Chapter 490

738 92 0
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (33) Chapter (490) ဖန့်ယင်း၏ စိတ်ဝိညာဉ် ပြန်လည် ဖြစ်ပေါ်လာပြီ

ကြောက်ခမန်းလိလိ မရဏ အငွေ့အသက်များက ဖန့်ယင်းအား လွှမ်းခြုံလာသည်။
“ငါ သေတော့မှာပါလား”
ဖန့်ယင်း၏ နှုတ်ခမ်း၌ စိတ်အေးချမ်းသွားပုံရသည့် အပြုံးမျိုး ဖြစ်ပေါ်လာသည်။ သူမ သေရမည်ကို မကြောက်ပါ။
သေခြင်းတရားသည် သူမအတွက် ပို၍ စိတ်သက်သာရသော အရာဖြစ်သည်။ သူမ သေသွားသည့် အခါမှသာလျင် သူနှင့် ပြန်ဆုံနိုင်မည် မဟုတ်ပါတကား။
“ယဲ့ဖန် ကျွန်မ လာပြီ၊ ငရဲကို ဖြတ်သန်းရမယ်ဆိုရင်တောင်မှ ကျွန်မ ရှင့်ကို လိုက်ရှာမယ်”
ဖန့်ယင်း မျက်လုံးကို မှိတ်လိုက်ချိန်တွင် မျက်လုံးထောင့်မှနေ၍ မျက်ရည်တစ်စက် စီးကျလာလေ၏။ ထို့နောက်တွင်မူ ဖန့်ယင်း၏ ခန္ဓာကိုယ်မှနေ၍ ကြောက်ခမန်းလိလိ အဖျက်စွမ်းအင်တစ်ခု ပျံ့နှံ့ထွက်ပေါ်လာသည်။
ကမ္ဘာဦး ကောင်းကင်သခင်၏ ဓားကဲ့သို့သော လက်ဝါးချက်က သူမအား ထိုးခွင်းတော့မည့် အချိန်တွင် ထိုအဖျက်စွမ်းအင်ကို ခံစားမိပြီး ရုတ်တရက် မျက်နှာပျက်သွားသည်။
“သေစမ်း၊ သူက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်ချင်နေတာပဲ”
ကြောက်မက်ဖွယ် ကောင်းလှသည်။ ကမ္ဘာဦး ကောင်းကင်သခင်သည် ပထမဆုံးအကြိမ် သေရမည်ကို ကြောက်ရွံ့သော ခံစားချက် ဝင်လာရသည်။
မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ရှင်မှ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခြင်းသည် အံ့ဩစရာ ကောင်းလှသည်။
*ထွက်ပြေးရမယ်*
ချက်ချင်းဆိုသလိုပင် ကမ္ဘာဦး ကောင်းကင်သည် လက်ဝါးချက်ကို ရုတ်သိမ်း၍ ကြောက်လန့်နေသော ယုန်တစ်ကောင်ကဲ့သို့ ခပ်ဝေးဝေးသို့ အသည်းအသန် ထွက်ပြေးလေ တော့သည်။
သို့သော် ထိုသို့သောအချိန်မှာပင် ကမ္ဘာတုန်လောက်သည့် ပေါက်ကွဲသံ ထွက်ပေါ်လာ လေတော့သည်။
ဝုန်း!
ကြီးမားသော အဖျက်စွမ်းအင်လှိုင်းက ကောင်းကင်၌ ပျံနှံ့လာသည်။ ဖန့်ယင်း၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲမှုအောက်၌ နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင်များသည် သွေးမြူခိုးများ အဖြစ်သို့ ပြောင်းလဲသွားလေသည်။
လူဆယ်ယောက်၊ အယောက်တစ်ရာ၊ အယောက်တစ်ထောင်၊ နှစ်ထောင်။
....
