Chapter 414

864 86 0
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် 28 CHAPTER (414) ရူးချင်စရာကောင်းသော အဆင့်တက်မှု

တိတ်ဆိတ်လို့သွားသည်။
ကြောက်မက်ဖွယ်ကောင်း‌သော မီးဘီလူးကောင်ကြီး ပေါက်ကွဲသွားပြီးနောက် ဂြိုဟ်တစ်ခုလုံး တိတ်ဆိတ်လို့သွားသည်။
ဂြိုဟ်ပေါ်မှ လူသားတိုင်း ကောင်းကင်အား ထိတ်လန့်တကြား မော့ကြည့်နေကြသည်။ သူတို့ သရဲသဘက်များအဖြစ် သတ်မှတ်ထားခဲ့ကြသော မီးကောင်သားရဲများ လုံးဝ ပျက်ဆီး သွားလေတော့သည်။
ထိုအဖြစ်ကို သူတို့ လက်ခံရန် ခက်ခဲလို့နေသည်။
ဂလု!
မီးဘုရင်သည် တံတွေးအား မနည်းမျိုချရင်း ရေရွတ်လိုက်မိသည်။
“ဆန်း … ဆန်းကြယ်ရေခဲ ခန္ဓာကိုယ်က အဲ့လောက်ကြောက်ဖို့ကောင်းတာလား”
မီးဘုရင်သည် လောင်ကျွမ်းနေသော ဂြိုဟ်တစ်ခုလုံး လျင်မြန်စွာ အေးမြလာသည်ကို အာရုံခံမိသည်။
ဂြိုဟ်၏ အပူချိန်သည် တစ်ဟုန်ထိုး ထိုးကျလာသည်။ ထို့ကြောင့် မီးဘုရင်နှင့် အခြားလူသားများ အားလုံး အားတက်လာကြ၏။
ထို့နောက် သူတို့အားလုံးသည် လေထဲမှ ပုဂ္ဂိုလ်ထံသို့ တလေးတစားနှင့် အရိုအသေပေး၍ ပြိုင်တူ ဟစ်ကြွေးလိုက်ကြသည်။
“ဆန်းကြယ်ရေခဲ နတ်ဘုရား”
လူသားတိုင်း ရူးသွပ်စွာ ဟစ်အော်နေကြသည်။ ယခုအချိန်၌ ယဲ့ဖန်သည် မီးဂြိုဟ်ပေါ်မှ လူသားတိုင်း၏ ကယ်တင်ရှင် ဖြစ်လာခဲ့ဟန် တူသည်။
သူသည် ဂြိုဟ်၏ အစစ်အမှန် နတ်ဘုရား ဖြစ်လာခဲ့သည်။ သို့သော် ထိုအစစ်အမှန် နတ်ဘုရားက ဂြိုဟ်ပေါ်၌ ရှိမနေတော့ပေ။
မီးကောင်သားရဲများကို သုတ်သင်ပြီးနောက် သူသည် လှစ်ခနဲ ပျောက်ကွယ်သွားခဲ့သည်။
“သူ ထွက်သွားပြီ။ ငါတို့ နတ်ဘုရားက ထွက်သွားပြီလား”
လူသား မီးဘုရင်သည် ရှင်းလင်းနေသော အလွန် ကျေးဇူးတင်၍ နားလည်သော မျက်လုံးများဖြင့် ကောင်းကင်အား မော့ကြည့်နေသည်။
“ငါ့နောက်လိုက်အပေါင်းတို့ ဆန်းကြယ်ရေခဲ နတ်ဘုရားက ငါတို့ကို ကူညီပေးခဲ့တယ်”
“ဒီနေ့ကစပြီး ငါတို့ဂြိုဟ်ကို ဆန်းကြယ်ရေခဲဂြိုဟ်လို့ ခေါ်တွင်မယ်။ ငါတို့ ဆန်းကြယ်ရေခဲ နတ်ဘုရားရဲ့ ရုပ်တုကို ဖန်တီးပြီးတော့ နေ့ရောညပါ ပူဇော်ကြမယ်”
မီးဘုရင်သည် ဂြိုဟ်ပေါ်ရှိ လူသားတိုင်း၏ သဘောထားနှင့် ထပ်တူကျစွာ ပြောဆိုလိုက်သည်။ ထို့ကြောင့် လူသားတိုင်း တက်ကြွလာကြသည်။
သို့သော် ယဲ့ဖန်က သူတို့၏ ဆန္ဒများကို လျစ်လျူရှုထားသည်။
….
