ပထမဆုံးသော အနမ်း: Bonus Extra

633 15 0
                                    

🌈ထာဝရ မင်း 🌈

" မထသေးဘူးလား မဏီ "

ညက ရေချိန်လွန်နေတဲ့ပုံစံနဲ့ ရုတ်တရက်ကြီး သူ့ဆီကိုရောက်လာခဲ့တဲ့နတ်ဆိုးငယ်ဟာ ထုံးစံအတိုင်း လျှံ့ရဲ့အိပ်ရာကို အပိုင်စီးထားလေသည်။ ဒါတောင် ကိုယ်ပိုင်ပစ္စည်းဆို သူစိမ်းတစ်ယောက်နဲ့မျှသုံးရတာမျိုးသဘောမကျတတ်တဲ့ လျှံဟာ လောကကြီးကို လက်ဝယ်ပွေ့ပိုက်ရသူလို စိတ်လိုလက်ရအပြုံးတွေနဲ့ကျေနပ်ဂုဏ်ယူနေတုန်းပဲ။

တစ်ညလုံး သူ့ကိုယ်ကျင့်သိက္ခာကို မိုက်မဲစွာယုံကြည်ထားပြီး နံဘေးနားစိတ်ချလက်ချအိပ်နေခဲ့တဲ့နတ်ဆိုးငယ်ကိုပဲ တစ်လျှောက်လုံးငေးရင် အချိန်တွေကိုဖြုန်းမိခဲ့တာမို့ နားထင်ကြောတွေမှာ ကိုက်ခဲမှုကတဆစ်ဆစ်။ သို့ပေမဲ့လည်း လျှံကတော့ နှုတ်ခမ်းစွန်းတွေမြင့်တက်တဲ့အထိ ကြည်ကြည်နူးနူးဖြစ်နေရင်းက သူ့အိပ်ရာပေါ်ဝမ်းလျားမှောက်နေသူကို ညင်သာစွာနှိုးနေမိ၏။

" မဏီရေ အကြာကြီးအိပ်နေရင် မင်းနေမကောင်းဖြစ်တော့မယ်။ ထတော့ ငါ အမူးပြေစွပ်ပြုတ်.."

" ဟားးး  နားငြီးတယ်ကွာ လျှံရာ.. "

ဘုန်း!...

ရုတ်တရက် လျှံ့ရဲ့ကမ္ဘာကြီးတစ်ခုလုံး ငလျင်လှုပ်သလိုမျိုး ဘယ်ညာ ဝုန်းခနဲတုန်ခါသွားခဲ့သည်။
သေချာပေါက် ငလျင်ဆိုတာ ဇာမဏီဆိုတဲ့နတ်ဆိုးငယ်ပါပဲ။

အိပ်ချိန်ကျော်တဲ့အထိ အိပ်မိရင် စိတ်မကြည်မလင်ဘဲဒေါသထွက်တတ်တဲ့အကျင့်ဆိုးလေးနဲ့ အနှီနတ်ဆိုးငယ်က ပခုံးတစ်ဖက်ကိုဖွဖွကိုင်လို့နှိုးနေတဲ့လျှံ့ရဲ့လက်တစ်ဖက်ကို အကြမ်းပတမ်းဆုပ်ကိုပြီး ဆွဲချပစ်လိုက်ကာ လူတစ်ကိုယ်လုံးအား ခြေတံရှည်၊လက်တံရှည်တွေနဲ့ရစ်ပတ်ပစ်လိုက်တာမို့ လျှံ့ရဲ့နှလုံးအိမ်ဟာ ရင်ဘတ်ထဲကကန်ထွက်မတတ် ခုန်ပေါက်သွားရ၏။

" မ..မဏီ "

