အခန်း၁ : အစမဟုတ်သော နိဂုံး

14K 243 2
                                    

အခန်း ၁

️‍🌈ထာဝရ မင်း🌈

ခပ်ဝေးဝေးမှပုံရိပ်ယောင်တွေကြောင့် တက်ကြွစွာလျှောက်နေသော သူ့ခြေလှမ်းတွေဟာ အလိုလိုတုံ့ဆိုင်းချိနဲ့လာသည်။ပြင်းပြင်းထန်ထန်ခုန်ပေါက်နေခဲ့သောနှလုံးသားတစ်ခုလုံးဟာလည်း တဖြည်းဖြည်းအေးစက်တော့မယောင်။တမင်နှေးကျသွားသည့် ခြေ​ထောက်၏အားတွေသည် ပုံရိပ်တွေသဲကွဲလာချိန်မှာတော့ မြေကြီးထဲသို့ခွေဝင်သွားချင်သည်အထိ ယိုင်နဲ့ကုန်တော့သည်။

" အဖေ..."

ထိတ်လန့်အံ့ဩစွာဖြင့်ခေါ်မိသော အသံအက်ရှရှဟာ အဖျားတွင်တိမ်ဝင်သွားပြီးနောက် လှိုင်းထန်သွားခဲ့သည်။သေစေနိုင်သည့်လက်နက်ဖြင့် ချိန်ရွယ်ခံနေရသူအမျိုးသားကြီးဟာ ဖြည်းညင်းညင်းလှည့်ကြည့်လာပြီး ခပ်ဖွဖွပြုံးပြသည်။တကယ်ကို မကြောက်ရွံ့သည့်အတိုင်း။

" အဖေ ။ ဟုတ်လား မဏီ ။ ဒီလူသတ်ကောင်က မင်းရဲ့....."

ဆက်ပြောဖို့ခွန်အားမဲ့သွားသည့် မျက်နှာရဲရဲလေးအား သူငေးကြည့်ရင်းက ခြေလှမ်းတွေကိုနောက်ဆုတ်ပစ်လိုက်မိသည်အထိ သူကြောက်လန့်သွားရသည်။

ကမ္ဘာကြီးဘာတွေဖြစ်သွားတာလဲ? အရင်ကအပြုံးချိုချိုတွေနဲ့လူတစ်ယောက်ကရော ဘယ်ကိုရောက်သွားတာလဲ? တစ်ဆိတ်လောက်! ဒီလူဟာ သူသိခဲ့ဖူးတဲ့ ၊ သူအမြဲအလွတ်ရခဲ့ဖူးတဲ့ လျှံဆိုတဲ့သူမဟုတ်ကြောင်း တစ်ယောက်လောက်ရှင်းပြကြပါ။သူနဲ့အမြဲအတူရှိဖူးတဲ့ ခပ်အေးအေးအပြုံးမျက်နှာလေးနဲ့လျှံက အခုသူ့အဖေကို လက်နက်နဲ့ထိခိုက်စေချင်တဲ့သူနဲ့ ရုပ်ချင်းတူပေမဲ့ လူချင်းတော့မတူဘူးမလား?? တစ်ယောက်ယောက်ဖြေပေးပါ?? မဟုတ်ရင် သူရူးသွားလိမ့်မယ်!

" လျှံလား?? "

" မဏီ ။ မင်း အဖေက...."

ဆို့နင့်သည့်ကြေကွဲရိပ်သဏ္ဍာန်တွေက ရဲရဲတောက်နေသောမျက်နှာအေးစက်စက်ပေါ်မှာ အတိုင်းသားပေါ်လွင်နေသည်။သေနတ်ကိုဆုပ်ကိုင်ထားသည့် လက်ချောင်းတွေကလည်း ဖြည်းဖြည်းချင်းလှုပ်ခါနေခြင်းမှာ ဖော်ပြဖို့တောင်ခဲရင်းသော ရင်တွင်းမှဝေဒနာကြောင့်ဖြစ်ပါလိမ့်မည်။

🌈 ထာဝရ မင်း 🌈 ( Completed) Where stories live. Discover now