Unicode
AT 6:45AM
မဟာ ဆေးရုံရှေ့ရောက်သည့်တိုင် သူမလာသေး။ လူတွေစုံနေပြီမို့ ကားကထွက်တော့မည်ဖြစ်သည်။ မဟာ ကားပေါ် တွင်ထိုင်မနေနိုင်။ ဆေးရုံပေါက်ဝကိုပဲ ကြည့်နေရသည်။ ညက ထမင်းကျွေးပြီး နားခိုင်းတာကိုမနားပဲ အိမ်ခဏပြန်ဦးမယ်ဆိုပြီး ပြန်သွားတာ ခုထိပါ။ခုလို တွေဖြစ်မှာဆိုးလို့ မနက်အတူတူထွက်နိုင်ဖို့ မဟာနဲ့အတူအိပ်ခိုင်းတာကိုတောင် သူ့ကိုသတ်တော့မည့်အတိုင်း ငြင်းဆန်ပြီး အိမ်ပြန်သွားသည်။ ကိုယ်တွေနှစ်ယောက်ထဲဆို အကြောင်းမဟုတ် ခုကဆေးရုံအုပ်ကြီးရော တခြားဝန်ထမ်းတွေပါ ပါနေသည့်မို့ အားနာရသည်။ ကားသမားကလည်း စက်နှိုးနေပြီ။
"ဒေါက်တာ ကားထွက်တော့မယ် မတက်သေးဘူးလား "
"ဟုတ်ကဲ့ ဆရာမ"
"စာရင်းထဲမှာ ကျန်နေတဲ့တစ်ယောက်က ဒေါက်တာ့ အဖော်မလား"
"ဟုတ်တယ် မအေမီ ဆယ်မိနစ်လောက်စောင့်ပေးနိုင်မလား"
"မြန်မြန်တော့ တက်ခဲ့နော် ဒေါက်တာ့ အဖော်က မလာလောက်တော့ဘူးထင်ပါတယ် အချိန်ပြောမထားဘူးလား "
ဆရာမလေးက မဟာ့ကိုပြောပြီးကားပေါ် တက်သွားသည်။မဟာလည်း ဆေးရုံရှေ့ပေါက်ကိုပဲ ငေးနေမိသည်။သူတကယ်မလာတော့ဘူးလား။ အဲဒါတော့မဖြစ်နိုင် ။မဟာခေါ်တုန်းကတောင် အချိန်မတော်ကြီးထပြန်လာတဲ့သူက ခုလိုလုပ်လိမ့်မယ်တော့မထင်။
အချိန် ဆယ်မိနစ်က ဘာမျှမကြာလိုက်ပါ။ မဟာလည်း ဒိထက်စောင့်ခိုင်းရင် အားနာစရာမို့ သတ်မှတ်ထားသည့်နေရာမှာ ပဲ ဝင်ထိုင်ရတော့သည်။
ကားကတရွေ့ရွေ့နဲ့ သွားနေပေမဲ့ မဟာ့စိတ်က ဆေးရုံမှာပဲကျန်နေခဲ့သည်။ သူတကယ်ရောက်မလာခဲ့ဘူးပဲ။ မဟာ ဘာကိုမျှော်လင့်ရ ဦးမှာလဲ။ စိတ်ထဲမှာ ဝမ်းနည်းမှုက ဝင်ရောက်လာသည်။ မဟာက ပျော်ရွှင်မှုနဲ့ တကယ်မထိုက်တန်တဲ့သူပါ။ ငယ်ငယ်ထဲက ခုချိန်ထိ ဘယ်ပျော်ရွှင်မှုမှ မဟာ့ဆီမှာကြာကြာမခံ ခဏနဲ့ ထွက်ခွါသွားတာချည်းပါပဲ။ ယခုအခြေနေကလည်း ထိုကဲ့သို့ပါ။
မဟာလည်းစိတ်ကို အဆုံးထိလျှော့ချပြီး မျက်လုံးများမှိတ်လိုက်သည်။ကားပေါ်ကလွင့်ပျံလာတဲ့မျိုးကြီးရဲ့ ရိုးရှင်းသောဘဝရဲ့ပျော်ရွှင်မှု.......တေးသွားက မဟာ့ကို နှစ်သိမ့်နေသလို။