Chapter 415

860 81 0
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် 28 CHAPTER (415) ပြဿနာ

နဂါးငွေ့တန်းအင်ပါယာ၏ တော်ဝင်နန်းတော်တွင်း၌ ခရမ်းရောင် ရွှေသရဖူကို ဆောင်းထားသော လူတစ်ယောက်သည် တော်ဝင်ပုလ္လင်၌ ငြိမ်သက်စွာ ထိုင်လျက် ရှိသည်။
တော်ဝင်ပုလ္လင်သည် မှော်ဝင်နဂါး၏ အရိုးစုဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ကြောက်မက်ဖွယ် ကောင်းလှသော နဂါးဦးခေါင်းသည် အလွန် ခံ့ညားထည်ဝါလှပေ၏။
ထိုသူသည် ဧကရာဇ်ကဲ့သို့ အခြားသတ္တဝါအားလုံးအား အပေါ်စီးမှ ကြည့်လျက်ရှိသည်။
သူသည် နဂါးငွေ့တန်းအင်ပါယာ၏ လက်ရှိ ဧကရာဇ်ဖြစ်သူ ပီခမ်းပင်။ ထိုစဉ် ခြေသံနှင့်အတူ တော်ဝင်အစောင့်တစ်ယောက် ခန်းမအတွင်းသို့ ဝင်လာသည်။
ထိုသူသည် ဧကရာဇ်နှင့် မျက်နှာချင်းဆိုင်မိသည်နှင့် ချက်ချင်း ဒူးထောက်ကာ သတင်းပို့လေသည်။
“အရှင်မင်းမြတ် ကျွန်တော် အခုလေးတင် ဆာရိုဂြိုဟ်နယ်မြေကနေ သတင်းတစ်ခု ရလာပါတယ်”
“လျှောက်တင်စမ်း”
ပီခမ်းက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။ သူ့စကားအဆုံးတွင် တော်ဝင်အစောင့်သည် တစ်ချက်မျှ တုန်ယင်သွားပြီး လျှောက်တင်လာသည်။
“ကျွန်တော်တို့ ဆာရိုဂြိုဟ်နယ်မြေကို စေလွှတ်လိုက်တဲ့ အထောက်တော်တွေရဲ့ သတင်းအရ သိုင်းပညာရှင် တော်တော်များများက ဆာရိုဂြိုဟ်နယ်မြေမှာ လာရောက်စုစည်းနေကြပါတယ်။ သူတို့က မြင်းတွေကို အစာကျွေးနေကြပြီးတော့ ဖြစ်လာတော့မယ့် စစ်ပွဲအတွက် လက်နက်တွေ သွေးနေကြတယ်လို့ သတင်းရပါတယ်”
*ဟမ်*
သူ့စကားကြောင့် ပီခမ်း၏ မျက်လုံးမှ အေးစက်စက် အလင်းများ ရိပ်ခနဲ ဖြတ်ပြေးသွားသည်။ ထို့နောက် သူက ဒေါသတကြီး မေးလိုက်၏။
“ငါ့ညီ ပီယားနဲ့ ဧကရာဇ် အကြီးအကဲတို့ကရော ဘယ်မှာလဲ။ သူတို့ ဘယ်ရောက်နေလဲ”
“ပြောစမ်း”
သူ၏ ပြင်းထန်သော အသံကို ကြားပြီး တော်ဝင်အစောင့် တုန်ယင်သွားကာ နဖူးမှ ချွေးများ တဒီးဒီး စီးကျလာသည်။
“အရှင်မင်းမြတ် အထောက်တော်တွေရဲ့ သတင်းအရဆိုရင် ဧကရာဇ် အကြီးအကဲက ဂရေးကလန်ရဲ့ အိမ်တော်ထဲမှာ တံခါးမရှိ ဓားမရှိ သွားလာနေတယ်လို့ သိရပါတယ်။ သူက ဆာရိုဂြိုဟ်နယ်မြေနဲ့ ပူးပေါင်းသွားပါပြီ”
“ကိုးယောက်မြောက် တော်ဝင်သခင် ပီယားက .... သေသွားပါပြီ”
