Chapter 495

748 84 0
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (33) Chapter (495) မင်းကိုခုတ်မယ့်ဓားလေ

ကျောချမ်းဖွယ် ကောင်းလှသည်။
ယခုအချိန်၌ အရိုးခွံ ပုံသဏ္ဌာန်များနှင့် ပြည့်နှက်နေသော ယဲ့ဖန်သည် ငရဲမှထွက်လာသော မိစ္ဆာကောင်ကဲ့သို့ ခြောက်ခြားဖွယ် ကောင်းလှသည်။
မရဏ အငွေ့အသက်များလည်း ပြည့်နှက်နေသည်။
ထိုသို့သောအချိန်၌ ယဲ့ဖန်၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။ နတ်ဆိုးများစွာ ဝင်ရောက်လာသောလည်း မိုနာဒိုဘုရင်၏ လက်သီးချက်သည် ယဲ့ဖန်အား အပြင်းအထန် ဒဏ်ရာရသွားစေခဲ့သည်။
တကယ်တမ်းတွင် သူသည် နတ်ဘုရား သေနာပတိ တစ်ပိုင်းအဆင့်သာ ရှိသေးသည် မဟုတ်ပါ တကား။
ယခုအချိန်၌ ယဲ့ဖန်သည် အဆင့်ငယ် ဆယ့်ခြောက်ဆင့်သာသော ရန်သူကို ခုန်ကျော်၍ တိုက်ခိုက်နိုင်သော်လည်း မိုနာဒိုဘုရင်သည် နတ်ဆိုးမျိုးနွယ်၏ ထိပ်တန်း သိုင်းပညာရှင် တစ်ယောက် ဖြစ်သည်။
အထူးသဖြင့် သူသည် နတ်ဘုရားမျိုးနွယ်ထဲသို့ ဝင်ရောက်သွားပြီးနောက် သူ၏ခွန်အားက တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။
ကြောက်မက်ဖွယ် ကောင်းလှသည်။ နတ်ဘုရား သေနာပတိ တစ်ပိုင်းအဆင့်လေးနှင့် ဤသို့ ပြင်းထန်သော လက်သီးချက်ကို တောင့်ခံနိုင်သည်ကပင် ဆန်းကြယ်လွန်းနေပြီ ဖြစ်သည်။
“ဟားဟားဟား ...”
ထိုစဉ် ကမ္ဘာဦး ကောင်းကင်သခင်သည် ယဲ့ဖန်၏နှုတ်ခမ်းထောင့်မှ သွေးစက်များကိုမြင်ပြီး လှောင်ပြုံး ပြုံးလိုက်သည်။
“နတ်ဆိုးဧကရာဇ်၊ မင်း ပြန်လည်မွေးဖွားလာပြီး နောက်ပိုင်း ဘာဖြစ်လာမလဲဆိုတာကို မတွေးနိုင်ခဲ့ဘူးမလား။ အရင်လို မဟုတ်ဘဲ မင်းက ငါ့သခင်ကြီး သတ်တာကို ခံရတော့မှာ”
“ဒီကျယ်ပြောတဲ့ စကြဝဠာထဲမှာ နတ်ဆိုးမျိုးနွယ်ဆိုတာ မရှိတော့ဘူး။ ဒါ နတ်ဘုရားတွေရဲ့ ကမ္ဘာပဲကွ၊ ဟားဟားဟား ...”
