Chapter 431

796 82 0
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် 29 Chapter (431)

“ပီခမ်း”
ငရဲဝံပုလွေဆိုးနှင့် ဂရေးထူတို့ အပြင်းအထန် ထိခိုက်သွားကြသည်။ သူတို့နှစ်ယောက်လုံး သွေးအန်နေကာ မျက်နှာက စက္ကူကဲ့သို့ ဖြူစုတ်နေပြီး သေခြင်းတရား အရိပ်အငွေ့များ ကပ်ညိနေသည်။
သူတို့သည် ရုတ်တရက် ရောက်လာပြီး ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လာသော လူနှစ်ယောက်ကို ကြည့်နေကြသည်။
နဂါးငွေ့တန်း အင်ပါယာ၏ မြင့်မြတ်သော ဧကရာဇ်နှင့် နဂါးငွေ့တန်း အင်ပါယာ၏ တောင်ဝင်အရှင်က စက်ဆုပ်ဖွယ်ကောင်းသော ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုမျိုး အသုံးပြုလိမ့်မည်ဟု သူတို့ ထင်မထားမိကြပါ။
အလွန့်ကို ရှက်ဖွယ်အတိပင်။
သူတို့နှင့် ဆန့်ကျင်ဘက်တွင်တော့ အရှင်နိုင်းလ်နှင့် အရှင်ရွှမ်းမင်တို့က အံ့ဩ ကျေနပ်နေကြသည်။
“ဧကရာဇ်ကို ဂါဝရပြုပါတယ်”
သူတို့နှစ်ယောက်သည် ပီခမ်းနှင့် အလျင်စလို မျက်နှာချင်းဆိုင်လိုက်ပြီးနောက် ကိုယ်ကိုရို့၍ ဂါဝရပြုလေသည်။ ဤမြင်ကွင်းကိုကြည့်ပြီး ပီခမ်း၏ မျက်နှာထားက အေးစက်သွားသည်။
“အသုံးမကျလိုက်တဲ့ကောင်တွေ၊ ငါးယောက်နဲ့ နှစ်ယောက် ယှဉ်ချတယ်၊ သုံးယောက် သေသွားတယ်၊ ငါ မင်းတို့ကို ဘာလုပ်ရမှာလဲ”
ပီခမ်း၏စကားလုံးများက အလွန် ပြတ်သားလှသောကြောင့် အရှင်နိုင်းလ်နှင့် အရှင်ရွှမ်းမင်တို့ သေးထွက်ကျ မတတ် ကြောက်လန့်သွားကြသည်။
နှစ်ယောက်သား လေထဲမှာပင် ဒူးထောက်လျက်သား ဖြစ်သွားပြီး တဆတ်ဆတ် တုန်ယင်နေကြသည်။
“ဧကရာဇ် ချမ်းသာပေးပါ၊ ကျွန်တော်တို့က မသန်မာတာ မဟုတ်ပါဘူး၊ သူတို့နှစ်ယောက်က တအား ကြမ်းတမ်းနေတာပါ၊ သူတို့က ... ရူးနေကြတာပါ”
ထိုစကားကြောင့် ပီခမ်း၏ မျက်လုံးများက အပြင်းအထန် ဒဏ်ရာရနေသော ဂရေးထူနှင့် ငရဲဝံပုလွေဆိုးထံသို့ အကြည့်ရောက်သွားလေသည်။
မျက်လုံးများက မီးဝင်းဝင်းတောက်နေလေသည်။
“တယ်ဟုတ်နေပါလား၊ သစ္စာဖောက်တွေ”
“ဂရေးထူ၊ ဧကရာဇ် အကြီးအကဲ မင်းတို့ ဘာလို့ ငါ့ကို သစ္စာဖောက်တာလဲဆိုတာကို ငါ သိချင်တယ်”
ပီခမ်း၏မျက်လုံးများက အေးစက်လို့နေ၏။
ကမ္ဘာမြေသားတစ်ယောက်ကြောင့် သူ၏ထိန်းချုပ်မှုအောက်၌ ရှိနေသော အကြီးအကဲနှစ်ယောက်က သူ့ကို သစ္စာဖောက်သွားလိမ့်မည်ဟု သူ ယခုထိ မယုံနိုင်သေးပါ။
