အခန်း[၃၇]

776 110 0
                                    

Unicode~~~

ပဉ္စဒီပဏီတော်ဝင်နန်းမြို့တော်၏ အဓိပတိလမ်းမကြီးများမှာ ကျယ်ပြောသည်။ ခမ်းနားသည်။ ကြီးကျယ်ခန့်ညားလွန်းသည်။ မြင်းခလောက်သံ တချွင်ချွင်ဖြင့် လူကုန်ထံအသိုင်းအဝိုင်းမှ သခင်လေးတစ်ပါး ဖြတ်သန်းသွားသည်။ အလုံပိတ်ရထားလုံးဖြင့် သူဌေးသူကြွယ်အိမ်မှ မမလေးတစ်ပါးစီးနှင်းလိုက်ပါသွားသည်။ လမ်းဘေးဝဲယာတွင် အဖျော်ယမကာဆိုင်များ၊ စားသောက်ဆိုင်၊ တည်းခိုခန်းနှင့် ဆောင်ကြာမြိုင်များရှိသည်။ ထို့ပြင် ပဉ္စဒီပဏီတိုင်းဌာနီကြီးတွင် သုံးနှစ်မှသာတစ်ကြိမ် ကျင်းပတတ်သော "နတ်ဘုရားရှုမျှော်" ပွဲသဘင်အတွက် ပျားပန်းခတ်ပြင်ဆင်လှုပ်ရှားနေသူများလည်း ရှိသည်။ ကလေးငယ်များ‌ကဝောာ့ ဟိုပြေးဒီပြေး ဆော့ကစားမြူးထူးနေကြလျက်။

ပဉ္စဒီပဏီ၏ တတိယမင်းသားကြီး အဝေရာမှာသန့်ပြန့်သစ်လွင်သော ပိုးထည်ဝတ်ရုံကို ဆင်မြန်းလျက် လက်နှစ်ဖက်ကို ‌နောက်ပစ်ကာ တင့်တယ်စွာဖြင့် ‌လမ်းမထက်ဝယ်အေးအေးလူလူ လျှောက်လှမ်းနေသည်။ သိုင်းပညာမြင့်မားလှသည့် ကိုယ်ရံတော်ခြောက်ဦးက သူ့အနောက်ပါးမှ တန်းစီပြီး လိုက်လာကြသည်။

လမ်းဘေးတစ်နေရာတွင် ကလေးငယ်များမှာ စုရုံးစုရုံးဖြင့် ဆူညံပွက်လောရိုက်နေကြသည်။ အဝေရာသည် ထိုနေရာသို့ ခက်သွက်သွက်လျှောက်သွားလိုက်ပြီး မနီးမဝေးမှသည် ထိုကလေးများအား အကဲခတ်ကြည့်ရှုလိုက်သည်။

အသက် ဆယ်နှစ်၊ ဆယ့်တစ်နှစ် ဝန်းကျင်ရှိကလေး လေးငါးယောက်သည် ဝိုင်းအုံလျက် ထိုးကြိတ်ရန်ဖြစ်နေကြသည်။ ပေစုတ်စုတ် ညစ်ထေးထေးဖြစ်နေသော သူတောင်းစားကလေးတစ်ယောက်အား ကျန်ကလေးများက ဝိုင်းဝန်းထိုးကြိတ်နေကြခြင်းဖြစ်သည်။

"အဲ့ဒီကောင်က.. ငါတို့မြို့ကလည်းမဟုတ်ဘူး... ဘယ်ကလာမှန်းလည်းမသိပါဘူး... ငါတို့ရဲ့ အစားအသောက်တွေကိုက ခိုးစားသေးတယ်.. တယ်ယဉ်ကျေးမှုမရှိတဲ့ကောင်ပဲ.. အဲ့လိုကောင်ကို မှတ်လောက်သားလောက်အောင် ဆော်ပစ်ကြ...."

သူတို့ထဲမှ အကြီးဆုံးဖြစ်ဟန်ရသော ကလေးတစ်ယောက်က သူများနည်းတူဝင်မထိုးပဲ ဘေးမှရပ်ကြည့်ကာ ဆရာကြီးပုံစံဖြင့် အမိန့်ပေးနေသည်။ နောက်ထပ်ကလေးတစ်ယောက်ကလည်း အနှီသူတောင်းစားပုံပေါက်နေသော ကလေးအား ကန်ချောက်လျက် ဆိုပါ၏။

ချစ်သောမဟာမောရိယ[Completed]Where stories live. Discover now