အပိုင်း ၅

889 178 10
                                    


Unicode Version

အခန်း ။ ၅

မုန့်ယွင်ဖေး တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလာသည် " မိစ္ဆာဝိညာဉ်တွေက ရွှေအမြုတေ တည်ဆောက်လို့မရလို့ အမတဓားသိုင်းမျိုးလည်း သူတို့ကျင့်ကြံလို့မရဘူး...မိစ္ဆာကျင့်ကြံသူစစ်စစ်တွေသာ ဒီလိုဓားမျိုးနဲ့ကျင့်ကြံနိုင်ကြတာ..ဒါပေမယ့် မနေ့ညက ကျွန်တော်တို့တွေ့ခဲ့တဲ့အရာကလည်း သေချာပေါက် သူတို့ထဲကမဟုတ်ဘူး..." ပြီးသည့်နောက်တော့ သူမျက်မှောင်ကြုတ်ကာ ဆက်လက်မေးမြန်းလိုသည့် သဘောမျိုးဖြင့် " ဒါဖြင့် လင်ကျန်းမြို့ကို ခြောက်လှန့်နေတာ တစ္ဆေကျင့်ကြံသူတွေရောဖြစ်နိုင်မလား? တကယ်လို့ အဲ့ဒီလိုသာမှန်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ တစ္ဆေမြို့တော်ကို စုံစမ်းဖို့ ထပ်ပြီးခရီးထွက်ရလိမ့်မယ်...ပိုကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်သွားမှာကိုကျွန်တောစိတ်ပူနေတာ‌..."

လင်ကျန်းမင်းသား အသက်ရှုပင်ရပ်မတတ် ထိတ်လန့်သွားရလေပြီး အတုန်တုန်အလှုပ်လှုပ်ဖြင့် တုံ့ပြန်ပါလေ၏ " တစ္ဆေ...တစ္ဆေမြို့တော်?"

မုန့်ယွင်ဖေး ဆိုပါ၏ " ဟုတ်တယ်၊ တစ်ဆယ့်နှစ် စီရင်စု တစ္ဆေမြို့တော်...တစ်နည်းပြောရရင် ပရလောက ..."

မကြုံစဖူး၊ ထူးထူးခြားခြားအဖြစ်မျိုးပါပင်၊ ယမန်နေ့ညက လင်ကျန်းမြို့တော်အတွင်း လူတစ်ယောက်မျှ မသေခဲ့၊ ထိုသတင်းအား အတည်ပြုပြီးသည့်သကာလ၊ လင်ကျန်းတစ်မြို့လုံး အုတ်အော်သောင်းနင်း ဖြစ်သွားကြပါလေ၏၊ ယခင် အမတဂိုဏ်းများ၏ အမာခံနယ်မြေအတွင်း စုဝေးလျှက်ရှိနေကြသော ပြည့်တန်ဆာများ၊ လူပင်လယ်အုပ်များမှာ ယခုအခါတော့ မင်းသား၏စံအိမ်ရှေ့၌ စုရုံးလျှက် ဆူညံဆူညံ စကားပြောဆိုနေကြသည်မှာ လမ်းလုံးကျွတ်အပြည့်၊ သနားစရာမင်းသားခမျာမှာလည်း ၀မ်းသာလွန်းအားကြီးလို့ မျက်ရည်များပင် တသွင်သွင်ကျ‌ဆင်းနေတော့သည်၊ သူဟူသည် မြို့ပြင်ရွာဖျားကနေတောင် မနက်ခင်းအမှီ အပြေးကလေးလှမ်းလာခဲ့ကာ အမတဆရာလေးများအား ကျေးဇူးတင်သည့်အနေဖြင့် အထူးထမင်းဝိုင်းများပင်ဖိတ်ခေါ် ကျွေးမွေးနေရှာသည်၊ သို့သော် ယွိချီရှောင်နှင့် မုန့်ယွင်ဖေးတို့အဆင့်ရှိ ကျင့်ကြံသူများမှာ အစားရှောင်ကြသည်မို့၊ ကုန်းဝေ့တစ်ယောက်သာ မြိန်ရေယှက်ရေဖြင့် သူ့ရှေ့ရှိပန်းကန်ထဲက သွားရည်ယိုကြက်သားဟင်းလျာအား စိမ်ပြေနပြေဝါးနေရသည်၊ တူဖြင့်နှိုက်ယူနေရခြင်းအား ကုန်းဝေ့ အားမရနိုင်တော့၊ လက်ဖြင့်ကိုင်ဆောင်ပြီးသာ အားပါးတရ အပီလွေးနေပေရာ သူ၏လက်တစ်ခုလုံးလည်း ငရုတ်ဆီအနှစ်များ ပေသလူးနေတော့သည်။

နိုင့်ဟယ်တံတားသို့ ဖြတ်သန်းခွင့်မရှိ [မြန်မာဘာသာပြန်]Where stories live. Discover now