Chapter 537

610 80 0
                                    

ငရဲမှလာသောသူ
The Man from Hell
Author Autumn Wind 123
ဘာသာပြန် Han Shin

စာစဉ် (36) Chapter (537) ကံဆိုးချင်တော့ မင်းက သူ မဟုတ်ဘူးပဲ

နဂါးနက်ခန်းမနှင့် မနီးမဝေး၌ ခြေသံများ ပဲ့တင်ထပ်လျက် ရှိသည်။ ခပ်လှမ်းလှမ်းမှ လူအုပ်ကြီး တစ်အုပ်က နဂါးနက် ခန်းမထံသို့ အပြေးနှင်လာကြသည်ကို တွေ့လိုက်ရသည်။
ထိုလူအုပ်၌ ထောင်သောင်းချီသော လူများပါဝင်နေပြီး မျက်စိတစ်ဆုံး အပြည့်ပင်။ ထိုသူတို့အား ဦးဆောင်လာသောသူသည် ဝံပုလွေလေးသာ ဖြစ်လေသည်။
သူ့နောက်၌ ကျန်းရုန်နှင့် ခုန်လင်တို့ ခပ်သွက်သွက် လိုက်ပါလာကြသည်။ သူတို့နှစ်ယောက်၏ မျက်နှာထက်၌ ပြောမပြနိုင်သော စိတ်လှုပ်ရှားမှုများ ထင်ဟပ်နေပြီး ခပ်ဝေးဝေးမှ နဂါးနက် ခန်းမကို ကြည့်နေကြသည်။
“နဂါးနက်အရှင်သခင် ဒီတစ်ခေါက်တော့ မင်း ဘယ်လို သေရမလဲဆိုတာကို ငါ တွေ့ရတော့မှာလား”
သူတို့၏မျက်နှာ၌ မကျေနပ်ချက်များဖြင့် ပြည့်နှက်နေ၏။ ယဲ့ဖန်သည် ယခင်က သူ့အား အချက်တစ်ရာ ရိုက်နှက်ခဲ့သည်ကို သူ ယခုထိ မှတ်မိနေပါသေးသည်။
သူ၏ဆန့်ကျင်ဘက်တွင်မူ ခုန်လင်၏ မျက်နှာ၌ ပဟေဠိဖြစ်နေဟန်များဖြင့် ပြည့်နှက်နေသည်။
“ဒီလူရဲ့ ကျဆုံးဖို့ အချိန်ရောက်လာပြီလား”
ယခင်က ခုန်လင်၏ အစေခံကို ယဲ့ဖန် သတ်ခဲ့သဖြင့် သူမ စိတ်ထဲ ရှုပ်ထွေးနေသလို ယဲ့ဖန်အပေါ် မုန်းလည်းမုန်းနေ၏။
သို့သော် ဆူပူအုံကြွနေသော လူအုပ်ကြီးက နဂါးနက် အစည်းအရုံးခန်းမသို့ မရောက်ခင်တွင် ဝံပုလွေလေး၏ ခြေလှမ်းများက ရုတ်တရက် ရပ်တန့်သွားသဖြင့် သူတို့လည်း လိုက်ရပ် လိုက်ရသည်။
သူ၏မျက်လုံးအစုံက ရှေ့တည့်တည့်သို့ စိုက်ကြည့်နေသည်။ မျက်စိရှေ့တည့်တည့်ရှိ နဂါးနက် ခန်းမ၏ တံခါးဝ၌ အနက်ရောင်ဝတ်ရုံနှင့် လူငယ်တစ်ယောက်က ခန်းမသခင်နှင့် အခြားသူများနှင့်အတူ သူတို့အား စောင့်ကြိုနေသကဲ့သို့ ရပ်စောင့်နေသည်။
*ဟမ်*
ထိုအချိန်တွင် ကျန်းရုန်နှင့် အခြားသူများ၏ မျက်နှာထက်၌ ဒေါသ အရိပ်အယောင်များ ထင်ဟပ်လာကြသည်။
“အဲ့ကောင်လေး ထွက်လာရဲလိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ ဝံပုလွေလေး လာမယ်ဆိုတာကို သိလို့ သူ ကြိုနှုတ်ဆက်ဖို့ ထွက်ရပ်နေတာလား”
အားလုံးက ယဲ့ဖန်အား အထင်သေးသလို ကြည့်လာကြသည်။ သို့သော် ဝံပုလွေလေးသည် ယဲ့ဖန်ကိုမြင်ပြီး မျက်လုံးပြူးသွားလေသည်။
“ဘယ် … ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