မျက်စိတစ်မှိတ် အတွင်းမှာပင် လူအယောက် နှစ်ထောင်ကျော်တို့သည် ဖောက်ခွဲမှု၌ သေဆုံးသွားကြလေသည်။
ကောင်းကင်တစ်ခွင်၌ သွေးမြူခိုးများနှင့် ပြည့်နှက်နေပြီး သွေးရောင်ကြောင့် ကောင်းကင်သည် အနီရောင် ဆေးခြယ်ထားသည်ဟု ထင်မှတ်ထားရလေသည်။
မရေတွက်နိုင်သော နတ်ဘုရားမျိုးနွယ်များ ဝမ်းနည်းပူဆွေးနေကြသည်။ ကမ္ဘာဦး ကောင်းကင်သခင်တောင်မှ နောက်ကျောဘက်၌ ပေါက်ကွဲမှုကို ခံစားလိုက်ရသည်။
ထို့နောက် သူသည် မီတာ တစ်ထောင်ကျော်သို့ လွင့်ထွက်သွားလေသည်။ ယခုအချိန်၌ သူ့တစ်ကိုယ်လုံး သွေးများနှင့် ပေကျံနေပြီး အသားများလန်၍ နောက်ကျောပြင်တစ်ခုလုံး ပေါက်ထွက်မတတ် ဖြစ်နေ၏။
သူ၏အရေပြားကို သေချာ မမြင်ရတော့ချေ။ အရိုးများတောင်မှ ထင်းခနဲ မြင်နေရသည်။ ပြင်းထန်သော နာကျင်မှုကြောင့် သူ တုန်ယင်နေလေသည်။ နဖူးမှနေ၍ ချွေးစေးများ တဒီးဒီး စီးကျလာသည်။
“အန္တရာယ် များလိုက်တာ၊ ဒီအရူးမက ငါ့ကို သေအောင် လုပ်မိတော့မလို့ပဲ”
ကမ္ဘာဦး ကောင်းကင်သခင်သည် တစ္ဆေအဖွဲ့အစည်းထံမှ ထွက်ပြေးလာနိုင်သကဲ့သို့ ခံစားမိနေပြီး မနည်းကို အသက်လုနေရသည်။
သေသွားလေပြီ၊ အကုန်လုံး သေသွားကြလေပြီ။ ဖန့်ယင်းနှင့် နတ်ဆိုးမျိုးနွယ်များအားလုံး သုတ်သင်ခံလိုက်ရလေပြီ။
နတ်ဘုရားမျိုးနွယ် စစ်တပ်၌ လူအယောက် သုံးထောင်သာ ကျန်ရစ်ခဲ့သည်။ ကြောက်မက်ဖွယ် ကောင်းလှပေဘိ။ ဤတိုက်ပွဲသည် အလွန်အမင်း ပြင်းထန်ကြမ်းကြုတ်လွန်းလှသည်။
ထိုသည်သာမကသေးချေ။ ဖန့်ယင်း၏ မွေးရာပါ စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို ဖောက်ခွဲခြင်းမှ ထွက်ပေါ်လာသော သူမ၏ သွေးစက်များက အူးလန်ဂြိုဟ်အား ဖြန်းပက်သွားသည်။
ချက်ချင်းဆိုသလိုပင် အူးလန်ဂြိုဟ်တစ်ခုလုံး စိမ်းလန်းစိုပြည်လာသည်။ သစ်ပင်ပန်းပင်များ ပွင့်လန်းလာပြီး မိုးထိမတတ် မြင့်မားလာကြသည်။
အသက်ဓာတ်စွမ်းအင်များနှင့် စိတ်ဝိညာဉ် ချီဓာတ်များ အလွန်အမင်း ပေါကြွယ်ဝလာသည်။ အူးလန်ဂြိုဟ်သည် အင်မော်တယ် နယ်မြေတစ်ခုနှင့် ဆင်တူလာလေ၏။
“ဟားဟားဟား”