ပြောပြီးသည်နှင့် တော်ဝင်အစောင့်၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်လာကာ ကြမ်းပြင်ပေါ် လေးဘက်ထောက်လိုက်ပြီး တစ်ကိုယ်လုံး တုန်ယင်လာသည်။
သူပြောတာကို နားထောင်ပြီးသည်နှင့် ပီခမ်း၏ မျက်လုံးများက နီရဲလာကာ ကြိမ်းဝါးလာသည်။
“ကောင်းတယ်၊ ဂရေးထူ သေနေ့စေ့ပြီပဲ။ ဧကရာဇ် အကြီးအကဲလည်း အဲ့အတိုင်းပဲ”
“မင်းက ငါ့ကို သစ္စာဖောက်ရဲမှတော့ မင်း သေသင့်တယ်”
ပီခမ်းသည် အလွန် ဖိနှိပ်နိုင်သည့် ပြင်းထန်သော ချီဓာတ်ကို ထုတ်လွှတ်လာသည်။ ထိုသို့သော အချိန်၌ တော်ဝင်အစောင့်က ကြောက်လန့်တကြား ပြောလာသည်။
“အရှင်မင်းမြတ် ဧကရာဇ် အကြီးအကဲရဲ့ သစ္စာဖောက်မှုနဲ့ ကိုးယောက်မြောက် တော်ဝင်သခင်ရဲ့ သေဆုံးမှုက အတော်လေး အရေးကြီးပါတယ်။ ကျွန်တော်မျိုးတို့ ဘုရင်မကို သတင်းပို့ဖို့ လိုအပ်ပါသလား”
*ဟမ်*
အစောင့်၏ စကားကြောင့် ပီခမ်း၏ မျက်လုံးများ ပြင်းထန်သော ချီဓာတ်များ အနည်းငယ် ထွက်ပေါ်လာသည်။ သို့သော် သူက နွေးထွေးစွာ ပြုံး၍ ပြန်ပြောလိုက်သည်။
“ကောင်းပြီ၊ ဘုရင်မကို သတင်းပို့လိုက်”
“အမိန့်တော်အတိုင်းပါ အရှင်မင်းမြတ်”
တော်ဝင်အစောင့်က ချက်ချင်း မတ်တပ်ရပ်၍ အပြင်သို့ ပြန်ထွက်ရန် ပြင်လိုက်သည်။ ထိုစဉ် ပီခမ်းသည် သူ၏ လက်ဖဝါးမှ အဖြူရောင် အလင်းတန်းကို ထုတ်ဖော်၍ တော်ဝင်အစောင့်အား ပြင်းထန်သော အဖျက်စွမ်းအင်ဖြင့် ထက်ပိုင်းပိုင်းလိုက်သည်။
ဝှစ်!
တော်ဝင်အစောင့်သည် ချက်ချင်း အပိုင်းပိုင်း ဖြစ်သွားပြီး အော်တောင်မအော်လိုက်နိုင်ပေ။ သူ၏ ပြာမှုန့်အချို့က လေထဲ လွင့်ပါလာသည်။
နတ်ဘုရား အရှင်သခင်အဆင့်တစ်ယောက် လောကထဲမှ ချက်ချင်း ပျောက်ကွယ်သွားသည်။ ထိုအခါမှသာ ပီခမ်း၏ မျက်နှာက ပုံမှန်ပြန်ဖြစ်လာသည်။
ထို့နောက် သူသည် သူ့ဘေးမှ မှောင်ရိပ်ကျသော ထောင့်တစ်ခုအား လှမ်းကြည့်၍ ပြောလိုက်သည်။
“မင်းရဲ့ အကြံကောင်းလေးကို ကြည့်စမ်းပါဦး”
သူ့စကားအဆုံးတွင် မှောင်ရိပ်ထဲမှ အနက်ရောင်ဝတ်ရုံနှင့် လူတစ်ယောက် ထွက်လာသည်။ သူသည် ဆိုးယုတ်သော ချီဓာတ်များကို ထုတ်လွှတ်လျက် ရှိသည်။
အနက်ရောင်ဝတ်ရုံနှင့် ဖုံးကွယ်နေသဖြင့် သူ၏ မျက်နှာက မသဲကွဲချေ။ သူသည် လက်တစ်ဖက်နှင့် ခြေထောက်တစ်ဖက်ကိုသာ ထုတ်ဖော်ထားသည်။
“အရှင်မင်းမြတ် စိတ်အပင်ပန်းမခံပါနဲ့”