မယုံနိုင်စရာ ကောင်းသည့် အရာတစ်ခုကို မြင်လိုက်ရသကဲ့သို့ သူ့မျက်နှာ၌ ထိတ်လန့်မှုများနှင့် ပြည့်နှက်လာသည်။
အနက်ရောင်ဝတ်စုံနှင့် ထူးဆန်း၍ နတ်ဆိုးဆန်လှသည်။ ထိုနေရာ၌ ရပ်နေပုံကပင် ညအမှောင်ထဲမှ ဘုရင်တစ်ပါး ရပ်နေသကဲ့သို့ လူတို့အား ရုတ်တရက် ကြည်ညိုလေးစားစေသည့် စိတ်မျိုး ပေါ်ပေါက်လာစေသည်။
*ဒီပုံစံက*
သူ၏မျက်စိရှေ့မှ လူသည် သူ့ရင်ထဲ၌ တည်ရှိနေသော လူနှင့် တူညီသော ခန္ဓာကိုယ် အချိုးအစားနှင့် ပင်ကိုစရိုက်မျိုး ရှိလေသည်။
ဝံပုလွေလေး၏ မျက်လုံး၌ မျက်ရည်များ ဝေ့သီလာသည်။ သူ့ခန္ဓာကိုယ်က တုန်ယင်လို့လာ၏။
ဂြိုစ်သေပေါ်၌ ရှိနေစဉ်အခါက သူသည် ရက်ပေါင်းများစွာ ငြိမ်သက်စွာ ထိုင်နေ၍ အတိတ်က ဖြစ်ရပ်များကို အမှတ်ရနေမိသည်။ သူ ကျိတ်၍ ငိုကြွေးခဲ့ရသည်။ သူ ထိုပုဂ္ဂိုလ်၏ မျက်နှာကို အမှတ်ရနေသည်။ သူ ထိုပုဂ္ဂိုလ်၏ ပုံရိပ်ကို အမှတ်ရနေသည်။
ထိုလူ၏ လှုပ်ရှားမှုတိုင်းက သူ၏ နှလုံးသားထဲ၌ ကမ္ဗည်းထိုးထားသကဲ့သို့ စွဲထင်နေပြီး သူ ဘယ်သောအခါမှ မေ့ရက်နိုင်မည် မဟုတ်သလို မေ့လည်း မေ့သွားမည် မဟုတ်ပါ။
သူသည် ကပ်ဆိုးဂြိုဟ်သို့ ရောက်လာစဉ်ကတည်းက အဘိုးအို၏ ကလန်သို့ ခေါ်သွားခြင်း ခံခဲ့ရသည်။ သူ နေ့ရောညပါ အပြင်းအထန် ကြိုးစားခဲ့သည်။
သူ တားမြစ်နယ်မြေထဲသို့ ခြေချခဲ့ရရင်တောင်မှ၊ သူ အန္တရာယ်များ ဝန်းရံထားခြင်း ခံရရင်တောင်မှ၊ သို့မဟုတ် သူ ထပ်ခါထပ်ခါ သေလုနီးပါး ဖြစ်ခဲ့တာတောင်မှ သူ လုံးဝ နောင်တမရခဲ့ချေ။
ဝံပုလွေလေး၌ ပန်းတိုင်တစ်ခုသာ ရှိသည်၊ ထိုပန်းတိုင်မှ ထိုပုဂ္ဂိုလ်၏ မပြီးပြတ်သွားသော ဆန္ဒကို ဖြည့်ဆည်းပေးရန် ဖြစ်လေသည်။
နတ်ဆိုးများက အင်မော်တယ်များကို ဖျက်စီးရန် ဖြစ်လေသည်။
ထိုပုဂ္ဂိုလ်၏ ပန်းတိုင်အတွက် သူ အရာအားလုံးနီးပါးကို စွန့်လွှတ်ခဲ့သည်။ ကိုယ့်ကိုယ်ကိုယ် ထပ်ခါထပ်ခါ ဒဏ်ခတ်ခဲ့သည်။
သို့သော် ယခုအခါတွင် သူ့နှလုံးသားထဲမှ ပုဂ္ဂိုလ်နှင့် တူညီသော ပုံရိပ်အား သူ တွေ့နေရသည်။
“ဒါ … ဒါ သူများလား”
ဝံပုလွေလေး ကိုယ့်မျက်လုံးကိုယ် မယုံနိုင်သလို ဖြစ်နေသည်။ ယဲ့ဖန်အား သူ မျက်တောင် မခတ်တမ်း ကြည့်နေမိ၏။
ထိုစဉ် ယဲ့ဖန်က တဖြည်းဖြည်း သူ့ဘက် လှည့်လာသောအခါ ထူးဆန်းသော မျက်နှာတစ်ခုကို မြင်လိုက်ရသည်။
ထိုမျက်နှာကိုမြင်ပြီး ဝံပုလွေလေး၏ မျက်နှာ၌ စိတ်ပျက်မှုများနှင့် ပြည့်နှက်သွားသလို မချိပြုံး ပြုံးလိုက်မိလေသည်။
“တကယ်ပဲ သူ မဟုတ်ဘူးကိုး”
တောက်!