ဤသည်ကား မယုံနိုင်စရာကောင်းလှသည်။
သို့သော် သူ့စကားကိုကြားပြီးနောက် ငရဲဝံပုလွေဆိုးက သူ့ပါးစပ်ထောင့်မှ စီးကျနေသောသွေးကိုသုတ်၍ ပြုံးလိုက်သည်။
“မင်းကလား၊ မင်းက ဘာမို့လို့လဲ”
ငရဲဝံပုလွေဆို၏ မျက်လုံးထဲ၌ အထင်သေးမှုများ စွန်းထင်းနေ၏။
“ကျုပ်ရဲ့ ငရဲကလန်က သခင်ကြီးအတွက် မွေးဖွားပြီးတော့ သခင်ကြီးအတွက်ပဲ သေဆုံးကြတယ်၊ မင်းက ကျုပ်ဘိုးဘေးရဲ့ ဆံခြည်မျှင်တစ်ချောင်းလောက်တောင် မတော်တာလေ”
*ဘာ*
ငရဲဝံပုလွေဆိုး၏ စကားက နဂါးငွေ့တန်းအင်ပါယာ၏ ဧကရာဇ်ကို အကြီးအကျယ် မျက်နှာပျက်သွားစေသည်။
အင်ပါယာ၏ ဧကရာဇ်တစ်ယောက်အနေနှင့် သူသည် မရေတွက်နိုင်သော သက်ရှိများ၏ ကံကြမ္မာကို ထိန်းချုပ်နိုင်ခဲ့သည်။ လူတစ်ယောက်၏ ဆံပင်တစ်ချောင်းထက်တောင်မှ ညံ့ဖျင်းသေးသည်ဟု ပထဆုံးအကြိမ် သူ အပြောခံလာရသည်။
ထိုသည်သာမကသေး ဂရေးထူက ချောင်းဆိုးရင်း ရူးနှမ်းစွာ ရယ်မောလာသည်။
“နဂါးငွေ့တန်းရဲ့ ဧကရာဇ်တဲ့လား၊ အမှိုက်ကောင်၊ မင်းက ငါ့သခင်ကြီးရဲ့ ဖိနပ်ကိုတောင် မမှီတာ၊ ငါ့သခင်ကြီး ပြန်လာတဲ့အချိန်ကျရင် နဂါးငွေ့တန်းတစ်ခုလုံး သုတ်သင်ဆေးကြောခံရလိမ့်မယ်”
“ပီခမ်း မင်းရဲ့ခွေးခေါင်းကို သေချာဆေးပြီး စောင့်နေလိုက်၊ ဟားဟားဟား ....”
ဂရေးထူက အရူးတစ်ယောက်သဖွယ် ရယ်မောနေ၏။ ရယ်သံများထဲနှင့် ရူးသွပ်မှုနှင့် ပျက်သုဉ်းခြင်းတို့ ပါဝင်နေ၏။
ယခုကဲ့သို့အချိန်၌ သူသည် တကယ့် နတ်ဆိုးတစ်ကောင်နှင့် ပိုပိုတူနေသည်။
“ချီးတဲ့မှ”
သူတို့နှစ်ယောက်၏ စကားများကိုကြားပြီး နဂါးငွေ့တန်း အင်ပါယာ၏ ဧကရာဇ် ပီခမ်း၏မျက်နှာက ပြာနှမ်းလာသည်။
သူ ဧကရာဇ်နေရာကို ရယူပြီးကတည်းက ယခုမှ ပထမဆုံးအကြိမ် အလှောင်ခံရခြင်း ဖြစ်လေသည်။
ရှက်ဖို့ကောင်းလိုက်လေခြင်း။
“မင်းတို့ သစ္စာဖောက်ကောင်တွေ၊ မင်းတို့ တကယ် သေချင်နေပြီပဲ”
“ဒီနေ့ ဂရေးကလန်ကို သွေးနဲ့ဆေးကြောပြီး မင်းတို့ ခွေးနှစ်ကောင်ရဲ့ ခေါင်းကိုဖြတ်ပစ်မယ်။ ပြီးရင် နေအဖွဲ့အစည်းကို ဖျက်ဆီးပြီးတော့ ကမ္ဘာဂြိုဟ်ကို စိစိညက်ညက် ကျေအောင် လုပ်ပစ်မယ်”
ထိုသို့ပြောနေချိန်၌ ပီခမ်း၏မျက်လုံးထဲတွင် အေးစက်မှုများနှင့် ပြည့်နှက်နေသည်။
“ငါ ယဲ့ဖန်ဆိုတဲ့ ကြောက်ဖို့ကောင်းတဲ့ ကောင်ကို သူ မသေခင် တွေ့ချင်မိသား”
