အခန်း[ ၂၃]

917 134 3
                                    

အတိတ်ဆီသို့ခြေရာပြန်ကောက်ခြင်း(တတိယပိုင်း)

"အိုး....ဂါဒီ...နင့်မှာ ကိုယ်ဝန်ကြီးနဲ့ပါလား...."

ထိုအခါ ဂါဒီက ပုဏ္ဏမီနတ်မယ်အား ဖြတ်ခနဲ မော်ကြည့်လာသည်။

"ဟုတ်တယ် မမလေး ကျွန်မ ကြိုမပြောပြမိတာ တောင်းပန်ပါတယ်"

ပုဏ္ဏမီနတ်မယ်က ဂါဒီ့ကို သနားသွားသည်။ ဂါဒီ့ကို ပိုင်ဆိုင်ခဲ့သည့် သူဌေးကများ ယုတ်ညံ့စွာပြုခဲ့လေရော့သလား....။

"ဂါဒီ့ကို ဘယ်သူကများ တန်ဖိုးမဲ့အောင်ပြုခဲ့သလဲကွယ်...."

ထိုအခါ ဂါဒီသည် အနည်းငယ် ရွှင်ပြုံးလာလျက်....

"မဟုတ်ပါဘူး... မမလေး... အတွေးလွန်နေပါပြီ... ဒီကိုယ်ဝန်ကိုပိုက်ရတာ ကျွန်မ အလိုတူပါတယ်...."

"ဪ...ဪ...ဒါဖြင့် ဂါဒီ့ခင်ပွန်းသည်ကရော... မမလေးကတော့ဖြင့် ဂါဒီ့ကို လူလွတ်ထင်နေတာ...."

ဤစကားကိုကြားခိုက် ဂါဒီ၏ ဦးခေါင်းမှာ အနည်းငယ် ငိုက်ကျသွားသည်။

"သူဆုံးသွားပါပြီ...."

"အိုး...ဖြစ်မှဖြစ်ရလေကွယ်..."

ဂါဒီက ဆက်ပြောပြသည်။

"သူက ဒီပဉ္စဒီပဏီပြည်ကြီးအတွက် အမှုထမ်းခဲ့တဲ့ စစ်သူကြီးတစ်ယောက်ပါ၊ ကျွန်မတို့ရဲ့ သူဌေးအိမ်ကို ပျော်ပွဲရွှင်ပွဲအတွက် ဖိတ်ကြားခံရပြီး ရောက်လာခဲ့တဲ့အခါ ကျွန်မနဲ့ တွေ့ဖူးတာပါ၊ ကျွန်မတို့ ထိမ်းမြှားမင်္ဂလာတောင် မပြုခဲ့ရပါဘူး၊ ကျွန်မလို ကျွန်,မ တစ်ယောက်အတွက် ဒါတွေက လိုလည်း မလိုပါဘူးလေ....

ဒါပေမယ့် သူက ကျွန်မကို ထိမ်းမြှားမယ်လို့ ပြောတယ်...

ကျွန်မကို ရွေးထုတ်ဖို့ရာ ကျွန်မရဲ့ သူဌေးဆီမှာတောင် စရံငွေစ,တွေ သွင်းထားပြီးပြီ....၊ ကျွန်မရဲ့ လုပ်အားခတွေနဲ့ ပေါင်းလိုက်ရင် ကျွန်မကို ရွေးထုတ်ဖို့ ငွေကြေးက ပြည့်စုံပြီ....

ဒါပေမယ့် စစ်ဆင်ရေးတစ်ခုမှာ သူရုတ်တရက်ဆုံးပါးသွားတော့ သူဌေးက အဲ့ဒီငွေတွေကို ထည့်မတွက်တော့ဘူးလေ...ငွေတွေကို ဘယ်တုန်းကမှ ပေးမထားခဲ့သလိုပေါ့....."

ချစ်သောမဟာမောရိယ[Completed]Where stories live. Discover now