Chapter 424

856 81 0
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

Book 29 Chapter (424)

တိတ်ဆိတ်ငြိမ်သက်လို့နေ၏။
ထိုသို့သောအချိန်၌ စိတ်ဝိညာဉ်တိုက်ပွဲ ပြိုင်ကွင်းရှိ ရာနှင့်ချီသောလူများအားလုံး အသံတစ်သံပင် မထွက်ရဲကြချေ။
လူတိုင်းသည် ပြိုင်ကွင်းရှိ ယဲ့ဖန်ရှေ့၌ ဒူးထောက်နေသော စိတ်ဝိညာဉ်သခင် ရက်ရှာကို ငေးမော၍ ကြည့်နေကြသည်။
အထူးသဖြင့် ရိုဒါနှင့် တဆာတို့ ညီအစ်ကိုနှစ်ယောက်က ပိုဆိုးလှသည်၊ ညီအစ်ကိုနှစ်ယောက်လုံး မယုံသင်္ကာ ဖြစ်နေကြလေသည်။
“မဟုတ်ဘူး၊ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
ယခုအချိန်၌ သူတို့ ကြောက်လန့်နေကြသည်။
စိတ်ဝိညာဉ်သခင် ရက်ရှာသည် စိတ်ဝိညာဉ်တိုက်ပွဲဂြိုဟ်ကို တည်ထောင်ခဲ့စဉ်ကတည်းက တစ်ယောက်သော သူကို စောင့်မျှော်နေခဲ့မှန်း သူတို့ သိထားပါ၏။
သို့သော် အားလုံး၏အမြင်တွင် နှစ်တစ်ထောင့်နှစ်ရာကျော်ပြီဖြစ်သဖြင့် ထိုသူကို တစ်ဘဝလုံး မစောင့်နိုင်တော့ဟု ထင်ခဲ့မိကြသည်။ သို့သော် ယခုအခါတွင်မူ …
သူတို့ သတ်ချင်နေကြသည့်သူက စိတ်ဝိညာဉ်သခင် ရက်ရှာ စောင့်မျှော်နေခဲ့သည့်သူ ဖြစ်နေလိမ့်မည်ဟု ညီအစ်ကိုနှစ်ယောက်လုံး ထင်မထားမိကြချေ။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
“ဘာလုပ်နေကြတာလဲ၊ သခင်ကြီး ရောက်လာတာတောင် ဒူးမထောက်ကြသေးဘူးလား”
ထိုစဉ် လူတိုင်း ငေးကြောင်ကြောင် ဖြစ်နေကြသည်ကို ရက်ရှာ သတိထားမိသွားသည်။
ဝုန်း!
သူမစကားက ဗုံးတစ်လုံး ပေါက်ကွဲသွားသလိုပင်။
လူတိုင်းအား ဖြူဖပ်ဖြူရော် ဖြစ်သွားစေပြီး မလှုပ်မရှားနိုင်အောင် ဖြစ်သွားစေသည်။ ထို့နောက် လူတိုင်းက ယဲ့ဖန်ရှေ့၌ ဒူးထောက်လာကြသည်။
“နံပါတ်နှစ် စိတ်ဝိညာဉ်သခင် ဘဟာက သခင်ကြီးကို အရိုအသေပေးပါတယ်”
“နံပါတ်သုံး စိတ်ဝိညာဉ်သခင် ခူဟာက သခင်ကြီးကို အရိုအသေပေးပါတယ်”
“နံပါတ်လေး စိတ်ဝိညာဉ်သခင် ခလယ်လ်ဘီကယ်လ်က သခင်ကြီးကို အရိုအသေပေးပါတယ်”
“….”
စိတ်ဝိညာဉ်သခင် သုံးယောက်၏ အော်သံနှင့်အတူ ရာနှင့်ချီသော ဂြိုဟ်ကမ္ဘာ အစောင့်အရှောက်များ မြေကြီးပေါ် ဒူးထောက်၍ ငေးမောနေကြသည်။
ထိုသို့သောအချိန်၌ ဟစ်ကြွေးသံများက မိုးခြိမ်းလုမတတ်ပင်။
ဂလု!
