For Unicode
ဂွမ်ဂျူရဲ့ လေထုက ဒီနေ့မှ ပိုပြီး ကြည်လင်အေးမြကာ နှစ်လိုဖွယ်ကောင်းနေသည်။
ခုနလေးကမှ အလျှံတငြီးငြီးတောက်လောက်နေတဲ့ နေမင်းကို တိမ်လွှာဖြူဆုပ်ဆုပ်တွေက ၀န်းရံကာဆီးလိုက်တော့ အပူဒဏ်ကပါ အတော်လေးသက်သာသွား၏။
" သားရေ..နေပူတယ် ထီးယူသွား "
လျှာထိုးဦးထုပ်ပါပေမဲ့လည်း အမေက မှာသော စကားမို့ ဘာမှအငြင်းပွားမနေပဲ
ခေါက်ထီးပြာပြာလေးကို လှမ်းဆွဲယူလိုက်ရ၏။လမ်းဘက်ကိုထွက်လာတော့ နေလုံးကတိမ်ထုထဲမှ လွတ်ကာ ပို၍ ပူလောင်လာသည်။ ထို့ကြောင့် အမေပေးလိုက်တဲ့ ခေါက်ထီးကလေးကို ဖွင့်၍ ဆောင်းရတော့သည်။ ဒေစီပန်းကလေးတွေ လွင့်မျောနေဟန် အလှဆင်ထားတဲ့ အမေ့ထီးကလေးက မိန်းကလေးဆန်နေပေမဲ့ အတော်ကလေးကို အေးရိပ်ပေးနိုင်၏။
" ဆော့ဂျင်! ဘယ်လဲ "
" ဆိုးဂန် တို့ဆီ "
" အော် စာကျက်ဝိုင်းလား "
လမ်းလည်ခေါင်မှာ စက်ဘီးကို ခွရပ်ကာ အမေးမြန်းထူနေတဲ့ သကောင့်သား လီဂျွန် ကို သူဘုကြည့်ကြည့်လိုက်မိ၏။
" စာအုပ်ပြန်တောင်းမလို့!"
" ငါ လိုက်ပို့ပေးမယ်လေ "
" နေပါ။ မင်းဘွားတော်ကြီး တွေ့ရင် ပွားလွန်းလို့ "
လီဂျွန်က ဟွန့် ခနဲ နှာခေါင်းရှုံ့ကာ စက်ဘီးကလေးကွေ့ပြီး ထွက်သွားသည်။
အထက်တန်းကျောင်း ပထမနှစ်ဆိုတာ အရမ်းကြီးရင့်ကျက်ဖို့မလိုသေးပေမဲ့ သူတို့ကတော့ လူကြီးလေးတွေလို ပြုမူပြောဆိုနေရတာကို သဘောကျသည်။နှစ်လမ်းကျော်လောက်လျှောက်ပြီးသည်နှင့် ဟီးထနေသည့် သုံးထပ်တိုက်ကြီးတစ်ခုက ဘွားခနဲ။
ထည်ဝါသည့်သံတံခါးကြီးက စေ့ရုံပဲစေ့ထားတာကြောင့် အေးအေးဆေးဆေး တွန်းဖွင့်၍သာ ၀င်လာခဲ့သည်။
" ကင်ဆိုးဂန်! "
ခါတိုင်းဆို အသံကို စီနေအောင် ကြားရတတ်တဲ့ ဆိုးဂန်ရဲ့ အသံကတိတ်ဆိတ်နေသည်။
YOU ARE READING
Endless Poem
Fanfictionကျွန်တော့်အတွက်ကံကောင်းခြင်းဆိုတာ မောင့်မျက်၀န်းညိုတွေနဲ့ ဆုံတိုင်း ခံစားမိနေတဲ့ နာမတစ်ခုဖြစ်တယ်။