ထိုစဉ် ကမ္ဘာဦး ကောင်းကင်သခင်က ဟက်ဟက်ပက်ပက် ရယ်မောလာသည်။ သူ၏ခန္ဓာကိုယ်မှ နာကျင်မှုကို မေ့လျော့ပြီး စိတ်မလှုပ်ရှားဘဲ မနေနိုင်အောင် ဖြစ်နေသည်။
“သေပြီ၊ ကျန်နေတဲ့ နတ်ဆိုးမျိုးနွယ်တွေနဲ့ မွေးရာပါ စိတ်ဝိညာဉ် ခန္ဓာကိုယ်ပိုင်ရှင်ရော အားလုံး မရှိတော့ဘူးကွ”
“ငါ စိတ်ရှုပ်သွားပြီးတော့ စကြဝဠာထဲက ထိပ်တန်း ခန္ဓာကိုယ်ဆယ်ခုထဲက တစ်ခုဖြစ်တဲ့ မွေးရာပါ စိတ်ဝိညာဉ်ခန္ဓာကိုယ်ပိုင်ရှင်ကို သတ်နိုင်လိမ့်မယ်လို့ ငါ ထင်မထားခဲ့ဘူး”
“ဒီမတော်တဆ ဖြစ်သွားတဲ့ကိစ္စကိုသာ အကြီးအကဲတွေ ကြားသွားခဲ့မယ်ဆိုရင် ငါတော့ နတ်ဘုရားမျိုးနွယ်ထဲမှာ နာမည်ရပြီး ခေါင်းမော့ရင်ကော့ပြီး သွားလာနိုင်တော့မှာပဲ”
ထိုသို့သောအချိန်၌ ကမ္ဘာဦး ကောင်းကင်သခင်သည် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်လာသည်။ ထို့အတူ သူ့နောက်မှာ အသက်ရှင်နေသေးသည့် နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် အယောက်သုံးထောင်ကလည်း ကြွေးကြော်လာလေသည်။
“ပြိုင်ဘက်ကင်းလှပါပေတယ်၊ ကောင်းကင်သခင် သက်တော်ရာကျော် ရှည်ပါစေ”
“ပြိုင်ဘက်ကင်းလှပါပေတယ်၊ ကောင်းကင်သခင် သက်တော်ရာကျော် ရှည်ပါစေ”
“...”
ထိုကြွေးကြော်သံကြောင့် ကမ္ဘာဦး ကောင်းကင်သခင်၏ အပြုံးက ပို၍ ကြီးမားလာသည်။
ထိုစဉ် ကြောက်ခမန်းလိလိ ဓားရောင်တစ်ချက်က လေထဲမှ ဖြတ်သန်းလာသည်။ ထိုဓားသည် ကောင်းကင်ထက်မှ ဆင်းသက်လာလေသလားဟု ထင်မှတ်ရပြီး အလွန် ခြောက်ခြားဖွယ် ကောင်းလှသည်။
လေဟာနယ်တစ်ခုလုံး အက်ကွဲသွားပြီး ဟင်းလင်းပြင်နယ်မြေတစ်ခု ဖြစ်ပေါ်လာသည်။ မျက်တောင်တစ်ခတ်အတွင်း ထောင်ချီသော နတ်ဘုရားမျိုးနွယ်များ ခုတ်ပိုင်းခံလိုက်ရသည်။
ဤမြင်ကွင်းက ကမ္ဘာဦး မိုးကောင်းကင်သခင်နှင့် အခြားသူများ ထိတ်လန့်သွားကြသည်။
“ဘယ်သူလဲ”
ထောင်ချီသော နတ်ဘုရားမျိုးနွယ်များအား ဓားချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်သည့် ကြောက်လန့်ဖွယ်ကောင်းသည့် ပုဂ္ဂိုလ်မျိုး ရှိနေလိမ့်မည်ဟု သူတို့ ထင်မထားမိကြချေ။
ဤသည်မှာ မယုံနိုင်စရာ ကောင်းလှသည်။
ဒေါက်! ဒေါက်! ဒေါက်!