စိတ်ဝိညာဉ်သခင်များ၊ စိတ်ဝိညာဉ်သေနာပတိများနှင့် ဂြိုဟ်ကမ္ဘာအစောင့်အရှောက်များ ဒူးထောက်နေ ကြသည်ကိုမြင်ပြီး နံပါတ်တစ် စိတ်ဝိညာဉ် သေနာပတိ ရိုဒါနှင့် တဆာတို့ မနေသာဘဲ တံတွေးမျိုချမိကြသည်။
သူတို့၏နဖူးပေါ်မှ ချွေးများ တဒီးဒီး စီးကျလို့လာသည်။
ကြောက်လန့်ခြင်း။
သူတို့စိတ်ထဲမှ ကြောက်စိတ်ကြောင့် ခြေထောက်များခွေယိုင်လာပြီး အခြားသူများကဲ့သို့ ဒူးထောက်လာသည်။
သူတို့သည် ခေါင်းကိုငုံ့ထားကြပြီး ယဲ့ဖန်ကို မော့ကြည်ရဲသည့် သတ္တိပင် မရှိတော့ချေ။
ဤမြင်ကွင်းသည် အလွန်ထိတ်လန့်ဖွယ်ကောင်းလှသည်။
စိတ်ဝိညာဉ်တိုက်ပွဲဂြိုဟ်၏ အရှင်သခင်များက မြေကြီးပေါ်၌ ငြိမ်ဝပ်ပိပြားနေကြလေသည်။
သာမန် စိတ်ဝိညာဉ် ဆရာသခင်များသာ ဤမြင်ကွင်းကိုမြင်သွားပါက သွေးပျက်သွားလောက်သည်။
ဤထိပ်သီးပုဂ္ဂိုလ်များက လူတစ်ယောက်ထဲသို့ ဦးညွှတ်နေကြသည်။
“သခင်ကြီး ဒီမှာ ဘာဖြစ်ခဲ့တာပါလဲ”
ရက်ရှာ၏မျက်နှာက အလွန်အမင်း ပျက်ယွင်းနေ၏။ အထူးသဖြင့် ယဲ့ဖန်ထံမှ နတ်ဆိုးအငွေ့အသက်ကို ခံစားနေရသဖြင့် သူမရင်ထဲ သွေးဆူနေ၏။ သူမစကားကိုကြားပြီးနောက် ယဲ့ဖန်၏မျက်လုံးက ဝင်းလက်သွားသည်။
“မင်းရဲ့လက်အောက်ငယ်သားက ငါ့ကျေးကျွန်တွေကို ဖမ်းဆီးပြီး သတ်ဖြတ်တယ်”
ဝုန်း!
ထိုစကားကြောင့် ရက်ရှာ၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ယင်လာပြီး မျက်နှာလည်း ပျက်သွားလေသည်။
“သခင်ကြီးကို အရဲစွန့်ပြီး မေးပါရစေ …”
ရက်ရှာသည် သူ့ကို တစ်ကြိမ်သာမြင်ဖူးပြီး သူ့နာမည်အရင်းကိုလည်း မသိပေ။ ထိုစဉ် ယဲ့ဖန်ထံမှ စကားတစ်ခွန်းက ရက်ရှာအား အမူအယာ ပျက်ယွင်းသွားစေသည်။
“ယဲ့ဖန်”
*ဘာ*
ရက်ရှာသာမက ဘေးပတ်လည်မှ စိတ်ဝိညာဉ်သခင်များနှင့် ဂြိုဟ်ကမ္ဘာအစောင့်အရှောက်များ မှင်တက် သွားကြသည်။
*ယဲ့ဖန်လား*
*သူ့လက်အောက်ငယ်သားက နတ်ဆိုးတစ်ကောင်လား*
*ဒါဆို ဒီလူက …*
ထိုစဉ် လူတိုင်း မျက်ခုံးလှုပ်နေကြပြီး ကြောက်စိတ်တစ်ခုက သူတို့ကို လွှမ်းခြုံလာသည်။ အထူးသဖြင့် ရက်ရှာ၏နဖူး၌ ချွေးအေးများ စို့တက်လာသည်။
“သခင်ကြီးကို အရဲစွန့်ပြီး မေးပါရစေ …”
ရက်ရှာ၏အသံက ထွက်ပေါ်လာသည်။ ထိုစဉ် သူမအနောက်မှ နံပါတ်နှစ် စိတ်ဝိညာဉ်သခင် ဘဟာက ရုတ်တရက် သရဲသဘက်ကို မြင်လိုက်ရသလို ဖြစ်သွားပြီး အလန့်တကြား ထပြောလာသည်။
“သူ … သူက နတ်ဆိုးဧကရာဇ်ပဲ”
*ဘာ*
ထိုစကားက လူတိုင်းကို သွေးပျက်သွားစေသည်။ အားလုံးက ဘဟာကို စိုက်ကြည့်လာကြသည်။ မြင့်မြတ်သော နံပါတ်နှစ် စိတ်ဝိညာဉ်သခင်က ယုန်တစ်ကောင်ကဲ့သို့ တုန်ယင်နေသည်ကို မြင်တွေ့လိုက်ရသည်။ သူသည် မယုံနိုင်စရာကောင်းသော အရာတစ်ခုကို မြင်နေရသကဲ့သို့ ယဲ့ဖန်၏မျက်နှာကို ငေးကြည့်နေ၏။
“ကျုပ် အဲ့အချိန်တုန်းက ကံကောင်းထောက်မလို့ နတ်ဆိုးဧကရာဇ်ရဲ့ မှတ်တမ်းတင် ဗီဒီယိုကို ကြည့်ခဲ့ရတယ်။ မင်း … မင်းက နတ်ဆိုးဧကရာဇ်ပဲ။ ဟုတ်တယ်၊ ကျုပ် ဘယ်တော့မှ အမှတ်မှားမှာ မဟုတ်ဘူး”
ဝုန်း!