သူ့မျက်လုံးထောင့်မှ မျက်ရည်တစ်စက် စီးကျလာပြီး သူ့ရင်ထဲ၌ အလွန်အမင်း ဝမ်းနည်း သွားရသည်။
ထိုအချိန်၌ ဝံပုလွေလေး၏ လှုပ်ရှားမှုတိုင်းကို ကြည့်နေသော ခုန်လင်နှင့် ကျန်းရုန်တို့ ထိတ်လန့်သွားကြသည်။ ဝံပုလွေလေး မျက်ရည်ကျနေသည်ကိုမြင်ပြီး သူတို့ ကိုယ့်မျက်လုံးကိုယ် မယုံနိုင်သလို ဖြစ်သွားကြလေ၏။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ကပ်ဆိုးဂြိုဟ်၌ ဘိုးဘေးက သခင်လေးကို နေရာချ စီမံပေးခဲ့ပြီးကတည်းက သူသည် ဝံပုလွေလေးနှင့်အတူ မရေတွက်နိုင်သော နတ်ဘုရားများနှင့် နတ်ဆိုးများကို သတ်ဖြတ်ခဲ့သည်။ သွေးသံတရဲရဲနှင့် သေခြင်းရှင်ခြင်း တိုက်ပွဲများကို ဆင်နွှဲခဲ့သည်။ သို့သော် ဝံပုလွေလေး ငိုကြွေးသည်ကို သူ တစ်ခါမှ မတွေ့ခဲ့ရပေ။
ယခုအချိန်တွင် သူ့မျက်လုံးနှင့် တပ်အပ်မြင်ခဲ့ရ၍သာ မဟုတ်ပါက သူ အသတ်ခံရလျင်တောင်မှ သွေးအေး၍ ရက်စက်တတ်သော သခင်လေးက ငိုကြွေးလိမ့်မည်ဟု သူ ယုံကြည်နိုင်မည် မဟုတ်ပါ။
“မင်းက နဂါးနက် အရှင်သခင်လား”
ထိုအချိန်တွင် ဝံပုလွေလေးက ယဲ့ဖန်ကို စိုက်ကြည့်၍ ကျယ်လောင်စွာ အော်မေးလိုက်သည်။ ယဲ့ဖန်သည် ကပ်ဆိုးဂြိုဟ်ပေါ်သို့ ခြေချခဲ့စဉ်ကတည်းက သူ၏ ပုံစံအမှန်ကို တစ်ခါမှ ထုတ်မပြခဲ့ပေ။
ယခုအချိန်၌ ဝံပုလွေလေးကို မြင်ပြီးနောက် သူ့မျက်လုံးတွင် စိတ်လှုပ်ရှားဟန်များ ဖြတ်ပြေးသွားပြီး နှုတ်ခမ်းတွန့်ရုံပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
*တကယ် ဖြစ်နေတာကိုး*
ဝံပုလွေလေး မျက်မှောင်ကြုတ်နေသည်။ နတ်ဘုရား ဂိုဏ်းချုပ်တစ်ပိုင်းအဆင့်သာ ရှိသေးသည့်သူက သူ့လူနှစ်ယောက်ကို တကယ် သတ်နိုင်လိမ့်မည်ဟု သူ ထင်မထားမိချေ။
ထိုအချိန်တွင် ဝံပုလွေလေးထံမှ ပြင်းထန်သော လူသတ်လိုသည့် အရိပ်အငွေ့များ ထွက်ပေါ်လာပြီး ယဲ့ဖန်ကို လွှမ်းခြုံသွားလေ၏။ ထိုစဉ် သူ ထပ်ပြောလိုက်သည်။
“မင်းက ငါ့ပြိုင်ဘက် မဟုတ်ဘူး၊ မင်းရဲ့ အိမ်မွေးသားရဲကို ထုတ်လိုက်”