ထောင့်ထဲမှ ထွက်လာပြီးနောက် အနက်ရောင်ဝတ်ရုံနှင့် လူသည် ဧကရာဇ်အား ရှင်းပြလာသည်။
“ဒါ တိုက်ဆိုင်ရုံလေးပါ။ ဘယ်သူကမှ ဧကရာဇ်အကြီးအကဲနဲ့ ဂရေးထူတို့ အရှင့်ကို တစ်ချိန်တည်း သစ္စာဖောက်လိမ့်မယ်လို့ ထင်မထားမိကြပါဘူး”
သူ့စကားကြောင့် ပီယားသည် သက်ပြင်းချ၍ သူ့ကို ပြန်ပြောလိုက်သည်။
“ဒါဆို ငါတို့ ဘာလုပ်သင့်သလဲ။ ကမ္ဘာဂြိုဟ်ကို ဖျက်ဆီးပစ်မယ့် ငါတို့အကြံကို ဘုရင်မ လုံးဝ သိသွားလို့ မဖြစ်ဘူး။ မဟုတ်ရင်တော့ ငါတို့ ပြဿနာ အကြီးအကျယ် တက်မှာပဲ”
“ဟားဟား … စိတ်မပူပါနဲ့၊ အရှင်မင်းမြတ်။ ဘုရင်မက ကျွန်တော်မျိုးတို့ အစီအစဉ်တွေကို ဘယ်တော့မှ သိမှာမဟုတ်ပါဘူး”
ထို့နောက် အနက်ရောင်ဝတ်ရုံနှင့် လူက မနှစ်မြို့ဖွယ်ကောင်းသော အပြုံးမျိုးနှင့် ဆက်ပြောလာသည်။
“ဘုရင်မရဲ့ အချစ်ကို လိုချင်ရင် အရှင် ကမ္ဘာဂြိုဟ်နဲ့ ယဲ့ဖန်ကို သုတ်သင်ပစ်မှရမယ်လို့ ကျွန်တော်မျိုး အရှင့်ကို ပြောခဲ့ပြီးသားပဲလေ”
“ဒီလိုကိစ္စကို ကျော်ဖြတ်ပြီးမှသာ သူမက သူ့ကို တမ်းတနေတာ ရပ်သွားမှာ”
*ယဲ့ဖန်*
*ကမ္ဘာဂြိုဟ်*
ထိုစကားလုံး နှစ်လုံးကို ကြားသည်နှင့် ပီခမ်းက ချက်ချင်းဆိုသလို ပြင်းထန်၍ ကြမ်းကြုတ်သော ချီဓာတ်များကို ထုတ်ဖော်လာ၏။
“ဟမ့် ဘုရင်မက ဘာလို့ ဒီလောက် နိမ့်ကျတဲ့ ကမ္ဘာမြေသား အကောင်ကို ချစ်နေရတာလဲဆိုတာကို ငါ နားမလည်နိုင်ဘူး။ ဘာလို့ သူမက သူ့ကို ဒီလောက် တမ်းတလွမ်းဆွတ်နေရတာလဲ။ ဘယ်လိုလုပ် နဂါးငွေ့တန်း အင်ပါယာရဲ့ ဧကရာဇ်ဖြစ်တဲ့ ငါက နိမ့်ကျတဲ့အကောင်ကိုတောင်မှ မယှဉ်နိုင်ရတာလဲ”
ပီခမ်း၏ မျက်နှာက မနာလိုမှုကြောင့် သုန်မှုန်၍ ထိတ်လန့်ဖွယ် ကောင်းလာသည်။
လက်ရှိ ဘုရင်မက ယခင်ဘုရင်မထံမှ လျှို့ဝှက်သိုင်းကျမ်းနှင့် ထီးနန်းကို ဆက်ခံပြီးကတည်းက ဧကရာဇ်သည် ဘုရင်မအသစ်အား ချစ်မြတ်နိုးမိသွားသည်။
သို့သော် သူ ဘယ်လောက်ပဲ ပိုးပန်းပါစေ၊ သူသည် ကမ္ဘာဂြိုဟ် တိုးတက်လာသည့် သတင်းကို မယှဉ်နိုင်ခဲ့ပေ။
ထို့ကြောင့် ပီခမ်းသည် အလွန် ဒေါသထွက်၍ မုန်းတီးနေသည်။
“အရှင်မင်းမြတ် စိတ်ကို အေးအေးထားပါ”
အနက်ရောင်ဝတ်ရုံနှင့် လူက ပီခမ်းက မိစ္ဆာဆန်သော အပြုံးဖြင့် နှစ်သိမ့်လာသည်။
“အရှင်မက ဘုရင်မဟောင်း ချန်ရစ်ခဲ့တဲ့ အတွင်းစိတ် အလင်းပွင့်မှုကို ဆင်ခြင်သုံးသပ်ပြီး တံခါးပိတ် ကျင့်ကြံနေတာပါ။ ဒီအချိန်အတွင်းမှာ ကျုပ်တို့ အင်ပါယာကို ထိန်းချုပ်ထားနိုင်ပါတယ်”
