့်ယူလာသည့် တံဆိပ်ပြားကိုထုတ်ကာ ပြန်ပေးလိုက်သည်။

"အဲဒီနေ့က ကျန်ခဲ့တာတွေ့လို့… ယူသိမ်းထားမိတာပါ…"

ဟွာရှန့်က သူမပြန်ပေးသည့် တံဆိပ်ပြားကို တစ်ချက်မျှပင်မကြည့်သည့်အတွက် ဘေးနားတွင်သာ ချထားပေးလိုက်သည်။

"စားတော့…"

စားစရာအများစုမှာ အသားဟင်းတွေသာ။ တို့ဖူးဟင်းတစ်ပွဲက ကံကောင်းစွာပါလာသဖြင့် သူမထိုဟင်းကိုသာ ယူစားသည်။ စားသည်ဆိုသော်လည်း တို့ကနန်းဆိတ်ကနန်း။ မမြင်ရသော ဖိနှိပ်အားတို့က သူမကို ပိုပြီးနေရခက်စေသည်။ တိတ်ဆိတ်လွန်းလှသည့် ညစာစားပြီးချိန်တွင် စောစောအနားယူရန် ခွင့်တောင်းပြီး အဆောင်သို့ပြန်ခဲ့သည်။ တစ်နေကုန်အိပ်ထားသည့်အတွက် အိပ်မပျော်နိုင်ဘဲရှိကာ ကုတင်ထက် ဟိုလူးဒီလှိမ့်ရင်းနဲ့သာ အတွေးတို့ဖြန့်ကျက်နေမိသည်။ စစ်သူကြီးက မထင်မှတ်ထားသည့် စကားတို့ကိုသာဆိုပြီး သူမဒဏ်ရာရသွားသလား၊ ကွမ်းချီသူမကို ဘာများနှိပ်စက်သွားသလဲ၊ ဘယ်ကိုခေါ်သွားသလဲ စတာတွေကို တစ်ခွန်းမှ မမေးသွား။ ထေ့ငေါ့သလိုသာ မေးပြီး ဒီအတိုင်းပြီးသွားသည်။ သူ နောက်မှ ဖြည်းဖြည်းချင်းမေးမည့်ပုံပေါ်သည်။
မို့ရန်က ထိုသို့တွေးနေသော်လည်း တစ်ဖက်တွင် ဟွာရှန့်သည် အစီရင်ခံစာတစ်စောင်ကို ဖတ်နေရင်း ညစာစားချိန်ကို ပြန်မြင်ယောင်မိသည်။ ဖန်းယဲ့သည် ယခင်ကလို သွက်လက်ခြင်း မရှိတော့ဘဲ ကျောက်ရုပ်တစ်ရုပ်နှယ်။ သူနှင့်တွေ့ရမှာကို ကြောက်နေသည့်ပုံပေါ်သည်။ စကားကိုတောင် သိပ်မပြော။ သူရွဲ့ပြီးမေးတော့လည်း အနည်းငယ်သာပြန်ပြောသည်။ ယုတ်ယွဆုံး သူ့မျက်နှာကိုတောင် ယောင်လို့တောင်မကြည့်ချေ။ သူမကြိုက်သည့် ဟင်းလျာတို့ကို လက်လှမ်းမီအောင် ထားပေးထားသော်လည်း နည်းနည်းမှမထိဘဲ တို့ဖူးဟင်းဖြင့်သာ ညစာကို စားသွားသည်။ ခါတိုင်းလို သူ့အနားအချိန်အကြာကြီးနေနေသည့်သူက ယခုတော့ သူ့အနားနေရရင် ငရဲကျခံနေသည့်ပုံနှယ်။ စားပွဲကို လက်ဖြင့်ခေါက်ရင်း တစ်စုံတစ်ခုကို စဉ်းစားသွားမိကာ ပြုံးလိုက်မိပြီး အစီရင်ခံစာပုံတွေကြား ခေါင်းပြန်နစ်သွားတော့သည်။  
----------------------------------------------------

ကြင်ယာတော် "မို့ရန်"Where stories live. Discover now