~ ၁၁ ~

1.5K 210 9
                                    

ကျောင်းသွားခါနီး ပုံမှန်မနက်ခင်း တစ်ခု။
မိုးမရွာဘဲ နေက မအီမသာသဘောမျိုးဖြင့် မပွင့်တပွင့် လင်းသည်ဆိုရုံ။ မနေ့က အအေးပတ်ပြီးဖျားချင်ချင်
ဖြစ်နေသည်မို့ ဆွယ်တာအပါးတစ်ထည်ထပ်ဝတ်သည်။မိတ်ကပ်လိမ်းတတ်သည့် အကျင့်မရှိသူမို့
နို့ရည်ပါးပါးလိမ်း၊ စံပယ်နဲ့ ထင်းရှူးရနံ့ရောထွေးထားသည့် ရေမွှေးကို ခပ်ပါးပါးစွတ်လိုက်သည်။

မိုးရာသီနဲ့ စံပယ်ဟာ ပနံသင့်သည့်လို့ ယူဆသည်ကို။ မျက်ခုံးဆွဲထားတာ ညီမညီ တချက်ပြန်ကြည့်သည်။
နှုတ်ခမ်းနီလည်း ဆိုးလေ့ မရှိသည်မို့ ဒီကိစ္စအတွက်လည်း သိပ်ခေါင်းကိုက်နေစရာ မလို။ ခေါင်းကိုလည်း သပ်သပ်ရပ်ရပ် ဖြစ်အောင် တစ်ချက် နှစ်ချက် ဖြီးသင်းလိုက်ပြီးနောက်မှာတော့ ကျောင်းသွားဖို့အတွက် လုံလောက်သည့် သန့်ရှင်းသပ်ရပ်မှု ရှိပြီဟု ထင်သည်။

မနေ့ညကတည်းစ အဆင့်သင့် ရှာထုတ်ထားသည့် ကာတွန်းစာအုပ်ကို လွယ်အိတ်ထဲ ထည့်ပြီး အိမ်အောက်ဆင်းလာတော့ လောရှည်က အဆင့်သင့်ရောက်နေလေပြီ။ လောရှည်ကတော့ သူ့ဝသီအတိုင်း
သနပ်ခါးပါးကွက် မျက်နှာလေးနဲ့ပါပဲ။ ကိုယ်ကတော့ သနပ်ခါးလိမ်းရသည့်ကို သိပ်နှစ်သက်သူမျိုး မဟုတ်၍ အိမ်မှာနေရင်း ရံဖန်ရံခါ လိမ်းမိရုံမျှ ရှိသည်။

"ငါ့ဆိုင်ကယ် အဆင်မပြေလို့ ဒီနေ့ နင့်နောက်က
လိုက်ခဲ့ဦးမယ်"

"ရတယ်လေ ညနေကြတော့ရော နင်ကဘယ်လိုလုပ်မှာလဲ
ငါက ဝတီကို ကူရဦးမှာ အပြန်နောက်ကျမယ်"

"အပြန်ကြ ငမဲနဲ့ လိုက်သွားလိုက်မှာ သူ့ကို ငါပြောပြီးပြီ"

သဘောပေါက်ကြောင်း ခေါင်းညိတ်ပြပြီး ဆိုင်ကယ်ဆီ သွားကြသည်။ အိမ်က မထွက်ခင်တော့ ကျောင်းသွားပြီ ဖြစ်ကြောင်း အော်ခဲ့ရသေးသည်။ ထုံးစံအတိုင်း လူထွက်မလာပေမယ့် မီးဖိုဘက်ဆီမှ အေးဟူသော အမေ့အသံကို ကြားရမှ ဆိုင်ကယ်ကို မောင်းထွက်လိုက်သည်။

ကျောင်းကို ရောက်ချိန်မှာတော့ နေအလင်းသည် သိသိသာသာ ပိုလာသလို ကောင်းကင်က တိမ်မျှင်တွေကလည်း ပုတ်သိုးမနေဘဲ ကြည်စင်နေသည်။

ဟိုဘက်စာမျက်နှာမှာ အချစ်ရှိခဲ့ဖူးသည်Tempat cerita menjadi hidup. Temukan sekarang