ထို့နောက် အနက်ရောင်ဝတ်ရုံနှင့် လူသည် ပီယား၏ အနား၌ ကိုယ်ကိုကိုင်း၍ အကြံပေးလာသည်။
“အရှင်မင်းမြတ်၊ လက်အောက်ငယ်သား လောကသခင် ငါးယောက်ဆီကို ဆာရိုဂြိုဟ်နယ်မြေကို သူတို့ အင်အားနဲ့ ရှင်းလင်းပစ်ဖို့ ပြောလိုက်ပါ”
“ဆာရိုဂြိုဟ်နယ်မြေကို ကျွန်တော်တို့ ရှင်းလင်းပစ်သွားနိုင်ပြီဆိုရင် ကျုပ်တို့ နေအဖွဲ့အစည်း တစ်ခုလုံးကို ဖျက်ဆီးနိုင်ပါပြီ။ ဒီလိုဆိုရင် ယဲ့ဖန်နဲ့ ကမ္ဘာဂြိုဟ်ကလည်း ဒုက္ခတွေ့သွားမှာပဲ”
*ဟမ်*
အနက်ရောင်ဝတ်ရုံနှင့် လူ၏ အကြံကို နားထောင်ပြီးနောက် ပီခမ်း အနည်းငယ် ချီတုံချတုံ ဖြစ်သွားသည်။
အကယ်၍ သူသာ အခြားလောကသခင် ငါးယောက်ကို စုစည်းခိုင်းလိုက်ပါက ဤအဖြစ်သည် ဆာရိုဂြိုဟ်နယ်မြေကို တိုက်ခိုက်ရန် နဂါးငွေ့တန်း အင်ပါယာတစ်ခုလုံး၏ အင်အားကို အသုံးချရသလို ဖြစ်သွားပေလိမ့်မည်။
ပေးဆပ်ရမည့် တန်ဖိုးက မြင့်လွန်းလှ၏။
ပီခမ်း ချီတုံချတုံ ဖြစ်နေသည်ကို သတိထားမိပြီး အနက်ရောင်ဝတ်ရုံနှင့် လူက အလျင်စလို သတိပေးလိုက်သည်။
“အရှင်မင်းမြတ် ကျွန်တော်တို့ ကမ္ဘာဂြိုဟ်ကို မဖျက်ဆီးဘူးဆိုရင် ကမ္ဘာဂြိုဟ် အင်အားကြီးလာတဲ့အချိန် ရောက်လာတဲ့အခါမှာ ဘုရင်မက အားလုံးကို ပစ်ထားခဲ့ပြီးတော့ ယဲ့ဖန်ဘေးနားကို ပြန်သွားမှာပဲ”
“အရှင် အဲ့လို အဖြစ်ခံနိုင်လို့လား”
သူ၏ သတိပေးစကားကို ကြားပြီး ပီခမ်း ချက်ချင်း ဝမ်းနည်းသလိုဖြစ်ကာ သုန်မှုန်လာသည်။
“မဖြစ်ရဘူး။ ဘုရင်မက ငါ့အပိုင်ပဲ။ ငါဆိုတဲ့ ပီခမ်းတစ်ယောက်တည်းကပဲ တော်ဝင်ဘုရင်မနဲ့ လိုက်ဖက်ညီတာ”
ထို့နောက် ပီခမ်းက ဆုံးဖြတ်ချက် ပြတ်သားသော မျက်လုံးများဖြင့် ပြောလာသည်။
“ငါ မင်းအကြံကို လက်ခံမယ်။ လောကသခင် ငါးယောက်လုံးနဲ့ နဂါးငွေ့တန်း အင်ပါယာအနှံ့က သိုင်းပညာရှင် အားလုံးကို စုစည်းခိုင်းပြီးတော့ ဆာရိုဂြိုဟ်နယ်မြေကို ရှင်းလင်းပစ်လိုက်။ သူတို့ကို ကမ္ဘာဂြိုဟ်ကိုပါ ဖျက်ဆီးဖို့ အမိန့်ပေးလိုက်”
သူ့စကားကို ကြားပြီးနောက်တွင် အနက်ရောင်ဝတ်ရုံနှင့် လူသည် မကောင်းဆိုးဝါးသဖွယ် ပြုံးလိုက်ပြီး သူ့မျက်လုံးမှ မကောင်းသော အရိပ်အယောင်များ ထင်ဟပ်လာသည်။