ပီခမ်း၏ ခြေလှမ်းများက ငရဲဝံပုလွေဆိုးနှင့် ဂရေးထူထံသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။
သူ့လက်ထဲ၌ ရွှေအိုရောင် ဓားတစ်လက် ထွက်ပေါ်လာသည်။
ခြေလှမ်းတစ်လှမ်းချင်းစီ၌ သတ်ဖြတ်လိုသော အရိပ်အငွေ့များ ပြည့်နှက်နေ၏။
“ငါ သေရတောမှာလား”
ဂရေးထူသည် ပါးစပ်အပြည့် သွေးတစ်လုပ် အန်လိုက်မိသော်လည်း ပြုံးနေသည်။
သူ့မျက်နှာ၌ ကြောက်စိတ်ဟူ၍ မရှိချေ။ သူ့ဘဝတစ်လျှောက်လုံး ဂရုစိုက်၍ သေချာ စဉ်းစားချင့်ချိန်ပြီးမှသာ ဆောင်ရွက်ပြုမူခဲ့သည်။
သို့သော် သူ နှစ်တစ်ထောင် ရှင်သန်နေခဲ့ခြင်းက အချည်းနှီးဖြစ်နေသည်ကို ယခုအခါမှသာ သူ သိလိုက်ရလေသည်။
ဘဝတစ်လျှောက်တွင် လက်စားချေရန်အတွက် အဆင်သင့်ဖြစ်နေမှဖြစ်မည်၊ သေသင့်သည့်သူများကို သတ်ဖြတ်ပြီး ဖျက်ဆီးသင့်သော တစ္ဆေမျိုးနွယ်များကို ဖျက်ဆီးသင့်ပေသည်။
နတ်ဆိုးတစ်ကောင်အဖြစ် ရှင်သန်ပြီးနောက် နောင်တမရဘဲ သေဆုံးမည်။
ဤသို့တွေးတောပြီးနောက် ဂရေးထူက မျက်လုံးမှိတ်ထားလိုက်သည်။
“သခင်ကြီး ကျွန်တော်နဲ့ သခင်ကြီးတို့ တစ်ယောက်နဲ့ တစ်ယောက် သိခဲ့တဲ့အချိန်က တိုတောင်းလွန်းပါတယ်။ ဒါပေမဲ့ နောင်ဘဝရောက်လည်း သခင်ကြီးက ကျွန်တော့်သခင်ကြီးအဖြစ် ရှိနေဦးမှာပါ၊ ကျွန်တော်ကလည်း သခင်ကြီးရဲ့ ကျေးကျွန်အဖြစ် ရှိနေဦးမှာပါ”
ဂရေးထူ၏မျက်လုံးထောင့်မှ မျက်ရည်များ စီးကျလာသည်။ ဤသည်မှာ နှစ်တစ်ထောင်အတွင်း သူ ပထမဆုံး ကျခဲ့သော မျက်ရည် ဖြစ်လေသည်။
နတ်ဆိုးတစ်ကောင်၌ ချစ်ခြင်းမေတ္တာရှိသလို အမုန်းတရားလည်း ရှိသည်။ အသွေးအသားတို့ရှိသလို မျက်ရည်များလည်း ရှိပါ၏။
တစ်ဘက်တွင်တော့ ငရဲဝံပုလွေဆိုး၏ ကျောရိုးက ကျိုးကြေနေသည်။ ယခုကဲ့သို့သောအချိန်၌ သူသည် သူ၏အဘိုးနှင့် ဖခင်ဖြစ်သူကိုသာ စဉ်းစားနေမိသည်။
“အဲ့ကိုသွားပြီး ဘိုးဘေးအတွက် တိုက်ခိုက်မယ်”
“အဲ့ကိုသွားပြီး ငရဲကလန်အတွက် သေဆုံးမယ်”
ထိုစကားနှစ်ခွန်းသည် သူ့စိတ်ထဲ မှတ်ကျောက်တင်ထားသကဲ့သို့ စွဲထင်နေပြီး ဘယ်သောအခါမှ မမေ့နိုင်ချေ။
ဘိုးဘေး။ ငရဲကလန်။
ဤသည်မှာ ငရဲဝံပုလွေဆိုး၏ ဘဝ၏ စွဲလမ်းမှုသာ ဖြစ်လေသည်။
ဗလာကျင်းနေသော ကောင်းကင်ကြီးကို ကြည့်ရင်း ငရဲဝံပုလွေဆိုးသည် ဂုဏ်ယူနေသော သူ၏အဘိုးနှင့် ဖခင်တို့ကို မြင်နေရသလို ဖြစ်နေသည်။
“အဘိုး၊ အဖေ ကျွန်တော် နားလည်သွားပြီ၊ ငရဲကလန်အတွက် အသက်ရှင်ပြီး အသက်ကို ဘိုးဘေးအတွက် စွန့်လွှတ်မယ်။ ဘာနောင်တမှ မရဘူး”