ထိုစဉ် လူတိုင်း၏အတွေးများ ဝီခေါ်လာကြသည်။
*နတ်ဆိုးဧကရာဇ်တဲ့လား*
ထိုနာမည်သည် ဒဏ္ဍာရီလာနာမည်တစ်ခုဖြစ်ပြီး စကြဝဋ္ဌာထဲ၌ လူတိုင်း သိရှိကြသော နာမည်ဖြစ်လေသည်။ ထိုနာမည်သည် မိုးကောင်းကင်ကို စိုးမိုးနိုင်သော ထိပ်တန်း တည်ရှိမှုကြီးတစ်ခု ဖြစ်သည်။
ယခုအခါတွင် … ထိုသူက ဤနေရာသို့ ရောက်ရှိလာလေသည်။
တောက်! တောက်!
ထိုစဉ် ရိုဒါတို့ညီအစ်ကိုနှစ်ယောက်၏ နဖူးမှ ချွေးစေးများသည် အောက်သို့ ဆက်တိုက်ဆိုသလို စီးကျလာ လေတော့သည်။
*အံ့ဩစရာမရှိဘူးပဲ*
*သူ့မှာ ဆန်းကြယ်ရေခဲခန္ဓာကိုယ်နဲ့ ထိပ်တန်းအဆိပ်ခန္ဓာကိုယ်ရှိနေတာက အံ့ဩစရာမရှိတော့ဘူး*
*လတ်စသက်တော့ သူက ထိုဒဏ္ဍာရီလာပုဂ္ဂိုလ် ဖြစ်နေတာကိုး*
ထိုစဉ် ညီအစ်ကိုနှစ်ယောက်သည် ခန္ဓာကိုယ်ထဲမှ ခွန်အားများ ဆုတ်ယုတ်သွားသကဲ့သို့ မြေကြီးပေါ်၌ မလှုပ်မယှက် ဖြစ်နေသည်။
သူတို့ ထွက်ပြေးချင်ပါ၏။ သို့သော် ယခုအချိန်တွင် သူတို့နှစ်ဦးလုံးသည် ထိန်းချုပ်ခံထားရသလို ဖြစ်နေပြီး လှုပ်ရှားရခက်နေသည်။
“အဲ့ဒီမောက်မာတဲ့ နတ်ဆိုးတွေက သူ့ကို သခင်ကြီးလို့ ခေါ်နေတာ အဲ့ဒါကြောင့်ကိုး၊ သူက …”
နံပါတ်တစ် စိတ်ဝိညာဉ် သေနာပတိ ရိုဒါက မချိပြုံးပြုံးလိုက်မိသည်။
“ငါ ဘာလို့ နတ်ဆိုးဧကရာဇ်ကို သတ်ချင်မိရတာလဲ”
ရိုဒါသာမက တဆာသည်လည်း အလွန်အမင်း နောင်တရနေ၏။ သူ အမုန်းဆုံးသူက စကြဝဌာကြီး၏ နတ်ဆိုးတစ်ကောင် ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ ထင်မထားမိပါ။
*သွားပြီ၊ အားလုံး အဆုံးသတ်သွားပြီ*
ညီအစ်ကိုနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိကြပြီး သူတို့၏မျက်နှာများက ပြာနှမ်းလာသည်။
သူတို့သာမက ရက်ရှာသည်လည်း ထိတ်လန့်တကြားနှင့် ပါးစပ်ကို လက်ဖြင့်အုပ်ထားမိသည်။
သူမကို ကယ်တင်ခဲ့သည့်သူက နတ်ဆိုးဧကရာဇ် ဖြစ်နေလိမ့်မည်ဟု သူမ ထင်မထားမိပါ။ ထိုစဉ် ရက်ရှာက မြေကြီးပေါ် ဝပ်တွား၍ တုန်တုန်ယင်ယင်နှင့် ပြောလိုက်သည်။
“နတ်ဆိုးဧကရာဇ်ကို စိတ်ဆိုးအောင် လုပ်မိခဲ့ပါတယ်၊ ဒီငယ်သား သေသင့်ပါတယ်”
ထိုသို့ပြောပြီး ရက်ရှာက ရုတ်တရက် တစ်ဘက်လှည့်၍ ရိုဒါကို စိုက်ကြည့်လာသည်။
