~ ၁၅ ~

1.5K 211 12
                                    

ကျောင်းပိတ်သွားသည့် နေ့ရက်တွေဟာ ကိုယ့်အတွက်တော့ သာမာန်နေ့ရက်တွေမျှသာ။ အင်တာနက်သုံးသည်။ အိမ်အလုပ်အချို့ကို ကူရသည်။ အမေဆီကနေ ဟင်းချက်သင်သည်။ မနေ့ကပင် ချဉ်ရည်ဟင်းအချက်ကောင်း၍ အဖေဆီကပင် လက်မထောင်ပြတာကို ခံလိုက်ရသေးသည်။ တစ်ခါတစ်ရံတော့လည်း တစ်အိုးလုံးပစ်လိုက်ရသည့် အခါများလည်း ရှိသည်။ ဒါကလွဲရင် ပုံမှန်နေ့စဉ်တိုင်းဟာ သမရိုးကျ။ တစ်ခါတစ်ခါတော့လည်း ပျင်းပျင်းရှိသည်နှင့်အညီ ရပ်ကွက်ထဲက ကလေးတွေနဲ့ ဆော့တတ်ပါသည်။ အခုလည်း သီတင်းကျွတ်နီးတော့ ကလေးတစ်သိုက်နဲ့ အတူ ဗျောက်ဖောက်ဖို့ ကြံစည်နေ၏။

"သဲပုံထဲ ထည့်ဖောက်ကြည့်ကြမလား"

လောရှည်ညီမရဲ့ အသိုင်းအဝန်းတစ်ခုလုံးက အားပါးတရ ထောက်ခံကြသည်။ ထို့ကြောင့် လမ်းအနောက်ဘက်ချောင်နားက ဆောက်လက်စကို ရပ်နားထားသည့် တိုက်နားသို့ လာခဲ့ကြသည်။ ရပ်နားထားတာ ကြာပြီဖြစ်၍ တိုက်မှာ ဆောက်လက်စနဲ့ပင် မတူတော့ဘဲ အိမ်အိုပျက်ကြီးလို ဖြစ်နေသည်။ (၇)တန်းလောက်မှာကတည်းစ ဆောက်နေသည့် အိမ်က အခုထိမပြီးသေးမှတော့ ခြုံနွယ်တွေပင် အုတ်တွေကို ဖြိုကာ ပြိုကျနေပြီ။ ထို့ကြောင့်လည်း အဲ့နားတဝိုက်က ကလေးတွေ ဆော့ကစားရာ နေရာလိုဖြစ်နေသည်။ ထို့ပြင် အသုံးမပြုတော့တာ ကြာပြီဖြစ်သော သဲအပုံလိုက်ကြီးတွေ ရေညှိတက်နေသည့် အုတ်ခဲတန်းကြီးလည်း ရှိသည်။ လောရှည် အိမ်အရှေ့အဖြတ်မှာတော့ နင့်ညီမကို တိုက်နောက် ငါခေါ်သွားတယ်နော်လို့ လှမ်းအော်ထားခဲ့ရသေးသည်။ လူမတွေ့ရသော်လည်း အေးဟူ၍ တုံ့ပြန်သံကို ကြားရသည်။ အိမ်ထဲမှာ မီးပူတိုက်နေပြီ ထင်သည်။

"အုတ်ခဲကို ဒီလိုကာလိုက်မယ် အာ့မှ မြေတိုက်လေးလို ဖြစ်နေမှာ အပေါ်ကနေလည်း ဖုံးလိုရမယ်"

သဲထဲ နစ်ထည့်ထားသည့် အုတ်ခဲတွေကြားမှာ
(၄)ဆင့်ဗျောက် (၃)ခုကို မီးညှိပြီး ထည်ကာ အပေါ်ကနေ အုတ်ခဲတစ်ချပ်ကို ခပ်မြန်မြန်အုပ်ချပြီး ထွက်ပြေးကြသည်။ သဲကိုနစ်ပြီး ဆောက်ထားတာရယ် အပေါ်မှာ သဲထပ်အုပ်ခဲ့တာတွေရယ်ကြောင့် အသံက နဂိုလောက် မကျယ်၊ ခပ်အုပ်အုပ်သာ ထွက်သည်။ ‌

ဟိုဘက်စာမျက်နှာမှာ အချစ်ရှိခဲ့ဖူးသည်Where stories live. Discover now