ရက်ပေါင်းများစွာ ခြေချုပ်မိနေရာကနေ ယခုမှမြင်းဇောင်းတဲကလွှတ်လိုက်လို့ ကမူးရှူးထိုးပြေးထွက်သွားတဲ့မြင်းနီကြီးတစ်ကောင်လိုမျိုး ထိန်းမရသိမ်းမရကဆုန်ပေါက်နေတဲ့နှလုံးသားကြောင့် တိုးလျနေတဲ့ လျှံ့ရဲ့အသံကို မျက်လုံးတွေပိတ်ထားတဲ့ လူသားနတ်ဆိုးလေးကတော့ ကြားပုံပင်မရ။
သူ့ရဲ့တစ်ကိုယ်လုံးကိုသိမ်းပွေ့ဖက်ထားပြီး ပြန်အိပ်နေတာများ မျက်တောင်ရှည်နက်နက်တွေငြိမ်သက်နေတဲ့အထိ သက်တောင့်သက်သာ။ အသက်ရှူသံတွေအစ ပုံမှန်အနေအထား။

" အဟင်း..မဏီ....မင်းကတော့လေ "

နောက်ဆုံး မလွတ်မြောက်နိုင်တဲ့အဆုံး
လျှံကိုယ်တိုင် မလွတ်မြောက်ချင်တဲ့အဆုံး
ကြယ်သီးတွေပြုတ်နေတဲ့ခပ်ဟဟအင်္ကျီကြားထဲက ယောက်ျားဆန်တဲ့အငွေ့အသက်တို့ စွဲထင်နေတဲ့ရင်ဘတ်ဖြူဖြူလေးဆီကိုသာ မျက်နှာတိုးကပ်လိုက်ရင်း

" တကယ်ကို နတ်ဆိုးလေးပဲ "

မွ!

ပထမဆုံးအကြိမ် ခိုးယူနမ်းရှိုက်မိတဲ့ အနမ်းတစ်ခု။
ထိုအနမ်းက လျှံ့အတွက်တော့ ထာဝရအမှတ်ရနေမဲ့ သိပ်သည်းဆကလေး။ ဘဝတစ်သက်တာလုံး ဘယ်တော့မှပျောက်ပျက်မသွားတော့မဲ့ မှတ်ဉာဏ်ထဲက ဆဲလ်နီလုံးလေး။
နောက်ပြီး စကြဝဠာကြီးပျောက်ကွယ်သွားရင်တော့ တစ်ခုတည်းကျန်ရှိနေမဲ့ လတ်ဆတ်တဲ့အငွေ့အသက်လေးပဲ ဖြစ်လိမ့်မည်။ တစ်စုံတစ်ယောက်တော့ ဘယ်သောအခါမှသိနိုင်မှာ မဟုတ်ပေမဲ့လည်း။

ထူးထူးခြားခြား အဲဒီ့နေ့က သီတင်းကျွတ်လပြည့်နေ့ ဖြစ်နေခဲ့သည်။

ငါ့အတွက် မတရားတဲ့လောကကြီးထဲမှာ တရားတဲ့မြတ်နိုးမှုလေးက မင်းပဲဖြစ်ခဲ့တာပါ ဇာမဏီ!
မင်းရှိရုံနဲ့ ဘဝကိုကျေနပ်နေမိတဲ့အထိ ဒီလောကကြီးမှာ
မင်းတစ်ယောက်တည်းကိုပဲ အလိုရှိခဲ့တယ်!

ချစ်တယ်...
အရိုးသားဆုံးဆိုရရင် အဲ့ထက်ပိုတယ်...
ငါ့မှာ ဘာတစ်ခုမှမကျန်တော့ရင်တောင် မင်းကိုတော့
ငါ့ရဲ့နောက်ဆုံးအသက်နဲ့လဲပြီး ​အပြုံးတစ်ခုဖန်တီးပေးချင်မိတဲ့အထိ
လောကကြီးမှာ မင်းကိုသာ ငါအမြတ်နိုးဆုံးဖြစ်ခဲ့တယ် ဇာမဏီဆိုတဲ့ နတ်ဆိုးငယ် ~~

🌈 ထာဝရ မင်း 🌈

မှတ်ဉာဏ်တွေက မင်းလိုမျိုးမဟုတ်ဘူး
​ကြင်နာမှုကင်းမဲ့လွန်းတယ်..
ပြီးတော့ နေ့ရက်တိုင်းမှာ ငါ့ကိုသတ်တယ်..

🌈 ထာဝရ မင်း 🌈

💔💔💔💔💔💔💔💔💔💔💔💔💔💔💔

#HninYhine
29102023(7:00)PM

🌈 ထာဝရ မင်း 🌈 ( Completed) Where stories live. Discover now