“ရိုဒါ ငါ နင့်ကို စိတ်ဝိညာဉ်တိုက်ပွဲဂြိုဟ်ရဲ့ အာဏာကို ပေးအပ်ခဲ့တယ်၊ နင်က အဲ့ဒါကို ဒီလိုတွေ စီမံနေတာလား”
သတ်ဖြတ်လိုသော အငွေ့အသက်ပါတကား။
ရက်ရှာသည် မြင့်မြတ်သော်လည်း စိတ်ဝိညာဉ်တိုက်ပွဲဂြိုဟ်သည် သူမ ယဲ့ဖန်ကို စောင့်နေသည့် အရာဝတ္ထုတစ်ခုသာ ဖြစ်လေသည်။
ပုံမှန်အားဖြင့်ဆိုလျင် သူမသည် စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်ပေါ်မှ ကိစ္စများကို အရေးစိုက်နေမည် မဟုတ်ပါ။ စိတ်ဝိညာဉ် တိုက်ပွဲဂြိုဟ်တစ်ခုလုံးကို စီမံသူက နံပါတ်တစ် စိတ်ဝိညာဉ် သေနာပတိ ရိုဒါပင်။
သို့သော် ဤမျိုးမစစ်ကောင်က သူမ၏ ကယ်တင်ရှင်ကို ရန်စလိမ့်မည်ဟု သူမ လုံးဝ ထင်မထားမိပါ။
ရက်ရှာ၏ လူသတ်လိုသောပုံစံကို ခံစားမိပြီး ရိုဒါက လေးဘက်ထောက်၍ ယဲ့ဖန်ရှေ့သို့ ရောက်လာသည်။
“နတ်ဆိုးဧကရာဇ် ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ၊ ဒီငနုံက ဒီနတ်ဆိုးတွေက အရှင့်ရဲ့ လက်အောက် ငယ်သားတွေမှန်း မသိခဲ့ပါဘူး၊ ကျွန်တော်မျိုး သေသင့်ပါတယ်”
လွန်ခဲ့သည့် မိနစ်ပိုင်းက မောက်မာခဲ့သေးသော ရိုဒါသည် ယခုအချိန်တွင် ကြောက်လန့်နေသော ယုန်တစ်ကောင်ကဲ့သို့ မြေကြီးပေါ် ဒူးထောက်နေသည်။
“တောင်းပန်ပါတယ် ဟုတ်လား ရတာပေါ့”
ယဲ့ဖန်က ခပ်ဖွဖွပြုံးလာသည်။
သူ့စကားကြောင့် ရိုဒါတို့ ညီအစ်ကိုနှစ်ယောက် အံ့အားသင့်သွားကြသည်။ ယဲ့ဖန်က သူတို့ကို ခွင့်လွှတ်ပေးချင် နေလိမ့်မည်ဟု သူတို့ ထင်မထားမိကြချေ။
သို့သော် ယဲ့ဖန် ဆက်ပြောလာသော စကားကြောင့် သူတို့မျက်နှာပေါ်မှ ပျော်ရွှင်နေမှုများက ချက်ချင်း ပျောက်ကွယ်သွားလေသည်။
“မင်းတို့က လူလူချင်း သတ်ဖြတ်တဲ့ပွဲတွေကို ဒီလောက်သဘောကျမှ‌တော့ ငါ မင်းတို့ကို အသက်ရှင်ဖို့ အခွင့်အရေးတစ်ခုပေးမယ်”
ယဲ့ဖန်က ဒူးထောက်နေသော စိတ်ဝိညာဉ်သခင် သုံးယောက်နှင့်၊ ရာနှင့်ချီသော ဂြိုဟ်ကမ္ဘာ အစောင့်အရှောက် များကို လက်ညှိုးထိုးပြ၍ ပြောလိုက်သည်။
“မင်းတို့ အဲ့အဖွဲ့ကို သတ်နိုင်သရွေ့ မင်းတို့ အသက်ရှင်ခွင့်ရမယ်၊ မဟုတ်လို့တော့ မင်းတို့ သေရမယ်”
*ဘာ*