ကမ္ဘာဦး ကောင်းကင်သခင်က ဟားတိုက်ရယ်မောလေသည်။ နတ်ဆိုးဧကရာဇ် ကျဆုံး သွားသည်ကို တွေ့ခွင့်ရခြင်းသည် နတ်ဘုရားမျိုးနွယ်တိုင်း၏ ဘဝတွင် ဂုဏ်အယူရဆုံး အချိန် ဖြစ်လာမည်မှာ အသေအချာပင်။
သူသည်သာမက ဘေးပတ်လည်ရှိ နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် နှစ်ထောင်ကျော်တို့၏ မျက်နှာထက်တွင် ရက်စက်ကြမ်းကြုတ်၍ ရူးသွပ်နေဟန်များ ထင်ဟပ်နေ၏။
မိုနာဒိုဘုရင်၏ လက်သီးချက်ကြောင့် ယဲ့ဖန် ပေါက်ကွဲသွားသည်ကို သူတို့ မြင်ယောင်ပြီး နေပုံရသည်။
ထိုသို့သောအချိန်၌ မိုနာဒိုဘုရင်၏ လက်လေးချောင်းသာပါသော လက်ဝါးချက်က ထပ်မံ ကျရောက်လာပြန်သည်။ နားကွဲမတတ် ပေါက်ကွဲသံလည်း ထွက်ပေါ်လာ၏။
“နတ်ဆိုးဧကရာဇ်၊ အဲ့အချိန်တုန်းက ခင်ဗျား မဟာနတ်ဆိုးသခင် လေးပါး၊ မဟာနတ်ဆိုးနတ်ဘုရား ခြောက်ယောက်၊ မဟာနတ်ဆိုးဘုရင် ရှစ်ယောက်၊ ကောင်းကင်ဘုံ နတ်ဆိုး သုံးဆယ့်နှစ်ယောက်၊ ခုနစ်ဆယ့် နှစ်ယောက်သော မြေကမ္ဘာ နတ်ဆိုးတွေနဲ့ ဘီလီယံချီတဲ့ နတ်ဆိုးစစ်တပ်ကို ချိပ်ပိတ်ခဲ့တယ်”
“ဒါပေမဲ့ ခင်ဗျား ဘာလို့ ကျုပ်ကို ချိပ်မပိတ်ခဲ့တာလဲ”
မိုနာဒိုဘုရင်၏ လက်ဝါးထက်မှနေ၍ မိုနာဒိုဘုရင်၏ အသံက ကြောက်ခမန်းလိလိ ထွက်ပေါ် လာသည်။ ဤကိစ္စက သူ့အား နာကျည်း၍ မလိုမုန်းတီးဖြစ်သလို ခံစားမိစေခဲ့သည်။
“မင်းကို ချိပ်ပိတ်ရမယ် ဟုတ်လား”
ယဲ့ဖန်က လက်မောင်းကို လှုပ်ခါလိုက်သောအခါ အရိုးခွံ ပုံသဏ္ဌာန်များက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ ယဲ့ဖန်သည် နှုတ်ခမ်းထောင့်မှ သွေးကိုသုတ်၍ မိုနာဒို၏ လက်ဝါးကို အေးစက်သော အကြည့်များဖြင့် ကြည့်နေသည်။
“အဲ့အချိန်တုန်းက မင်းက နတ်ဘုရားတွေနဲ့ အဆက်အသွယ် ရှိနေပြီးတော့ မင်းက နတ်ဆိုးဖြစ်နေတာတောင် အင်မော်တယ်တွေနဲ့ အဆက်အသွယ် ရှိခဲ့တယ်”
“မင်းက ဂုဏ်ပကာသနအတွက် လောဘတက်ပြီး သစ္စာဖောက်ခဲ့တယ်၊ မင်းကို ဘာလို့ ချိပ်ပိတ်ခဲ့ရမှာလဲ”
“အဲ့အချိန်တုန်းက မင်းကို မသတ်ခဲ့မိတာနဲ့ မင်းရဲ့ ကာလိုဂြိုဟ်စုနယ်မြေကို မဖျက်ဆီးခဲ့မိတာကို ငါ နောင်တရတယ်”
*ဘာ*
ကမ္ဘာဦး ကောင်းကင်သခင်နှင့် အခြားသူများသည် ယဲ့ဖန် ဤမျှ ဘဝင်မြင့်လိမ့်မည်ဟု ထင်မထားမိကြချေ။ ကာလိုဘုရင် မိုနာဒို အလွန် ဒေါသထွက်လာ၏။
“ကောင်းပြီလေ၊ သိပ်အကြောမာတဲ့ နတ်ဆိုးဧကရာဇ်ပဲ”
“မင်းတို့ နတ်ဆိုးမျိုးနွယ်ရဲ့ အရိုးက ဒီလောက် မာနေမှတော့ ငါက မင်းရဲ့အရိုးတွေကို ချိုးပစ်ပြီး မင်းရဲ့ ကြွက်သားတွေကို ဖျက်ဆီးပစ်ရတာပေါ့”
မိုနာဒိုဘုရင်၏ အသံ ထွက်ပေါ်လာပြီးနောက် သံမဏိ လက်သီးကိုဝင့်၍ ယဲ့ဖန်ကို ထပ်ထိုး လိုက်သည်။
ဝုန်း!