အနက်ရောင်ဝတ်ရုံနှင့် လူ၏ စိတ်လှုပ်ရှားနေသော အပြုအမူကို သတိထားမိပြီး ပီခမ်းက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
“အလောင်းကောင် ဘာလို့ ဘုရင်မဆီကနေ မင်းကို ဖုံးကွယ်ထားဖို့ အမြဲ ငါ့ကို တောင်းဆိုရတာလဲ။ မင်းက သူ့မိသားစုထဲကလား”
ပီခမ်း၏ စကားကြောင့် အနက်ရောင်ဝတ်ရုံနှင့် လူက ပြုံးလာသည်။
“အရှင်မင်းမြတ် ကျွန်တော်မျိုးက ဘုရင်မနဲ့ မရင်းနှီးပါဘူး။ ဒါပေမယ့် ကျွန်တော်မျိုး ယဲ့ဖန်နဲ့တော့ သိပါတယ်”
“ကျွန်တော်ရဲ့ ဒီအခြေအနေဆိုးကြီးက သူ့ကြောင့် ဖြစ်ခဲ့ရတာပါ”
အလောင်းကောင်။ မှန်၏။ သူ တစ်ကြိမ် သေခဲ့ဖူးသည်။
ထို့နောက် အနက်ရောင်ဝတ်ရုံနှင့် လူက ထိတ်လန့်ဖွယ်ကောင်းသော အကြည့်မျိုးနှင့် ဖြစ်လာသည်။ သူသည် ကမ္ဘာမြေနှင့် ယဲ့ဖန်ကို စောင့်ကြည့်နေသကဲ့သို့ ခပ်လှမ်းလှမ်းကနေ ရှာဖွေ စောင့်ကြည့်နေခဲ့သည်။
*ယဲ့ဖန် ငါတို့ မကြာခင် ပြန်တွေ့ရလိမ့်မယ်လို့ မင်း ထင်ထားမိမှာ မဟုတ်ဘူး*
*ငါက ပါရမီရှင် ကောင်းကင်သားတော်ပါလို့ မင်းကို ငါ ပြောခဲ့ဖူးသားပဲ။ နောက်ဆုံးအချိန်ရောက်ရင် မင်းက ငါ့လက်ထဲမှာ သေရမှာပဲ*
*အိုး ပြီးတော့ မင်း မိန်းမ၊ ဘုရင်မလေ။ မင်းကို သတ်ပြီးရင် မင်းကို အဖော်လုပ်ဖို့ ငါ သူ့ကို ပို့လိုက်ပါ့မယ်။ ဟဟ…*
ထိုသို့သော အချိန်၌ အနက်ရောင်ဝတ်ရုံနှင့် လူသည် သွေးပျက်ဖွယ်ကောင်းသော အမူအရာဖြင့် ခေါင်းမီးတောက်အောင် တွေးတောနေသည်။

မကြာခင်မှာပင် အရှင်မင်းမြတ်၏ အမိန့်က နဂါးငွေ့တန်း အင်ပါယာအနှံ့သို့ ပျံ့နှံ့သွားလေ၏။
ဟိုဒါ ဂြိုဟ်နယ်မြေ။
နီလိုဂြိုဟ်နယ်မြေ။
ဖစ်ခ် ဂြိုဟ်နယ်မြေ။

လောကသခင် ငါးယောက်လုံး တော်ဝင်အမိန့်ကို ရရှိခဲ့သည်။ ထို့နောက် သူတို့သည် ဆာရိုဂြိုဟ်နယ်မြေအား ရှင်းလင်းရန် သူတို့၏ လက်အောက်ငယ်သား အင်အားစုများကို စုစည်းလိုက်ကြသည်။
ထိုသတင်းကို ရရှိပြီးနောက် နဂါးငွေ့တန်း အင်ပါယာတစ်ခုလုံး သက်ဝင်လှုပ်ရှားလာသည်။
သိုင်းပညာရှင်များစွာ စုစည်းလာကြပြီး စစ်သင်္ဘောများစွာတို့က အာကာသထဲ ခရီးထွက်လာကြသည်။
လူတိုင်းသည် ဆာရိုဂြိုဟ်နယ်မြေအား ပစ်မှတ်ထားထားကြ၏။ အကယ်၍ ဆာရိုဂြိုဟ်နယ်မြေသာ ချေမှုန်းခံလိုက်ရပါက ကမ္ဘာဂြိုဟ်လည်း ဖျက်ဆီးခံရပေလိမ့်မည်။

ငရဲမှလာသောသူ (Chapter 401 to 600)Where stories live. Discover now