ထိုစကားကြောင့် ရိုဒါ ညီအစ်ကိုနှစ်ယောက် ရူးချင်သွားသည်။
*ရာနဲ့ချီတဲ့လူတွေကိုလား*
*ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ပြောရမည်ဆိုလျင် စိတ်ဝိညာဉ်သခင်သုံးယောက်၏ ခွန်အားသည် သူတို့ထက် အားနည်းသည်။ သို့သော် သူတို့သုံးယောက်နှင့်သာ အတူတူ တိုက်ခိုက်ရပါက အခြေအနေက ဆိုးရွားသွားနိုင်သည်။
ထိုအကြောင်း တွေးမိပြီး သူတို့ ငေးငိုင်သွားကြသည်။
သို့သော် ထိုအချိန်တွင် ယဲ့ဖန်နှင့် ရက်ရှာတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်မနေကြတော့ဘဲ ဘေးချင်းယှဉ်၍ လျှောက်သွားကြသည်။
ယဲ့ဖန်တို့နှစ်ဘောက် ထွက်သွားသည်နှင့် စိတ်ဝိညာဉ်သခင် သုံးယောက်နှင့် ရာနှင့်ချီသော ဂြိုဟ်ကမ္ဘာ အစောင့်အရှောက်များက မတ်တပ်ရပ်လာသည်။
ဒေါသငွေ့များက မိုးမီးလောင်မတတ်ပင်။ လူတိုင်းသည် ရိုဒါတို့အား သတ်ဖြတ်လိုသော အကြည့်များဖြင့် ကြည့်လာကြသည်။
စိတ်ဝိညာဉ်သခင်အစား အုပ်ချုပ်နေကြသော ညီအစ်ကိုနှစ်ယောက်သည် ပုံမှန်အားဖြင့် နာမည်ကြီး၍ မောက်မာကြပြီး စိတ်ဝိညာဉ်တိုက်ပွဲ ဂြိုဟ်တစ်ခုလုံးကို ချုပ်ကိုင်ကြလေသည်။
စိတ်ဝိညာဉ်သခင် သုံးယောက်ဖြစ်စေ၊ ရာနှင့်ချီသော ဂြိုဟ်ကမ္ဘာ အစောင့်အရှောက်များဖြစ်စေ အားလုံးက သူတို့နှစ်ယောက်ကို အလွန်မုန်းတီးကြသည်။
ယခုအချိန်၌ သူတို့သည် သူတို့၏ အမုန်းတရားများကို ဖြေဖျောက်ရန် လိုလိုလားလား သတ်ဖြတ်ပစ် ချင်နေကြသည်။
“မင်းတို့ … မင်းတို့ ဘာလုပ်ချင်တာလဲ၊ ငါက နံပါတ်တစ် စိတ်ဝိညာဉ် သေနာပတိကွ၊ မင်းတို့က ပုန်ကန်ချင်တာလား”
*နံပါတ်တစ် စိတ်ဝိညာဉ် သေနာပတိတဲ့လား*
သို့သော် ရာနှင့်ချီသော သိုင်းပညာရှင်များက သူ့စကားကို မကြားချင်ယောင်ဆောင်နေကြပြီး သူတို့ထံသို့ ချဉ်းကပ်လာကြသည်။
“အား …”
မျက်စိတစ်မှိတ်အတွင်းမှာပင် ရိုဒါညီအစ်ကိုနှစ်ယောက်သည် တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်လာသည်။
အော်သံများက ပိုမိုကျယ်လောင်လာပြီး လူအုပ်ကြားထဲ၌ နစ်မြုပ်သွားလေတော့သည်။

ငရဲမှလာသောသူ (Chapter 401 to 600)Where stories live. Discover now