“အဲ့မကောင်းဆိုးဝါး သားရဲကို အရင်သတ်ပြီးမှ မင်းကို သတ်မယ်”
ဝံပုလွေလေး၏ စကားလုံးများသည် အလွန် နိုင်လိုမင်းထက် ဆန်၏။ သူ့မျက်လုံးထဲတွင် ယဲ့ဖန်သည် ပုရွက်ဆိတ်ကဲ့သို့ အရေးမပါလှချေ။
ထိုအချိန်တွင် အားလုံးက ဖုထျန်း၊ အီကွမ်နာနှင့် ရာချီသော သူတော်စင်အဆင့်များကို ဝါးမျိုခဲ့သည့် သားရဲကြီးကို တွေ့မြင်ချင်နေသောကြောင့် ယဲ့ဖန်ကို စိုက်ကြည့်နေကြလေသည်။
“စိတ်မကောင်းပါဘူး၊ ငါ့ကောင်ကြီးက ညစ်ပတ်တဲ့အရာတွေ စားမိလို့ ဝမ်းလျှောနေတယ်”
*ဝမ်းလျှောနေတယ်*
ထိုစကားကို ကြားပြီးနောက် ဝံပုလွေလေးနှင့် ကျန်လူများအားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။
*ရက်စက်တဲ့သားရဲက ဝမ်းလျှောနေတယ်တဲ့လား*
*ဒါ ဘယ်လိုစကားကြီးလဲ…*
အားလုံး ဘာစကားမျှ မပြောနိုင်အောင် ဖြစ်နေကြသည်။ ထိုအချိန်တွင် အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ ယဲ့ဖန်က ဝံပုလွေလေးကို လက်ယပ်ခေါ်၍ စနောက်သလို ပြောလာသည်။
“လာစမ်းပါ၊ ဝံပုလွေလေးက ဘယ်လောက် ကြောက်ဖို့ကောင်းလဲ ငါ ကြည့်ချင်လို့”
*ဘာ*
ယဲ့ဖန်က ကိုယ့်သေတွင်းကိုယ်တူးရဲလိမ့်မည်ဟု အားလုံး ထင်မထားမိချေ။ ချက်ချင်းဆိုသလိုပင် ထောင်သောင်းချီသော လူအုပ်ကြီးအတွင်း၌ ပွက်လောရိုက်သွားလေသည်။
မရေတွက်နိုင်သော ဂြိုဟ်စုနယ်မြေများ၏ နံပါတ်တစ် ပါရမီရှင်များတောင်မှ ဝံပုလွေလေးကို မယှဉ်နိုင်ခဲ့သည်ကို သူတို့ တွေ့ခဲ့ပြီးလေပြီ။
*အခု နံပါတ်တစ် ပါရမီရှင်တွေထက်တောင် နိမ့်ကျတဲ့ နတ်ဘုရား ဂိုဏ်းချုပ် တစ်ပိုင်းအဆင့်ပဲ ရှိသေးတဲ့ အဲ့လူက ဝံပုလွေလေးကို ယှဉ်တိုက်ချင်နေတယ်တဲ့လား*
ဤသည်မှာ ကိုယ့်သေတွင်းကိုယ်တူးနေသည်နှင့် အတူတူပင် ဖြစ်လေသည်။
ထိုသူများသာမက ခန်းမသခင်တို့ပါ ထိတ်လန့်သွားကြသည်။ ယဲ့ဖန်က ကြောက်စရာ ကောင်းသည့် နဂါးနက်ကို ထုတ်သုံးလိမ့်မည်ဟုသာ သူတို့ ထင်ထားမိပြီး ဤသို့ ဖြစ်လာလိမ့်မည်ဟု ထင်မထားမိချေ။
“သခင်ကြီး ကျေးဇူးပြုပြီး ပြန်စဉ်းစားပါဦး”
