~ ၈ ~

1.5K 218 11
                                    

မိုးရေအိနေသည့် နေ့ရက်တွေမှာ ဆရာမနဲ့အတူ
ပို၍ရင်းနှီးလာခဲ့သည်။ရင်းနှီးလာရသည့်အကြောင်းရင်းခံ
အဓိက ဇာတ်လိုက်ကတော့ အဖေ့ရဲ့ စာအုပ်ပေါင်းများစွာ ထားရှိရာ အခန်းကိုပဲ လက်ညိုးထိုးရုံရှိသည်။ ဆရာမကို စာဖတ်ခန်းထဲ ပထမဦးဆုံးလိုက်ပို့ရချိန်တုန်းက ဆရာမဖြစ်ပျက်သွားပုံကို ယနေ့အချိန်ထိ မျက်စိထဲက ပျောက်ကွယ်ထားလို့မရသေးပါ။ အဘိုးနဲ့အဘွားလက်ထက်ကစလို့ မမကြီး အထိ စုဆောင်းထိန်းသိမ်းလာခဲ့သည့် စာအုပ်စင်တွေဟာ ဆရာမရဲ့ အာရုံကို သိပ်ကျုံးယူခဲ့ပုံပါပဲ။ (ကိုယ်ကတော့ ကာတွန်းစာအုပ်ပဲ အစုများလို့ စာရင်းထဲ မထည့်တော့ပါ)

နှုတ်ဖျားကနေ ဟာခနဲ ပြုလိုက်သည့် အာမေဍိတ်သံက စလို့ မျက်လုံးတွေဟာ မီးခလုတ်ဖွင့်လိုက်လို့ ဖျတ်ခနဲပွင့်လာသည့် မီးလုံးတွေလို တုံ့ပြန်မှုအဆုံး။ နောက်ပြီး ရှည်လျားကွေ့ညွှတ်သည့် မျက်တောင်တွေဟာ တအိအိပြိုဆင်းလာပြီး နှုတ်ခမ်းတွေ ပြုံးတက်သွားသည့် ပုံရိပ်။ နှုတ်ခမ်းတွေကော မျက်လုံးတွေကော ပြုံးရယ်နေသည့် ပုံရိပ်လေးကို နှစ်ပေါင်းများစွာထိ မှတ်ဉာဏ်တွေထဲမှာ ကိုယ်ဟာ သိုဝှက်ထားထားပါသည်။

ဘယ်အချိန်မှာ မှေးမှိန်သွားမလဲဆိုတာတော့ ကိုယ်တိုင်လည်း မသိပါ။ တကယ်တမ်းတော့ ဆရာမနဲ့ပတ်သက်ရင် မှတ်ဉာဏ်တွေထဲ သိုဝှက်ထားတာတွေဟာ တစ်ခုမက။
ရင်းနှီးကျွမ်းဝင်မှု ဆယ်စုနှစ်တစ်ခုစာအတွင်းမှာ
ရွာနေသည့်မိုးကို သွားခံထားသည့်ခွက်လို အကြောင်းအရာတွေများစွာဟာ ကိုယ့်ခေါင်းထဲ အစီအရီတိုးဝင်ထားကြတာ။

@@@

ပထမနှစ်နေ့ရက်တွေထဲက မိုးရွာနေတဲ့ နေ့တစ်နေ့ပါပဲ။
အခန်းထဲမှာတော့ ကိုယ့်အသက်ရှူသံပင် ကြားရလောက်သည်အထိ တိတ်ဆိတ်နေသည်။အချိန်အတန်ကြာနေပြီ ဖြစ်သော ဆိတ်ငြိမ်ခြင်းတွေရဲ့ အားကောင်းမှုကို ဆရာမ ‌ဒေါ်သက်လုံးပုံက ဖြိုဖျက်လိုက်သည်။

"Tutorial ကို ကူးမချပါနဲ့ ကိုယ့်အတွေးနဲ့ကိုယ်
ကြိုက်ရာ ရေးလာပါလို့ ပြောခဲ့ပြီးသားလေ"

ဆရာမရဲ့ လေသံဟာ ဒေါသစွတ်နေ၍ ပုံမှန်ထက်
အသံမြင့်နေသော်လည်း ငြူစူလိုသည့်အသံမျိုးမဟုတ် ကြည်လင်ပြတ်သားနေဆဲ။

ဟိုဘက်စာမျက်နှာမှာ အချစ်ရှိခဲ့ဖူးသည်Where stories live. Discover now