အပိုင်း ( ၁၈ )

244 21 6
                                    

မနက်စောစောနိုးသဖြင့် ကျော်သာအ‌တွေးတို့ကြည်လင်နေသည်။ ထိုသို့ကြည်ရှင်းနေခိုက် ပုံရိပ်တချို့က ဦးနှောက်ထဲပေါ်လွင်လာချိန် စိတ်ရှိလက်ရှိအတိုင်းသာ အတွေးတို့ဖြန့်ကျက်ထားလိုက်သည်။

ရည်ရွယ်ချက်ရှိရှိ ရှောင်ခဲ့မိသော်လည်း ယခုအချိန်တွင် ကျော်သာတစ်ပတ်ခန့် နေမကောင်းဖြစ်နေစဉ်အတောအတွင်း အနီးကပ်စောင့်ရှောင့်ပေးခဲ့သော ထိုကောင်လေးအကြောင်းကို မတွေးဘဲမနေနိုင်ပြန်။

အမြဲတမ်း အ‌တွေးတို့ ကချော်ကချွတ်ဖြစ်အောင် ပြုမူတတ်သောကောင်လေး၏အပြုအမူကိုအသားကျနေခဲ့သလို အစက ခဏတဖြုတ်အဖြစ်သာ တွေးမိခဲ့၏။ နောက်ပိုင်း ကျော်သာ့အပေါ် ထိုကောင်လေး၏ပရောပရည်အပြုအမူကပင် အနိုင်ရသွားခြင်းလား သို့မဟုတ် လူအများနှင့်အမြဲတမ်းအနေရှင်းခဲ့သည့်ကျော်သာ၏ ခံနိုင်ရည်ကပဲ ညံ့သွားခဲ့သလားမစဉ်းစားတတ်တော့ဘဲ ထိုကောင်လေးနှင့်အတူရှိချိန်တိုင်း အရာအားလုံးဝေဝါးသွားတော့၏။

ကောင်လေးနှင့်အမှတ်မထင် စည်းကျော်မိမလိုဖြစ်ခဲ့သည့်ညကိုတွေးမိ‌တော့ သက်ပြင်းချမိပြီ။ထိုအချိန်မှစ ကျော်သာဘက်က စတင်စည်းတားမိသည်မှာ ထိုကောင်လေးကို အသိမပေးဘဲအင်းလေးသို့ တိတ်တဆိတ် ပြန်ရောက်သည်အထိပင် ဖြစ်သည်။

တစ်ခါတစ်ရံ ကျော်သာနှင့်အလွန်ရင်းနှီးနေသလိုပြုမူတတ်သည့်ထိုကောင်လေးကို ကျော်သာနားမလည်နိုင်ပေ။ ကျော်သာ့လို ပျင်းစရာကောင်းသည့်လူတစ်ယောက်ဆီမှ မည်သည်ကိုလိုချင်မှန်းမသိရသလို ကျော်သာအနား မည်သည့်အကြောင်းကြောင့်‌အချိန်ဖြုန်းနေမှန်းလည်းမသိရပေ။

အတွေးတို့အဆုံးသတ်တွင် နှစ်ဦးနှစ်ဖက်အတွက် အကောင်းဆုံး အဖြေတစ်ခုကတော့ မည်သည့်အ‌ခြေအနေပင်ဖြစ်ဖြစ် ကျော်သာဘက်က ခြေတစ်လှမ်းစတင်နောက်ဆုတ်ရမည်ဖြစ်ကြောင်း အလိုလို သဘောပေါက်မိတော့သည်။

အပြင်ဘက်၌ မြင်နေရသော နေရောင်တစ်စတစ်စတို့သည်အေးချမ်းသောမနက်ခင်းတစ်ခုဖြစ်ကြောင်း
သက်သေပြနေ၏။ ပြန်မရောက်သည်မှာ ကြာပြီးဖြစ်သော ခြေတံရှည်အိမ်ကလေးက‌တော့ အရင်လို မ‌နွေးထွေးသော်လည်း သိပ်တော့မဆိုးလှပေ။

အထင်ကရ ချစ်ခြင်း × အထင္ကရ ချစ်ခြင်း Where stories live. Discover now