ထိုလက်သီးချက်၌ မိုနာဒိုဘုရင်၏ ခွန်အားအကုန် ပါဝင်နေပြီး မိုးကောင်းကင်အား ပေါက်ကွဲစေနိုင်၏။
“ယဲ့ဖန်”
ဖန့်ယင်း၏ မျက်နှာလေးသည်လည်း စက္ကူကဲ့သို့ ဖြူရော်လာသည်။ ထိုအခါ ယဲ့ဖန်က သူမလက်လေးကို အသာပုတ်လိုက်သည်။ ထို့နောက် ချက်ချင်း ရှေ့သို့ လှမ်း၍ လက်ကို လှုပ်ခါလိုက်သည်။
“ကောင်းကင်ဘုံ” ဟု ရေးထိုးထားသည့် ရွှေရောင်ဓားတစ်လက်က ရုတ်တရက် သူ့လက်ထဲမှ ထွက်ပေါ်လာသည်။
ထို့အပြင် ဆန်းကြယ်ရေခဲ ချီဓာတ်၊ ထိပ်တန်းအဆိပ်ချီဓာတ်နှင့် မသေမျိုး ချီဓာတ်တို့ကပါ ဓားပတ်လည်၌ ရစ်ဝဲလာသည်။
ရုတ်တရက် ပြိုင်ဘက်ကင်း ခန္ဓာကိုယ်သုံးမျိုး၏ စွမ်းအင်က ရွှေရောင်ဓားကျိုး၏ ထက်ရှသော ဓားသွားထဲသို့ စိမ့်ဝင်သွားသည်။
“ဒါက …”
ဤမြင်ကွင်းက မိုနာဒို၏ လက်သီးချက်ကို မသိမသာ တန့်သွားစေသည်။ ဘာရယ်ကြောင့်မှန်း မသိသော်လည်း မိုနာဒိုဘုရင်သည် ထိုကောင်းကင်ဘုံဟူသည့် ရွှေရောင်ဓားကျိုးမှနေ၍ ထိတ်လန့်ဖွယ် အငွေ့အသက်များ ထုတ်လွှင့်နေသည်ဟု ခံစားနေမိသည်။
ထိုခံစားချက်က သူ့အား ထိတ်လန့်သွားစေသည်။
“မသေမျိုး ခန္ဓာကိုယ်၊ ဆန်းကြယ် ရေခဲခန္ဓာကိုယ်၊ ထိပ်တန်း အဆိပ်ခန္ဓာကိုယ်၊ မင်း … မင်း ပြိုင်ဘက်ကင်း ထိပ်တန်းခန္ဓာကိုယ် သုံးခုကို ပေါင်းစပ်ထားတာလား”
ထိတ်လန့်သွားလေသည်။ ထိုသို့သောအချိန်၌ မိုနာဒိုဘုရင်သည် အလွန် ထိတ်လန့် ခြောက်ခြားလာ၏။
ဤစကြဝဠာထဲ၌ ပြိုင်ဘက်ကင်း ထိပ်တန်း ခန္ဓာကိုယ်သုံးခုကို ပေါင်းစပ်သည့်သူ တစ်စုံတစ်ယောက် ရှိနေလိမ့်မည်ဟု သူ တစ်ခါမှ မကြားဖူးခဲ့ချေ။
ဤသည်မှာ မဖြစ်နိုင်သည့် ကိစ္စပင်။ ထိုသည်သာမကချေ။
“ပြိုင်ဘက်ကင်း ခန္ဓာကိုယ် သုံးမျိုးအပြင် ဝိညာဉ်စား ပုရွက်ဆိတ်တွေ၊ ပြီးတော့ နတ်ဘုရား သေနာပတိ တစ်ပိုင်းအဆင့်လေးနဲ့ အဆင့်ငယ် ဆယ်ခြောက်ဆင့်ကို ကျော်လွန်ပြီး နတ်ဘုရားစွမ်းအင်ကို ချေဖျက်နိုင်တယ်၊ ဒီ ခွေးမသားကတော့ …”
မိုနာဒိုဘုရင်သည် ထိတ်လန့်သွားသလို ဒေါသလည်း ထွက်နေ၏။ သူ့အရှေ့မှ နတ်ဆိုးဧကရာဇ်သည် ယခင်ဘဝကထက် အဆပေါင်းများစွာ ပို၍ သန်မာနေသည်ကို သူ ယခုမှ သတိပြုမိသွားသည်။
