~ ၄ ~

1.6K 221 5
                                    

ညကရွာထားသည့် မိုးကြောင့် ကွန်ကရစ်လမ်းချိုင့်တွေမှာ
ရေတွေတင်ကျန်နေကြသည်။ ရေကို ဝဝလင်လင် သုံးဆောင်ထားကြတာကြောင့် သစ်ပင်ကြီးငယ်မှန်သမျှ ဟာလည်း စိမ်းမြရောင်တင်လျက်။ ကိုယ်တို့ရပ်ကွက်ကို ဒီတစ်ခုတော့ အတော်လေး သဘောကျမိသည်။ ဘယ်
အိမ်ခြံဝန်းကိုကြည့်ကြည့် သစ်ပင်ကြီးကြီးတော့ တစ်ပင်လောက် အနည်းဆုံးရှိတတ်စမြဲ။

ရပ်ကွက်ကို နှစ်ပတ်လောက်ပတ်ပြီးချိန်မှာတော့ ထုံးစံအတိုင်းပင် ဟောဒီက ပဲပြုတ်ပူပူလေးဆိုတာကို ကြားရပြီ။

"အန်တီ ထုံးစံအတိုင်းပဲ"

ပဲပြုတ်သည်အန်တီအေးသည်လည်း ထုံးစံဆိုတာကို သဘောပေါက်စွာပင် စတော်ပဲပြုတ်ပူပူနွေးနွေးလေးကို
စတီးခွက်လေးနဲ့ ချိတ်တွယ်ပြီး ပေးလိုက်ချိန်မှာတော့ အိတ်ထဲကနေ ငါးရာတန်တစ်ရွက် ထွက်သွားသည်။

ပဲပြုတ်ထုတ်ကို အပေါ်အားကစားဝတ်ဘေးအိတ်ထဲ ထိုးထည့်ပြီးချိန်မှာတော့ ထုံးစံအတိုင်းပဲ လမ်းထောင့်က ကုန်စုံဆိုင်ဟာ ဈေးခင်းဖို့ တံခါးကို ဖွင့်လာပြီ။ အင်း...
အရာအားလုံးဟာ သမရိုးကျနဲ့ ပုံမှန်အတိုင်းပဲ။

ဒီလိုအတွေးနဲ့ ဖြေးဖြေးအေးအေး လမ်းလျှောက်လာနေတုန်း ကိုယ့်ရဲ့ သမရိုးကျမနက်ခင်းဟာ ဖောက်ခနဲကျိုးကျေသွားမယ့် အကြောင်းလေး ပေါ်လာသည်။ ဒါဟာ ရှေ့က ဆရာမ သက်လုံးပုံကြောင့်ဆိုတာ အထွေအထူးပြောစရာတော့ သိပ်လိုမည်မထင်။ မနက်ဈေးမှ ပြန်လာပုံရသည့် ဆရာမသည် အထုပ်ပလုံးများကို မနိုင်မနင်းသယ်ရင်း
ကာတွန်းကားထဲက အနှေးကောင်လို တရွေ့ရွေ့...

ကူသယ်ပေးရမလား ၊ မသယ်ပေးရဘူးလား ဝေခွဲမရစိတ်နဲ့ ကိုယ်တိုင်လည်း ဆရာမနဲ့ မလှမ်းမကမ်းမှနေ၍
တရွေ့ရွေ့...
လူရှောင်တတ်ပေမယ့် လူကြောက်တဲ့အထဲတော့မပါလို့ ကိုယ့်ကိုယ်ကိုထင်ခဲ့မိတာ ခုတော့မှားပြီထင်ပါသည်။ ဘာလို့ဆို အထုပ်ကူသယ်ရမည်ထက် ဆရာမအနားကို သွားရမည်ကို တွန့်ဆုတ်နေမိသည်လေ။

ခက်ပြီ။ ဆရာမအနား သွားရမှာကြောက်နေသည့် ကိုယ့်စိတ်ကိုနားမလည်။ အထုပ်ပလုံးတွေကို ကူမသယ်ပေးဘဲ ခပ်မြန်မြန်ကျော်တက်သွားလို့ကလည်း မကောင်း။ အိမ်ပြန်ရမည့် လမ်းကြောက ဒီတစ်လမ်းပဲ ရှိနေသည်။ ကွေ့ပတ်မည်ဆိုလည်း အနောက်ကိုပြန်လှည့်ကာ သွားနေရဦးမည်။ ဒီအတိုင်းနောက်ကနေ တရွေ့‌ရွေ့လိုက်နေရင်လည်း ဆိုင်ဖွင့်အမီပြန်မရောက်ရင် ငေါက်ခံရဦးမည်။ မနက်စောစော အမေ့ဆီမှ ပူညံပူညံသံကို နားမဆင်လိုပါ။ မနက်ကို စိတ်ရှုပ်သွားပြီးရင် တစ်နေ့ကုန် စိတ်အဆင်မပြေဖြစ်တတ်သော ကိုယ့်အကျင့်စရိုက်ကို ကိုယ်သာလျှင် သိ၏။

ဟိုဘက်စာမျက်နှာမှာ အချစ်ရှိခဲ့ဖူးသည်Where stories live. Discover now