စကြဝဠာထဲ ရွက်လွှင့်နေရင်း ယဲ့ဖန်သည် သူ့လက်ဖဝါးကို ကြည့်နေမိသည်။ သူ့လက်ဖဝါးကို ဆီးနှင်းခဲ ခပ်ပါးပါးလေးများက ဖုံးအုပ်ထားသည်။ ထိတ်လန့်ဖွယ်ကောင်းသော ရေခဲချီဓာတ်ကြောင့် သူ တုန်လှုပ်နေဆဲပင်။
“ဒါ ဆန်းကြယ်ရေခဲရဲ့ အင်အားလား”
ယဲ့ဖန် ပြုံး၍ ရေရွတ်မိသည်။ သူ အန်းရှီကို ကယ်ခဲ့စဉ်အခါက သူ၏ နှလုံးသား အစိတ်အပိုင်းအား သူ တစ်ခါ အသုံးပြုခဲ့ဖူးသည်။
ထို့နောက်တွင် ဆန်းကြယ်ရေခဲ၏ ရင်းမြစ်က သူ့နှလုံးသားထဲရှိ လစ်ဟာသွားသော နေရာ၌ ဝင်ရောက်လာခဲ့သည်။
ယဲ့ဖန်သည် ပြိုင်ဘက်ကင်း ဆန်းကြယ်ရေခဲ ခန္ဓာကိုယ်၏ ရင်းမြစ်အား သူ အဆင့်တက်ရန်အတွက် အထောက်အကူ အဖြစ် အသုံးပြုရန် သူ မစီစဉ်ထားခဲ့ပေ။ သို့သော် ယခုအခါတွင် သူ အမှန်တကယ် လိုအပ်နေ၍သာ အသုံးပြုခဲ့ရခြင်း ဖြစ်သည်။
“နောက်တစ်ဆင့်က ထိပ်တန်း အဆိပ်ခန္ဓာကိုယ်ရဲ့ ရင်းမြစ်ပဲ”
ယဲ့ဖန် တီးတိုးရေရွတ်လိုက်သည်။ ထို့နောက်တွင် သူ့မျက်လုံးများ အနည်းငယ် တောက်ပလာကာ ကျယ်ပြောသော စကြဝဠာတွင်း၌ သူ ပျောက်ကွယ်သွားခဲ့သည်။
….
မကောင်းဆိုးဝါးဂြိုဟ်။
ထိုဂြိုဟ်သည် ဆာရိုဂြိုဟ်နယ်မြေတွင်းရှိ အလွန်တရာ ထူးဆန်းသော ဂြိုဟ်တစ်ခု ဖြစ်သည်။
ထိုဂြိုဟ်တွင် လူသားများသည် အခြားသက်ရှိများ၏ အစာဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုလျင် သတ္တဝါများက ဤဂြိုဟ်ကို ကြီးစိုးနေကြခြင်း ဖြစ်လေသည်။
မြက်ပင်များ၊ သစ်ပင်များ၊ ငါးများနှင့် သားရဲများအားလုံးသည် ကြောက်မက်ဖွယ်ကောင်းသော မကောင်းဆိုးဝါးများအဖြစ် ပြောင်းလဲ ဖြစ်ပေါ်နေကြသည်။
ထိုမကောင်းဆိုးဝါးများက လူသားများကို အချိန်တိုင်း အမဲလိုက်လျက် ရှိ၏။ လူသားများ တစ်သုတ်ပြီး တစ်သုတ် သုတ်သင်ခံလိုက်ရသည်။
မိသားစုများ တစ်ယောက်ပြီးတစ်ယောက် ဆုံးရှုံးခဲ့ကြရသည်။
၎င်းသည် လူသားအားလုံး၏ ငရဲပင်။ သို့သော် ယနေ့သည် လူသားများတွင် အလွန် ကြီးမြတ်သော နေ့တစ်နေ့ ဖြစ်လာသည်။
ဧရာမ ကမ္ဘာခြား စစ်သင်္ဘောတစ်စင်းက မကောင်းဆိုးဝါးဂြိုဟ်ပေါ်သို့ ဆင်းသက်လာသည်။
စစ်သင်္ဘောထဲမှ အနက်ရောင် ဝတ်စုံနှင့် လူငယ်လေး ထွက်လာသည်။ သူသည် အလွန် နတ်ဆိုးဆန်၍ ထူးဆန်းလှသည်။