ထိုစဉ် အနက်ရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက် မြင်ကွင်းထဲသို့ ရောက်ရှိလာသည်။ သူ၏ မျက်နှာထားသည် သုန်မှုန်လျက်ရှိသည်။ သူသည် ကောင်းကင်မှ သွေးမြူခိုးများကို စိုက်ကြည့်နေပြီးနောက် ငရဲမှ ထွက်ပေါ်လာသကဲ့သို့ အေးစက်သော လေသံဖြင့် ပြောလာသည်။
“နတ်ဆိုးတွေက … မသေဆုံးနိုင်ဘူး”
ထိုအသံအောက်၌ မယုံနိုင်စရာကောင်းသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာလေတော့သည်။
ကောင်းကင်ရှိ နတ်ဆိုးမျိုးနွယ်များ၏ သွေးစက်များသည် ပြန်လည်စုဝေးလာပြီး နတ်ဆိုးဝိညာဉ် များအဖြစ်သို့ ပြောင်းလဲလာသည်။
ထို့အတူ ငါးယောက်၊ ဆယ်ယောက်၊ အယောက်တစ်ရာ။ မျက်တောင်တစ်ခတ် အတွင်းမှာပင် နတ်ဆိုး စိတ်ဝိညာဉ် အခုနှစ်ရာ ပြန်လည်ဖွဲ့စည်းလာသည်။ ထိုနတ်ဆိုး စိတ်ဝိညာဉ်များသည် သေဆုံးသွားသော နတ်ဆိုးမျိုးနွယ်၏ စိတ်ဝိညာဉ်များ ဖြစ်လေသည်။
လွန်ခဲ့သည့် ရက်များစွာက သေဆုံးသွားသည့် နတ်ဆိုးများ၏ စိတ်ဝိညာဉ်များတောင်မှ ပြန်လည် ဖြစ်ပေါ်လာသည်။
*ဒါက …*
“လုံးဝ မဖြစ်နိုင်ဘူး”
ကမ္ဘာဦး ကောင်းကင်သခင် ကြက်သီးထလာသည်။
*အဲ့ဒီ နတ်ဆိုးမျိုးနွယ်တွေက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲသွားတာမို့ သူတို့ စိတ်ဝိညာဉ်တွေကပါ ပျက်စီးသွားတာလေ၊ ဘယ်လိုလုပ် ပြန်လည်မွေးဖွားနိုင်မှာလဲ*
ဤမြင်ကွင်းက သူ့အား မယုံသင်္ကာ ဖြစ်သွားစေသည်။ သို့သော် ဤသည်မှာ အစသာ ရှိသေးလေသည်။
ချက်ချင်းဆိုသလိုပင် လူတိုင်း၏ ထိတ်လန့်နေသော အကြည့်အောက်၌ အနက်ရောင်ဝတ်စုံနှင့် လူသည် နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် အယောက်နှစ်ရာကျော်၏ ရှေ့၌ ရပ်တန့်၍ သူတို့အား သေချာကြည့်ကာ ဖမ်းဆီးလိုက်သည်။
ထို့နောက်တွင်မူ နတ်ဘုရားမျိုးနွယ် သိုင်းပညာရှင် အယောက်နှစ်ရာတို့ထံမှ စိတ်ဝိညာဉ် ဆွဲထုတ်ခံရသည့် အသံများ ထွက်ပေါ်လာလေသည်။
သူတို့၏ နတ်ဘုရား စိတ်ဝိညာဉ်များတောင်မှ ဆွဲထုတ်ခံလိုက်ရလေသည်။ ထိုနတ်ဘုရား စိတ်ဝိညာဉ်များ ဆွဲထုတ်ခံရသည့် အသံများသည် ကောင်းကင်ထက်၌ ပဲ့တင်ထပ်၍ နေ၏။
ထို့နောက်တွင် ငရဲမီး ထွက်ပေါ်လာပြီး နတ်ဘုရား စိတ်ဝိညာဉ် နှစ်ရာအား လောင်မြိုက်လာ သောကြောင့် ထိုစိတ်ဝိညာဉ်များအားလုံး အမှုန့်ဖြစ်၍ ပျောက်ကွယ်သွား လေတော့သည်။
“ဝင်ကြ”