အကယ်၍ သူသာ ဆက်လက် ကြီးပြင်းလာပါက နတ်ဆိုးမျိုးနွယ်သည် ပို၍ မြင့်တက် လာပေမည်။ ထိုသို့ဆိုလျင် ကျန်မျိုးနွယ်များအားလုံး ပျက်စီးသွားပေလိမ့်မည်။
“မင်းက သေရတော့မှာကွ၊ ငါ မင်းကို သတ်ကိုသတ်ပစ်မှ ဖြစ်မှာ”
မိုနာဒိုဘုရင်၏ စကားအဆုံး၌ သံမဏိ လက်သီးချက်က ယဲ့ဖန်ထံ ကျရောက်လာသည်။ ဤလက်သီးချက်က ယခင်လက်သီးချက်များထက် ပို၍ ပြင်းထန်လှသည်။
ထိုလက်သီးချက် ကျရောက်လာသည်နှင့် လေထုအား ထိုးခွင်းဖျက်ဆီးလာ၏။
ကမ္ဘာဦး ကောင်းကင်သခင်နှင့် အခြားသူများ မှင်တက်နေကြသည်။ ဤလက်သီးချက်က မိုနာဒိုဘုရင်၏ အားအပြင်းဆုံး လက်သီးချက်မှန်း သူတို့ သိနေပါသည်။
ပြင်းထန်လှသော ဖိအားကြောင့် ယဲ့ဖန်၏ ဆံပင်များ လွင့်စဉ်သွားသည်။ ထိုဖိအားကြောင့် သူ၏ပါးများပင် အလွန် နာကျင်လာရသည်။
သို့သော် ယဲ့ဖန်၏ အမူအရာသည် စိတ်ပျက်၊ ဝမ်းနည်းခြင်းမရှိဘဲ တည်ငြိမ်နေ၏။
ကောင်းကင်ထက်မှ မိုနာဒိုဘုရင်၏ လက်သီးချက်ကိုကြည့်ပြီး သူ၏ ရွှေရောင်ဓားအား အနည်းငယ် ဝင့်၍ လွှဲလိုက်သည်။
ထိုဓားချက်သည် အားပျော့ပုံရသည်။ ကမ္ဘာဦး ကောင်းကင်သခင်နှင့် အခြားသူများ ရုတ်တရက် တွေဝေနေပြီးမှ ချက်ချင်း တက်ကြွပျော်ရွှင်သွားသည်။
*သေမှာပဲ*
*ဒီလိုပျော့ဖတ်ဖတ် ဓားချက်လေးနဲ့ မိုနာဒိုဘုရင်ရဲ့ လက်သီးချက်ကို ခုခံချင်တာလား*
*ရူးနေတာပဲ ဖြစ်မယ်*
“သေမှာ၊ ဒီမကောင်းဆိုးဝါး နတ်ဆိုး ဧကရာဇ်က နောက်ဆုံးတော့ သေတော့မှာပါလား”
ကမ္ဘာဦး ကောင်းကင်သခင်သည် လှောင်ပြုံးပြုံးလိုက်သည်။ သူ အမုန်းတီးဆုံးနှင့် အကြောက်လန့်ရဆုံးသူက သူ့မျက်စိရှေ့မှာတင် ပျောက်ကွယ်တော့မည် ဖြစ်သဖြင့် သူ စိတ်လှုပ်ရှားက ကတုန်ကယင် ဖြစ်လာသည်။
ကျန်သော နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များသည်လည်း မျက်လုံးအား တတ်နိုင်သမျှ ပြူးကျယ်ထားကြသည်။
နတ်ဆိုးဧကရာဇ် ကျဆုံးခန်းကဲ့သို့သော ဂုဏ်ဝင့်ဖွယ် အချိန်အခါအား သူတို့ လက်လွှတ်မခံ လိုကြချေ။
“သေလိုက်တော့”
မိုနာဒို ဘုရင်၏ အသံထွက်ပေါ်လာသလို သူ၏ လက်သီးချက်နှင့် ရွှေရောင်ဓားကျိုးတို့ ထိပ်တိုက် တွေ့သွားလေ၏။
ရွှစ်!