သူ စစ်သင်္ဘောထဲမှ ထွက်လိုက်သည်နှင့် အတောင်ပံပါသော မှော်သားရဲများစွာတို့က ကောင်းကင်ထက်မှနေ၍ သူ့ထံ တစ်ဟုန်ထိုး ပျံသန်းဝင်ရောက်လာသည်ကို သူ မြင်လိုက်ရသည်။
ဧရာမ သစ်ပင် မကောင်းဆိုးဝါးများက သူတို့၏ ဆိုးယုတ်၍ ရက်စက်လှသော အမြစ်များအား လူငယ်လေးထံသို့ ဖိနှိပ်နိုင်သော အမူအရာဖြင့် ဖြန့်ကျက်လာသည်။
လေတိုးသံများနှင့်အတူ ကောင်းကင်၌ ကြမ်းကြုတ်သော ချီဓာတ်များဖြင့် ပြည့်နှက်လာကာ ထိုလူသား လူငယ်လေးအား အရသာရှိသော စားသောက်ဖွယ်အဖြစ် မှတ်ယူနေကြသည်။
မကောင်းဆိုးဝါးများဂြိုဟ်ပေါ်မှ လူသားတိုင်း ထိတ်လန့်သွားကြသည်။ သူတို့သည် ယဲ့ဖန် အသတ်ခံရတော့မည်ကို ကြိုမြင်နေသကဲ့သို့ ယဲ့ဖန်အတွက် အလွန် သနားနေကြသည်။
ထိုစဉ် ထူးဆန်းသည့် အနက်ရောင်ချီဓာတ်များက ယဲ့ဖန်၏ ခန္ဓာကိုယ်ပတ်လည်မှ ထွက်ပေါ်လာသည်။ ထိုအနက်ရောင်ချီဓာတ်သည် မိစ္ဆာဆန်၍ ဆိုးယုတ်လှပေ၏။
ယဲ့ဖန်သည် ရွှင်းအာ၏ မွေးရာပါအမှတ်အား ကုသပေးခဲ့စဉ်က အနက်ရောင် အဆိပ်ကို ပုလင်းငယ်လေးဖြင့် စုဆောင်းခဲ့သည်။
ထို့နောက် ယဲ့ဖန်သည် ထိုအနက်ရောင် အဆိပ်အား ပြန်လည်သန့်စင်၍ ထိပ်တန်း အဆိပ်ဓာတ်ငွေ့အဖြစ် ဖန်တီးခဲ့သည်။
“သွားသေလိုက်တော့”
ယဲ့ဖန်၏ မျက်လုံးများက ခက်ထန်လာကာ လက်ဖဝါးကို လှုပ်ယမ်း၍ မကောင်းဆိုးဝါးများထံသို့ လျှပ်စီးကဲ့သို့ အရှိန်ဖြင့် ပြေးဝင်သွားသည်။
ရွှစ်! ရွှစ်! ရွှစ်!
ထိုသို့သော အချိန်၌ ဂြိုဟ်ပေါ်မှ လူသားများသည် စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။ သူတို့ ကြည့်နေစဉ်မှာပင် ယဲ့ဖန်သည် သေမင်းနယ်မြေထဲသို့ ဝင်ရောက်လာသည်။
အတောင်ပံပါသော သားရဲများက ထိုနယ်မြေထဲသို့ ချဉ်းကပ်လာကြပြီးနောက်တွင် တုန်ယင်ကာ ချက်ချင်း သေဆုံးသွားပြီး မြေကြီးပေါ်သို့ ပြုတ်ကျလာသည်။
သစ်ပင် မကောင်းဆိုးဝါးများ၏ အမြစ်များသည် ထိုနယ်မြေထဲသို့ ရောက်လာသည်နှင့် ဆွေးမြည့်ကာ ပျက်စီး၍ ရွှံ့စေးများအဖြစ် ပြောင်းလဲသွားပြီး မြေဆီလွှာအတွင်း၌ ပျောက်ကွယ်သွားသည်။
ချက်ချင်းဆိုသလိုပင် မကောင်းဆိုးဝါးဂြိုဟ်ပေါ်မှ လူတိုင်းနှင့် အရာအားလုံး မှင်တက်သွားကြသည်။
