အခန်း ၇ : ထိုက်တန်သော

1.8K 83 1
                                    

အခန်း ၇

🌈 ထာဝရ မင်း🌈

စိတ်တို့ရဲ့အနာဟာ ကုသဖို့ခက်၏။နေခြည်ဖျန်းတာနဲ့လန်းတဲ့ ပန်းတွေလိုမဟုတ်ဘူး။ဖက်ဆွတ်ရေတိုးမှ ပွင့်တဲ့ပိတောက်ပန်းတွေလိုလည်း မဟုတ်ဘူး။သူဟာ တမြေ့မြေ့နဲ့ ဖြည်းဖြည်းချင်းတိုက်စားခံရသည့် မြေအောက်လွှာတွေလိုမျိုး။အချိန်ကြာလေ ပိုကြီးထွားလေ ၊ ပိုတိုက်စားခံရလေပဲ။ကာကွယ်ဖို့မတတ်နိုင်သလို ကုသဖို့လည်းဆေးမရှိဘူး။

လူတစ်ယောက်ဟာ သူလုပ်တဲ့အလုပ်မှာအနှောင့်အယှက်ဝင်ရင် ထိုနေ့ကိုပြဿဒါးလို့ သတ်မှတ်ပစ်တတ်ကြသည်။တချို့တွေကြတော့ သူတို့ဘာလုပ်လုပ်လွဲချော်နေတဲ့အခါ ရက်ရာဇာမဟုတ်လို့တဲ့။ဒါဆိုရင် သူ့အတွက်ပြဿဒါးဆိုတာက နတ်ဆိုးလေးရဲ့အသံကိုမကြားရတဲ့နေ့ဖြစ်မယ်။ရက်ရာဇာမဟုတ်တာကတော့ မှုန်ကုပ်ကုပ်မျက်ခုံးလေးတွေနဲ့မတွေ့ရတဲ့အခါတွေပေါ့။

ရက်သတ္တပတ်ဆိုတာ သိပ်ကိုငရဲဆန်လွန်းတဲ့နေ့ရက်တွေပါပဲ။နတ်ဆိုးလေးရဲ့ ခပ်ဆိုးဆိုးအမူအရာဟန်လေးပျောက်ဆုံးနေတဲ့အတွက် လောကဟာသိပ်ပြီးပျင်းရိဖွယ်ကောင်းနေသည်။အရင်လို ကြယ်တွေကြည့်နေတတ်တဲ့ မျက်ဝန်းစူးရှရှတွေ ဘယ်အရပ်များအလည်လွန်နေပါသလဲ။ငေးကြည့်ချင်နေတဲ့ဒီရင်ခွင်ကို မျက်နှာလည်းမမူ ၊ ကျောလည်းမခိုင်းဘဲ ဥပက္ခာပြုထားလေသော ထိုနတ်ဆိုးရဲ့အတောင်ပံတွေကို ခိုးယူထားလိုက်ချင်ပါသည်။ဝေးဝေးကို ခိုပုန်းလို့မတတ်နိုင်အောင်ပင် တားဆီးပစ်လိုက်ချင်ရဲ့။

စိတ်တိုစရာဖြစ်သွားတယ်ဆိုရင်တောင် ဒီလောက်ဆို ကျေအေးသင့်ရောပေါ့မဟုတ်ဘူးလား?ဘာလို့ သူ့ကိုထပ်ပြီးအရွဲ့တိုက်ချင်နေသေးလဲ နတ်ဆိုးရဲ့။သူ့ရဲ့ခံနိုင်ရည်ကိုစမ်းသပ်နေတာမျိုးဆိုရင်တော့ အရှုံးပေးပါပြီဆိုပြီး ဒူးထောက်ပြရင်တောင် နောက်တစ်ခါထပ်ပြီးရက်စက်ချင်သွားမှာလည်း စိုးရသည်။

တကယ်လို့သာ အဲ့လောက်အထိအပြစ်ကြီးသွားမယ်ဆိုတာသာကြိုသိခဲ့လျှင် သူမနက်စာရှောင်ခဲ့လိမ့်မည်မဟုတ်။မနက်စာမရှောင်ခဲ့လျှင် ပြိုင်ပွဲအတွင်းမေ့လဲသွားလိမ့်မည်လည်းမဟုတ်။သူသာမေ့လဲမသွားခဲ့ရင် နတ်ဆိုးလေးရဲ့ဒေါသထွက်ခြင်းခံရမှာလည်းမဟုတ်သလို သူလည်းအခုလိုငိုင်နေရမှာမဟုတ်။

🌈 ထာဝရ မင်း 🌈 ( Completed) Where stories live. Discover now