ထိုအနက်ရောင်ဝတ်စုံနှင့်လူ၏ ခက်ထန်သော အသံအောက်၌ နတ်ဆိုး စိတ်ဝိညာဉ်များသည် စိတ်ဝိညာဉ် ဆွဲထုတ်ခံထားရသည့် နတ်ဘုရားမျိုးနွယ်များ၏ ခန္ဓာကိုယ်ထဲသို့ လှစ်ခနဲ ဝင်ရောက်သွားကြသည်။
အားလုံး ပြန်လည်ရှင်သန်လာကြပြီးနောက် ဇဝေဇဝါ ဖြစ်လာကြလေသည်။ ထို့နောက်တွင် ကောင်းကင်ထက်မှ အနက်ရောင်ဝတ်စုံနှင့်လူကို မြင်ပြီး သူတို့အားလုံး တုန်ယင်သွားကြသည်။
“သူက …”
နှစ်ရာသော နတ်ဆိုးတို့သည် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်အောင် ဖြစ်နေကြသည်။ မျက်စိရှေ့မှ အရာက အစစ်အမှန်ဖြစ်သည်ကို သေချာ သိမြင်လာပြီးနောက် အားလုံး မျက်ရည်ဝဲ လာကြသည်။
ပြန်လည်ရှင်သန်လာသော နတ်ဆိုးနှစ်ရာတို့သည် ယဲ့ဖန်ရှေ့ ဒူးတစ်ဖက်ထောက်၍ ရင်ဘတ်ပေါ် လက်တင်ကာ တက်ကြွစွာ ဟစ်ကြွေးလာကြသည်။
“ကျွန်တော်တို့ နတ်ဆိုးတွေက သခင်ကြီးကို ကြိုဆိုပါတယ်”
“နတ်ဆိုးတွေက မသေဆုံးနိုင်ဘူး၊ နတ်ဆိုးဧကရာဇ် သက်တော်ရာကျော် ရှည်ပါစေ”
ဝုန်း!
ထိုအသံများက ကမ္ဘာဦး ကောင်းကင်သခင်နှင့် ကျန်ရှိနေသော နတ်ဘုရားမျိုးနွယ်များအတွက် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
*သခင်ကြီး*
*နတ်ဆိုးဧကရာဇ်လား*
*ဘာက ဘယ်လို …*
ယခုအချိန်၌ ကမ္ဘာဦး ကောင်းကင်သခင်သာမက ကျန်ရှိနေသော နတ်ဘုရားမျိုးနွယ်များပါ ကြက်သီးမွေးညင်းထ၍ ကြောက်လန့်နေကြသည်။
ယဲ့ဖန်ကတော့ အခြားသူများ၏ ထိတ်လန့်မှုကို အရေးမစိုက်ချေ။ သူ့မျက်လုံးများက အင်မော်တယ် နယ်မြေနှင့် ဆင်တူနေသည့် အူးလန်ဂြိုဟ်ကိုသာ ငုံ့ကြည့်နေသည်။
“ဖန့်ယင်းရဲ့ စိတ်ဝိညာဉ် ပြန်လာခဲ့”
ယဲ့ဖန်သည် ထိုသို့ပြောပြီး မသေမျိုး ခန္ဓာကိုယ်၏ စွမ်းအင်အနည်းငယ်ကို ထုတ်ဖော်လိုက်ပြီး လက်ထဲမှ မွေးရာပါ စိတ်ဝိညာဉ် စိတ်ဝိညာဉ် ခန္ဓာကိုယ်၏ သွေးစက်နှင့် ရောနှောလိုက်သည်။
ထို့နောက်တွင်မူ ကောင်းကင်၌ စိတ်ဝိညာဉ် စွမ်းအင်များ ပြန်၍ ရွာသွန်းလာပြန်သည်။
ယဲ့ဖန်၏ လက်ထဲမှ သွေးစက်များ စီးကျလာပြီးသည်နှင့် အူးလန်ဂြိုဟ်တစ်ခုလုံး တုန်ယင်လာသည်။ ကောင်းကင်၊ သစ်ပင်ပန်းမန်၊ ပင်လယ်နှင့် ကုန်းမြေထက် ရှိနေသော ဖန့်ယင်း၏ အသွေးအသားနှင့် သွေးစက်များက လျင်မြန်စွာ ပေါင်းစပ်လာသည်။
ထိုသွေးစက်များ တဖြည်းဖြည်းနှင့် စုဝေးလာပြီးနောက် မျက်စိတစ်မှိတ်အတွင်းမှာပင် လှပသော ကလေးမလေးတစ်ယောက် ဖြစ်ပေါ်လာသည်။
သူမသည်ကား ဖန့်ယင်းပင် ဖြစ်လေတော့သည်။

ငရဲမှလာသောသူ (Chapter 401 to 600)Where stories live. Discover now