အနက်ရောင်ချီဓာတ်များက သေခြင်းတရားအား ကိုယ်စားပြုနေပုံပေါ်သည်။ ၎င်းဖြတ်သွားသည့် နေရာတိုင်း၌ သတ္တဝါများအား ရွှံ့စေးများအဖြစ် အသွင်ပြောင်းလဲပစ်သည်။
“သေလိုက်ကြတော့”
ယဲ့ဖန်သည် သေမင်းနတ်ဘုရားကဲ့သို့ လေထဲ ပျံသန်းရင်း ထိပ်တန်း အဆိပ်ချီငွေ့အား ဆက်တိုက် ထုတ်လွှတ်နေ၏။
ထို့ကြောင့် သစ်ပင် မကောင်းဆိုးဝါးများသည် ရွှံ့စေးများအဖြစ် ပြောင်းလဲသွားပြီး ကျန်မကောင်းဆိုးဝါးများ သုတ်သင်ခံလိုက်ရသည်။
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးပါတကား။
ကြောက်မက်ဖွယ်ကောင်းလှသည်။
ဂြိုဟ်ပေါ်မှ လူသားတိုင်း တိုက်ပွဲအား စိတ်လှုပ်ရှားကာ ကြောက်လန့်တကြား ကြည့်နေကြသည်။
ဂြိုဟ်မှ လူသားဂြိုဟ်ခေါင်းဆောင်သည် ယဲ့ဖန်အား သရဲတစ္ဆေကို ကြည့်နေသကဲ့သို့ တအံ့တဩ ကြည့်နေသည်။
“ထိပ်တန်း အဆိပ်ခန္ဓာကိုယ်။ ဝိုး၊ အဲ့ဒါ စကြဝဠာထဲက ထိပ်တန်း ပြိုင်ဘက်ကင်း ခန္ဓာကိုယ် ဆယ်ခုထဲက တစ်ခုဖြစ်တဲ့ ထိပ်တန်း အဆိပ်ခန္ဓာကိုယ်ပဲ”
မကောင်းဆိုးဝါးဂြိုဟ်၏ ဂြိုဟ်ခေါင်းဆောင်သည် ထိတ်လန့်ကာ တက်ကြွလို့နေသည်။
လူသားတိုင်းသည် ဂြိုဟ်ပေါ်မှ တိုးပွားလာသည့် မကောင်းဆိုးဝါးများ၏ အကျပ်ကိုင်မှုကို အမြဲ ရင်ဆိုင်ခဲ့ရသည်။ သူတို့သည် ကျွန်ပြုခံရပြီး အမဲလိုက်ခံရသည်။
သို့သော် ယခုအခါတွင် သူတို့၏ ကယ်တင်ရှင် ရောက်ရှိလာလေပြီ။
ချက်ချင်းဆိုသလိုပင် ဂြိုဟ်တစ်ဝိုက်မှ လူသားများက ယဲ့ဖန်အား ဦးညွှတ်၍ အရိုအသေပေးကြသည်။
“မကောင်းဆိုးဝါးအားလုံးကို သတ်ပစ်။ လူသားတွေ ပေါ်ထွန်းလာတော့မယ်”
“ထိပ်တန်းအဆိပ်ခန္ဓာကိုယ် အသက်ရှည်ပါစေ”
လူသားအားလုံး တက်ကြွလာကြသည်။ ကြောက်စရာကောင်းသော မကောင်းဆိုးဝါးများ တစ်ကောင်ပြီး တစ်ကောင် သုတ်သင်ခံရသည်ကို ကြည့်ပြီး အလွန် ပျော်ရွှင်လာကြသည်။
နောက်ဆုံးတွင် အသန်မာဆုံး မှော်ဝင်သားရဲ အသေဆိုးနှင့် သေဆုံးသွားရပြီးနောက် ဂြိုဟ်တစ်ခုလုံး၌ မည်သည့် မကောင်းဆိုးဝါးမျှ အသက်ရှင်ကျန်ရစ်ခဲ့ခြင်း မရှိတော့ချေ။
မကောင်းဆိုးဝါးများ သုတ်သင်ခံလိုက်ရလေပြီ။ လူသားများ ဂြိုဟ်ကို စိုးမိုးနိုင်တော့မည်။
ယဲ့ဖန် ထွက်သွားပြီးနောက် မကောင်းဆိုးဝါးဂြိုဟ်အား ထိပ်တန်း အဆိပ်ခန္ဓာကိုယ်ဂြိုဟ်ဟု အမည်ပြောင်းလဲခဲ့သည်။