သူ တစ်ကိုယ်တည်း တီးတိုးရေရွတ်နေရင်း မျက်နှာထက်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
ထိုအပြုံးသည် သေခါနီး၌ ဖြစ်ပေါ်လာသော အပြုံးတစ်ခုပင်။
ထိုအပြုံးကိုမြင်ပြီး ပီခမ်းသည် လည်ဆံမွေးထောင်နေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ ဒေါသထွက်နေသည်။
ဤသို့သော အချိန်တိုလေးအတွင်း၌ ဂရေးထူနှင့် ဧကရာဇ်အကြီးအကဲတို့ထံ၌ ဘာတွေဖြစ်ပျက်သွားခဲ့သလဲ ဆိုတာကို သူ တွေး၍မရနိုင်ချေ။
*ဘာလို့ မင်းတို့က နိမ့်ကျတဲ့ ကမ္ဘာမြေသားတစ်ယောက်အတွက် သေဆုံးချင်ကြပြီးတော့ အဲ့အတွက် နောင်တ မရကြတာလဲ*
ထိုကမ္ဘာမြေသား၏ ကြောက်မက်ဖွယ်ကောင်းသော အသွင်အပြင်နှင့် လွှမ်းမိုးမှုက ပီခမ်းအား ထိတ်လန့်စေသည်။
“မင်းတို့ကောင်တွေ သေလိုက်တော့”
ပီခမ်း၏ မျက်လုံးထဲ၌ ရက်စက်မှုတို့ကြီးစိုးနေ၏။ သူ့လက်ထဲမှ ကိုင်ဆွဲထားသော ရွှေအိုရောင်ဓားသည် ထိုသူနှစ်ယောက်၏ ဦးခေါင်းကို ပြင်းထန်စွာ ခုတ်ပိုင်းသွားလေသည်။
ရဲရဲနီသော သွေးများက ကောင်းကင်ကို ဖြန်းပက်သွားလေသည်။
သူတို့၏ လည်ပင်းထက်မှ သွေးစီးကြောင်းတစ်ခု ဖြစ်ပေါ်လာကာ ဦးခေါင်းက တဖြည်းဖြည်း ပြတ်ကျလာသည်။
“ဘိုးဘေး”
“ဧကရာဇ်အကြီးအကဲ”
ဤမြင်ကွင်းက ဂရေးကလန်သားတိုင်း၏ ရင်ကိုကွဲစေလေသည်။
သူတို့အားလုံး ရူးသွပ်လာကြသည်။ ဘိုးဘေးနှင့် ဧကရာဇ်အကြီးအကဲတို့ သေဆုံးသွားသည်ကိုမြင်ပြီး သူတို့၏အမုန်းတရားများ ပေါက်ဖွားလာသည်။
အနောက်ဘက်ရှိ အနက်ရောင်ဝတ်ရုံနှင့်လူ၏ မျက်နှာထက်၌ လှောင်ပြုံးတစ်ခု ဖြစ်ပေါ်နေသည်။ သူ၏ရင်ထဲအသည်းထိ ပျော်မူးနေ၏။
“ဟား ... ယဲ့ဖန် မင်းလူတွေ အသတ်ခံရတာကို မင်း သိသွားတဲ့အချိန်ကျရင် မင်းရဲ့အမူအရာက သိပ်ကိုကြည့်ကောင်းနေမှာပဲ ... ဟမ်”
အနက်ရောင်ဝတ်ရုံနှင့်လူ၏ စကားက တန့်သွားပြီး သူ့အပြုံးက ချက်ချင်း အေးခဲသွားလေသည်။ ထို့အပြင် သူ့မျက်လုံးများက အံ့ဩဖွယ်ကောင်းသည့် တစ်စုံတစ်ရာကို မြင်လိုက်ရသကဲ့သို့ ပြူးကျယ်နေ၏။
ထိုသို့သောအချိန်၌ ကောင်းကင်တစ်ခုလုံး အေးခဲလို့နေသည်။
အနက်ရောင်ဝတ်ရုံနှင့်လူသာမက ဧကရာဇ်ပီခမ်း၊ အကြီးအကဲနှစ်ယောက်၊ သတ်ဖြတ်သူ အယောက် တစ်သောင်းနီးပါးနှင့် မရေတွက်နိုင်သော ဂရေးကလန်သားတို့အားလုံး မျက်လုံးအဝိုင်းသားနှင့် သရဲသဘက်ကို တွေ့လိုက်ရသကဲ့သို့ ကြည့်နေကြလေသည်။
