အပိုင်း (၂၇)

5.5K 709 19
                                    



"ဟင်…."

အာမေဍိတ်အသံက နှုတ်ဖျားမှ တိုးညင်စွာ ထွက်သွားပေမယ့် သူမနားထဲ အလွန်ကျယ်လောင်စွာ ပြန်ကြားရသည်။
ဘယ်လိုမှ မဖြစ်နိုင်တာ… ဒါ တိုက်ဆိုင်မှုလား… ဒီလူက….!!!!

အိပ်မက်ထဲက ကိုယ်တော်ချောမျက်နှာကို မြင်တွေ့ရချိန်တွင် သူမတုန်လှုပ်သွားသည်။ ဘယ်လိုမှ မယုံနိုင်သော်ငြား သူမ ထိုသူကြောင့် အိပ်ရေးပျက်ပေါင်းများလှပြီး ဒုက္ခရောက်ခဲ့သည့် အချိန်များကို ပြန်တွေးမိတော့ ဒေါသက ထွက်လာသည်။

ငါ… ငါ သူ့ကို ကလဲ့စားပြန်ချေရမယ်… နေဦး… ငါ သူ့ကို နှိပ်စက်လိုက်ရမလား… ဒါမှမဟုတ်… သတ်လိုက်ရင်ရော…!!!

မျက်လုံးထဲ မြင်ရသည့် မျက်နှာချောချောကို သေချာအနီးကပ်ကြည့်သည်။

"ကောင်းလိုက်တဲ့ အသားအရေ…. ဘာနဲ့ ပေါင်းတင်ထားလဲမသိဘူး… ငါတို့ဆီက မင်းသားတွေတောင် သူ့လောက် ကြည့်မကောင်းဘူး… ဒီလောက်ချောတာကို ဘာလို့ မျက်နှာဖုံးနဲ့ ကွယ်ထားရတာလဲ… သူ့ကို ဝိုင်းကြိုက်မှာ စိုးလို့လား…. တခြားအကြောင်း ရှိမှာလား…."

လူစိမ်း၏ မျက်နှာကို လက်ညှိုး တတို့တို့လုပ်ပြီး ထိကြည့်ရာမှ အားမရသေး။ မို့ရန် ပါးနှစ်ဖက်ကိုပါ လိမ်ဆွဲသည်။ ထပ်ဖျစ်ညှစ်ကြည့်သည်။ ပါးနှစ်ဖက်တို့ နီရဲလာသည် အထိ။

"ခင်ဗျားဆီက ရရန်ရှိအကြွေးကို ဘယ်လိုယူရမလဲ… ဒီလိုဆိုရင်ရော…"

ဖြန်း….

အသားချင်း ထိသွားသည့် အသံခပ်အုပ်အုပ်ထွက်သွားပြီးနောက် နောက်ထပ်တစ်ချက် ထပ်ရိုက်ဖို့ လက်လွှဲသည်နှင့် တပြိုင်နက် အိပ်ရာထက်က လူစိမ်းမျက်လုံး ဖြတ်ကနဲ ပွင့်သွားလာသည်။ မဆိုင်းမတွပင် သူမ၏ အရှိန်ဖြင့်ဝင်လာသောလက်ကို ဖမ်းဆွဲခြင်းခံရကာ ကိုယ်တစ်ပိုင်းက လူစိမ်းပေါ်သို့ ပြုတ်ကျသွားသည်။ မို့ရန် သူမ၏မျက်နှာကို လူစိမ်းမျက်လုံး၏ သူငယ်အိမ်ထက်တွင် အရိပ်ပေါ်နေသည်ကို မြင်တွေ့နေရသည်အထိ နီးကပ်လွန်းလှသည့် အဖြစ်ကြောင့် ရှက်ရကောင်းမှန်း သိသင့်သည့်စိတ်က ပြေးဆောင့်သည်။

ဒီလူ အသားယူပြန်ပြီ…!!!!

"ခင်ဗျား သတိရလာပြီဆိုရင်လည်း လက်ကိုလွှတ်ပေးတော့…"

အသံကို တတ်နိုင်သမျှ တည်ငြိမ်အောင် ကြိုးစားပြောသည်။ ထိုတော့မှ လူစိမ်းက သူမလက်ကို လွှတ်ပေးပြီး

"ငါ… ဘယ်ရောက်နေလဲ…"

"ကျနော်တို့နေတဲ့ နေရာ…"

"ငါ ဘယ်လောက်ထိ သတိမေ့နေတာလဲ…."

"တစ်ရက်နီးပါးလောက်ပေါ့…."

"မင်း င့ါကို ကယ်ခဲ့တာလား…"

မျက်စောင်းခဲထားသည့် မျက်လုံးတစ်စုံက ဒိုင်းကနဲ ပြန်ကြည့်သည်။
ဒီလူ သူမမေ့ခင်တုန်းက ငါပဲ သူ့နားမှာ ရှိတာ မေ့သွားတာလား….!!!

"ဟောဒီက အရှင့်ကျွန် အရှင့်ကို ကြိုးနဲ့တုပ်ပြီး တရွတ်တိုက်ဆွဲခေါ်ခဲ့တာ မဟုတ်ရင်… စားပြီးနားမလည် ဟောဒီခင်ဗျားက အခုဆို အဖွားမုံ့ဆီ ရောက်နေလောက်ပြီ…"
 
ရင်ဘတ်ကို တဘုန်းဘုန်းပုတ်ပြပြီး ခပ်ရွဲ့ရွဲ့ပြန်ဖြေသောကြောင့် ဟွာရှန့် ရယ်ချင်စိတ်ကို ချိုးနှိမ်လိုက်ရသည်။

"ဒါဆိုလည်း မင်းကို ကျေးဇူးတင်ပါတယ်…"

"မလိုဘူး… ကျေးဇူးက စားလို့မရဘူး…"

"ငါ ဒီကျေးဇူးကို သေချာပေါက် ပြန်ဆပ်ပါ့မယ်…"

ပခုံးကိုသာ တွန့်ပြပြီး မို့ရန် ခုံတစ်လုံးကို ဆွဲယူကာ ခုတင်ဘေးနားထိုင်သည်။

"အခု ခင်ဗျား ဘယ်လိုခံစားရလဲ…"

"ငါ သက်သာပါတယ်…"

"ရော့…. ခင်ဗျား မျက်နှာဖုံး… သုံးကလေး ခဏနေရင် ဆေးလာပို့လိမ့်မယ်…"

ပြောချင်တာပြောပြီး ထထွက်သွားသည့် ကျောပြင်ကို ကြည့်ရင်း ဟွာရှန့် အမည်မသိခံစားမှု တစ်ခု ခံစားရသည်။
ဒီကောင်လေး… တဇွတ်ထိုးဘဲ… ဆတ်ဆတ်ထိမခံလေး…!!!

----------------------------

ကြင်ယာတော် "မို့ရန်"Where stories live. Discover now