ထို့အပြင် ဂြိုဟ်ပေါ်တွင် ဧရာမ ရုပ်တုကြီးတစ်ခု တည်ဆောက်ခဲ့ကြပြီး ထိပ်ဆန်း အဆိပ်နတ်ဘုရားဟု ခေါ်ဆိုခဲ့ကြသည်။

ယဲ့ဖန်သည် လူသတ်စက်ကဲ့သို့ သတ်ဖြတ်ရင်း ကျင့်စဉ် ကျင့်ကြံခဲ့သည်။ သူသည် ဂြိုဟ်များစွာတို့ကို ဖြတ်ကျော်၍ ခရီးဆန့်ခဲ့၏။
သူ၏ ဆန်းကြယ်ရေခဲရင်းမြစ်က ပိုပို၍ အင်အားကြီးလာသည်။ သူ၏ ထိပ်တန်းအဆိပ်ချီဓာတ်က သူ၏ ခန္ဓာကိုယ်တွင်း၌ နေထိုင်လာသည်။
သူသည် သူ၏ ထိပ်တန်းအဆိပ် ရင်းမြစ်အား ဆွဲထုတ်၍ ပြန်လည်သန့်စင်ကာ သူ၏ နှလုံးသားနှင့် ပေါင်းစပ်လိုက်သည်။
ယခုအချိန်တွင် ယဲ့ဖန်၏ နှလုံးသား၌ အရင်းအမြစ်နှစ်ခုဖြစ်သည့် ဆန်းကြယ်ရေခဲ ရင်းမြစ်နှင့် ထိပ်တန်းအဆိပ်ရင်းမြစ်တို့ ပါဝင်နေခဲ့သည်။
တစ်နေ့တွင်။
ဝုန်း!
ယဲ့ဖန်သည် ထိတ်လန့်ဖွယ်ကောင်းသော ချီဓာတ်ကို ထုတ်ဖော်ရင်း နတ်ဘုရား တပည့် အထွတ်အထိပ်အဆင့်သို့ အဆင့်တက်သွားခဲ့သည်။
ထို့နောက်တွင် သူသည် နတ်ဘုရား ဆရာသခင် တစ်ပိုင်းအဆင့်အား တိုက်ရိုက်ဖြတ်ကျော်၍ နတ်ဘုရား ဆရာသခင် စဦးအဆင့်သို့ တန်း၍ အဆင့်တက်သွားလေသည်။
ထို့အပြင် သူသည် သူ၏ နတ်ဆိုးသတ်ဖြတ်ခြင်း ဒုတိယအဆင့်အား ချိုးဖောက်နိုင်ခဲ့ပြီး တတိယအဆင့်သို့ ဝင်ရောက်သွားနိုင်ခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းလှ၏။
ယခုလိုအချိန်၌ ယဲ့ဖန်သည် အလွန် သွေးပျက်ဖွယ်ကောင်းသော အင်အားစုတစ်ခုအဖြစ် ပြောင်းလဲနေခဲ့သည်။
ယခင်က သူသည် သူ့ထက် သိုင်းအဆင့် ဆယ့်သုံးဆင့် မြင့်သောသူကိုသာ အနိုင်ယူနိုင်ခဲ့သည်။ ယခုအခါတွင်တော့ သူသည် သူ့ထက် သိုင်းအဆင့် ဆယ့်လေးဆင့်မြင့်သော ရန်သူများကို အနိုင်ယူနိုင်ပြီဟု ယုံကြည်ချက် ရှိလာသည်။
ထို့ပြင် သူသည် ဆာရိုဂြိုဟ်နယ်မြေတွင်းရှိ ဂြိုဟ်များစွာတို့တွင် တစ်ကိုယ်တည်း ကျင့်ကြံရင်း အမည်နာမ အသစ်များ ဆက်၍ ရရှိခဲ့သည်။
ဆန်းကြယ်ရေခဲ နတ်ဘုရား။
ထိပ်တန်းအဆိပ် နတ်ဘုရား။
ပြိုင်ဘက်ကင်း ခန္ဓာကိုယ် နတ်ဘုရား။
အမှောင်နတ်ဘုရား။
သူ ခရီးဆန့်ခဲ့သည့် ဂြိုဟ်တိုင်း၌ ရုပ်တုများစွာ တည်ဆောက်လာခဲ့ကြသည်။ ရုပ်တုတစ်ခုချင်းစီသည် ယဲ့ဖန်၏ ရုပ်တုသာ ဖြစ်သည်။

ငရဲမှလာသောသူ (Chapter 401 to 600)Where stories live. Discover now