အားလုံး၏ အကြည့်အောက်မှာပင် ဖြည်းဖြည်းချင်း ပြတ်ကျနေသော ငရဲဝံပုလွေဆိုးနှင့် ဂရေးထူတို့၏ ဦးခေါင်းများက လုံးဝ ပြတ်ကျမသွားချေ။
ထိုအစား သူတို့၏ ပြတ်သွားသော လည်ပင်းတစ်ဝိုက်၌ အနက်ရောင် ချီမျှင်စုများ ရစ်ဝဲနေသည်။ ထို့နောက်တွင်မူ ဦးခေါင်းပြတ်များက တဖြည်းဖြည်း ပြန်မတ်လာပြီး လည်ပင်းနှင့် ပြန်ဆက်သွားလေသည်။
သွေးများက နက်မှောင်နေ၏။ လည်ပင်းမှ ဒဏ်ရာတစ်ခုလုံးက မျက်တောင်တစ်ခတ်အတွင်း ပျောက်ကွယ် သွားလေသည်။
*ဒါ မဖြစ်နိုင်ဘူး*
မျက်စိရှေ့၌ မြင်နေရသည့် မြင်ကွင်းက လူတိုင်းကို ထိတ်လန့်သွားစေသည်။
အထူးသဖြင့် ပီခမ်းပင်၊ ယခုအချိန်၌ သူသည် မယုံသင်္ကာဖြစ်နေသော မျက်နှာထားမျိုး ဖြစ်နေ၏။
“မဟုတ်ဘူး၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ အသက်ပြန်ရှင်လာတယ်တဲ့လား၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ဧကရာဇ် ပီခမ်းသည် မယုံသင်္ကာနှင့် သရဲသဘက်ကို တွေ့ရသကဲ့သို့ ဖြစ်နေသည်။
ထိုစဉ် ပြန်လည်ရှင်သန်လာသော ငရဲဝံပုလွေဆိုးနှင့် ဂရေးထူတို့က မျက်လုံးပြန်ပွင့်လာပြီး ဒယိမ်းဒယိုင်နှင့် အနက်ရောင်ချီမျှင်စုရှေ့၌ ဒူးထောက်လာကြသည်။
“ငရဲဝံပုလွေဆိုးက ဘိုးဘေးကို ကြိုဆိုပါတယ်”
“ကျေးကျွန် ဂရေးထူက သခင်ကြီးကို ကြိုဆိုပါတယ်”
ဝုန်း!
ထိုစကားနှစ်ခွန်းက ဧကရာဇ် ပီခမ်းနှင့် အနက်ရောင်ဝတ်ရုံနှင့်လူတို့အား ကတုန်ကယင် ဖြစ်သွားစေသည်။
နှစ်ယောက်သား ဘေးပတ်လည်ကို အသည်းအသန် လိုက်ကြည့်မိကြသည်။
ရုတ်တရက် ထိုအနက်ရောင်ချီမျှင်စုများထဲမှ အနက်ရောင်ဝတ်စုံနှင့်လူတစ်ယောက် ထွက်ပေါ်လာသည်ကို သူတို့ တွေ့လိုက်ရလေသည်။
သူသည် လေကိုခွင်း၍ လှမ်းလာနေသည်။ ခြေလှမ်းတိုင်း၌ ဂရေးဂြိုဟ်ကြီးတစ်ခုလုံး တုန်ယင်လို့နေသည်။
လေကိုခွင်းလာသော သူ၏ခြေလှမ်းများ၌ မာန်ပါနေသည်။ ကောင်းကင်၌ ဒရမ်တီးနေသကဲ့သို့ သတ်ဖြတ်သူများ ရင်တုန်နေကြလေသည်။
ဝုန်း! ဝုန်း! ဝုန်း!
ထို့နောက် ဖြစ်ပျက်လာသည့် အဖြစ်အပျက်တစ်ခုက လူတိုင်းကို ထိတ်လန့်သွားစေသည်။ ခြေလှမ်းအတွင်း၌ သတ်ဖြတ်သူတစ်ယောက်၏ နှလုံးက ပေါက်ကွဲထွက်သွားလေသည်။
သွေးမြူခိုးများက ကောင်းကင်အနှံ့ ပျံ့နှံ့နေ၏။

ငရဲမှလာသောသူ (Chapter 401 to 600)Where stories live. Discover now