ခန်းမသခင်နှင့် အခြားသူများ၏ နဖူးမှ ချွေးအေးများ စီးကျလာသည်။ ယဲ့ဖန်၏ ရဲတင်းမှုကြောင့် သူတို့ ကြောက်လန့်နေကြသည်။ သူတို့ ဝံပုလွေလေးနှင့် ရင်ဆိုင်သည်နှင့် မည်သို့မျှ အသက်မရှင်နိုင်တော့ချေ။
ယဲ့ဖန်ကတော့ အခြားသူများ၏ စကားများကို ကြားဟန်မရဘဲ ဝံပုလွေလေးကိုသာ စိုက်ကြည့်၍ မချိုမချဉ် ပြုံးနေ၏။
“မင်းက ငါ မြင်ဖူးသမျှထဲမှာ အထူးဆန်းဆုံးသူလို့ ပြောရမှာပဲ”
ဝံပုလွေလေးက တောက်ပသော မျက်လုံးများနှင့် ယဲ့ဖန်ကို ကြည့်နေလေသည်။
“ကျုပ်က သူတော်စင် စဦးအဆင့်ကို ရောက်နေပြီ၊ ဒါပေမဲ့ ကျုပ် အဆင့်ငယ် လေးခုကို ကျော်တိုက်နိုင်တယ်။ ကျုပ်ကို ကောင်းကင်နတ်ဘုရင်လို့ ပြောလို့ရတယ်၊ ကျုပ်က ခင်ဗျားထက် အဆင့် ဆယ့်ငါးဆင့် ပိုမြင့်တယ်”
တစ်ချိန်တုန်းက အဆင့်ပေါင်းများစွာကို ကျော်ဖြတ်ပြီးတော့ ပြိုင်ဘက်ကို ချေမှုန်းနိုင်တဲ့ လူတစ်ယောက်ကို ကျုပ် သိခဲ့တယ်”
“အဲ့ဒီလူက စကြဝဠာထဲမှာ အကြီးကျယ်ဆုံး ပုဂ္ဂိုလ်ပဲ”
*ဘာ*
ဝံပုလွေလေး၏ အလွန်လေးစားသော အမူအရာကိုမြင်ပြီး အားလုံး မှင်တက် အံ့အားသင့် နေကြသည်။
တစ်စုံတစ်ယောက်က ကြောက်စရာကောင်းသော ဝံပုလွေလေး၏ လေးစားခြင်းကို ခံရလိမ့်မည်ဟု သူတို့ ထင်မထားမိချေ။
ခုန်လင်တောင်မှ တအံ့တဩနှင့် ပါးစပ်အဟောင်းသား ဖြစ်နေလေသည်။ ဝံပုလွေလေး ပြောနေသော ထိုပုဂ္ဂိုလ်ကို ကျန်းရုန်တစ်‌ယောက်တည်းသာ သိသည်။ ထိုသူသည် လူသားမဆန်သော မကောင်းဆိုးဝါးသာ ဖြစ်လေသည်။
ထိုအချိန်၌ ဝံပုလွေလေးသည် အားလုံး၏ ထိတ်လန့်မှုကို ဂရုမစိုက်ချေ။ သူသည် ယဲ့ဖန်ကိုသာ စိုက်ကြည့်နေ၏။
“စိတ်မကောင်းစရာက မင်းက သူ မဟုတ်တာပဲ၊ ဒီလိုဆိုမှတော့ မင်း သေလိုက်တော့”
ထိုသို့ပြောပြီး ဝံပုလွေလေးက သူ့လက်ဝါးကို လှုပ်ခါလိုက်သည်။ ထိုအခါ ကြောက်မက်ဖွယ် ဝံပုလွေ လက်သည်းတစ်ဖက်က ယဲ့ဖန်၏ ခန္ဓာကိုယ်အား အပြင်းအထန် စုတ်ဖြဲရန် ဝင်ရောက်လာသည်။

ငရဲမှလာသောသူ (Chapter 401 to 600)Where stories live. Discover now