အခန်း[ ၂၆]

980 135 6
                                    

မွေးဖွားလာသည့်အရှင်သခင်

ဂါဒီသည် မက္ခရာအား ပွေ့ချီလျက် သွက်လက်စွာ ရှေ့မှပြေးသည်။ ကလေးနှစ်ဦးမှာ လေးငါးနှစ်သား အရွယ်ကလေးတွေ ဖြစ်လင့်ကစား ယောက်ျားလေးများဖြစ်ကြရာ သန်မာကြပါသည်။ ဘာဘာကလည်း သူ့မိခင်နှင့်အပြိုင် အပြေးလိုက်နိုင်ပြီး သူတို့သားအမိမှာ ရုတ်ချည်း ပုဏ္ဏမီ၏ မြင်ကွင်းရှေ့မှ ကွယ်ပျောက်သွားသည်။

ပုဏ္ဏမီသည် ကိုယ်လေးလက်ဝန်နှင့် မောဟိုက်ပင်ပန်းမှုကြောင့် ဆက်၍မပြေးနိုင်တော့လုနီးနီး။ သူမ၏ ခြေလှမ်းတို့မှာ နှေးကွေးလာကာ လက်လျှော့ရလုဆဲဆဲ...။

ရှေ့တွင် လမ်းဆုံးကလေးတစ်ခုရှိလေသည်။ ပုဏ္ဏမီက မည်သည့်လမ်းသို့ သွားရမည့်အရေး တွေဝေနေခိုက် နီးရာအိမ်ခြံပေါက်တစ်ခုမှနေ၍ လက်တစ်စုံထွက်လာပြီး သူမအား ဆွဲခေါ်လိုက်သည်။

"ရှူး...တိုးတိုး...မမလေး..."

ခြံကလေးထဲတွင် ဂါဒီတို့သားအမိသုံးယောက်က ပုန်းနေကြသည်ကို တွေ့ရသည်။ အိမ်ကလေးမှာ သူ့အိမ်ရှင်က လောလောလတ်လတ် စွန့်ခွာသွားပုံရသည်။ လူများမရှိကြ။

လမ်းဆုံသို့ ရောက်သည်နှင့် နောက်မှ လိုက်လာသော ဟန်စစ်သည်တော်များမှာ သူတို့ကို မျက်ခြေပြတ်သွားသည်။ သို့နှင့် နှစ်ဖွဲ့ခွဲကာ တစ်လမ်းစီသို့ ဆက်၍လိုက်သွားကြလေသည်။

"စိုးရိမ်မနေပါနှင့် မမလေး... မြို့ထဲက ဒီလမ်းတွေ ကျွန်မကျွမ်းကျင်ပါတယ်..."

ဂါဒီက မောဟိုက်ပင်ပမ်းကာ စိုးရိမ်ပူပန်လျက်ရှိသော သခင်မဖြစ်သူကို နှစ်သိမ့်သည်။

သူတို့မှာ အနှီအိမ်ထဲတွင်လည်း ကြာကြာနေ၍မရ။ မြို့အလယ်၊ တိုက်ပွဲတို့အလယ် ဖြစ်နေသည့်အတွက် အိမ်ရှင်များကပင် စွန့်ခွာ ထွက်ပြေးသွားကြသည်မဟုတ်ပါလား။

ထို့ကြောင့် သူတို့တစ်စုသည် ခေတ္တပုန်းခိုနေရာ အိမ်လေးထဲမှ ပြန်ထွက်လာကြသည်။ အရှေ့ပေါက်မှဝင်ပြီး အနောက်ပေါက်မှ ပြန်ထွက်လာသောကြောင့် သူတို့မှာ အခြားလမ်းသွယ်တစ်ခုသို့ တိုက်ရိုက်ရောက်သွားသည်။

ချစ်သောမဟာမောရိယ[Completed]Where stories live. Discover now