သို့သော် ထိုအချိန်၌ သွေးစက်များ လွင့်စဉ်ထွက်လာသောကြောင့် လူတိုင်း မယုံနိုင် လောက်အောင် ဖြစ်သွားကြသည်။ ထိုသွေးစက်များက သံမဏိ လက်သီးမှ လွင့်စဉ်ထွက် လာသည်ကို လူတိုင်း တွေ့လိုက်ရသည်။
*ဘာ*
ဓားချက်သည် မိုနာဒိုဘုရင်၏ လက်သီးကိုသာမက အရိုးထဲအထိပါ ထိုးစိုက်နေ၏။
“အား”
မိုနာဒိုဘုရင်သည် ထိတ်လန့်ဒေါသထွက်ကာ လက်သီးအား ပြန်ရုတ်လိုက်သည်။ ထိုအချိန်တွင် ကမ္ဘာဦး ကောင်းကင်သခင်နှင့် အခြားသူများ မယုံသင်္ကာ ဖြစ်နေကြသည်။
*ဒဏ်ရာရသွားတာလား*
ယဲ့ဖန်ကဲ့သို့ နတ်ဘုရား သေနာပတိ တစ်ပိုင်းအဆင့်က မိုနာဒိုဘုရင်အား ထိခိုက်ဒဏ်ရာရအောင် လုပ်နိုင်လိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားမိချေ။
“ဒါ … ဒါ ဘယ်လိုဓားကြီးလဲ၊ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ”
မိုနာဒိုဘုရင်၏ အံ့ဩ၍ ဒေါသထွက်နေသောအသံ ထွက်ပေါ်လာ၏။ ထိုအသံထဲတွင် အလွန် မှင်တက်၍ ကြောက်လန့်နေစိတ်များ ပြည့်နှက်နေ၏။
“ဒါလား … မင်းကို ခုတ်ဖြတ်မယ့်ဓားလေ”
စကားအဆုံး၌ ယဲ့ဖန်က လှစ်ခနဲ လှုပ်ရှား၍ ထိုလက်သီးထံသို့ ပြေးဝင်သွဦးသည်။ ရွှေရောင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး သံမဏိ လက်သီးအား ထပ်ခါထပ်ခါ ခုတ်ပိုင်းလေ တော့သည်။
ထိုသို့သောအချိန်၌ လူတိုင်း ထိတ်လန့်ရသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။
ရွှစ်! ရွှစ်!
သွေးများ ပန်းထွက်လာပြီး မိုနာဒိုဘုရင်၏ လက်တစ်ဖက်၌ ဒဏ်ရာဒဏ်ချက်များနှင့် ပြည့်နှက်လာသည်။
လက်တစ်ဖက်၌ ဓားကို ဆွဲကိုင်ထားသော ယဲ့ဖန်သည် နတ်ဘုရားများကို သတ်ပြီး ပြန်လာဟန်နှင့် သဏ္ဌာန်တူနေ၏။ သူ၏ အမူအရာသည် အလွန် ရက်စက်ကြမ်းကြုတ်လှသည်။
                      စာစဉ် (၃၃) ဤတွင် ပြီးပါပြီ။

ငရဲမှလာသောသူ (Chapter 401 to 600)Where stories live. Discover now