Chapter-1

29.6K 1.9K 103
                                    

Unicode

လွတ်မြောက်စေခြင်း

စာ ...စာ...

ဒီစာကိုထားဖို့ ‌နေရာရှာနေမိတာ မိနစ်အတော်ကြာခဲ့ပြီ။ ဟိုမှာထားရမလား၊ ဒီမှာထားရမလားနှင့် အခုထိ ဆုံးဖြတ်မရသေးပါ။ဒီစာကို ကာယကံရှင်တစ်ယောက် သေချာမြင်သွားစေချင်သလို၊ တန်းခနဲမြင်သွားပြီး အဆောတလျင် ဖောက်ဖတ်လိုက်မှာကိုလည်း စိုးသည်။ဒီလိုသာဆို စိတ်အနှောက်ယှက်များ ဖြစ်လေမလားဟု ပူပန်နေမိတာလည်း ဖြစ်ပါသည်။ သို့သော် ဆက်ဆက်တော့ စာကိုဖတ်စေချင်၏။ အကြောင်းမှာ သူ၏ မဝံ့မရဲသောဆန္ဒတို့ကို ဒီစာထဲတွင် သတ္တိရှိရှိချရေးခဲ့သည့် အတွက်ကြောင့်ပင်။

မဝံ့မရဲသော ဟု ပြောရသည်မှာ သူသည် ကာယကံရှင်အပေါ် အမြဲလိုလို အားနာနေခဲ့ရကာ ၊ အပြစ်ရှိသလို ခံစားနေခဲ့ရခြင်းကြောင့်ဖြစ်သည်။ စင်စစ်တော့ ပြီးခဲ့လေသောအကြောင်းတရားတွေအတွက် သူဟာ တရားခံစစ်စစ်ကြီး မဟုတ်ခဲ့ပါ။သို့တိုင်အောင် ထိုကိစ္စအားလုံး၏ အရင်းမြစ်ဟာ သူနှင့်ဆက်နွယ်နေခဲ့ပါသည်။

သူ...သူ ၊ သူဆိုတာ ရှိန်းယာပါ။ဖြစ်ပျက်ခဲ့သမျှ အကြောင်းအားလုံးရဲ့တစ်ဖက်စွန်းက ရှိန်းယာ ၊ ကြီးကျယ်မြင့်မြတ်လှသော မိသားစု၏ တိတ်တခိုးဖွက်ထားရသည့်၊ လူသိမခံလိုသည့် မိသားစုဝင် ဇမ္ဗူရှိန်းယာ။ ခမ်းနားထည်ဝါသည့် အမည်နာမအောက်က အရှိန်အဝါမဲ့သော အသွင်ပြင်နှင့် တိတ်တဆိတ်ရှင်သန်နေရသူ။ နောက်ပြီး... အရှိကို အရှိအတိုင်းမပြောနိုင်သည့် လူတစ်ယောက်...။

ဒီလောကမှာရှိသည့် တစ်ဦးတည်းသော သွေးသားရင်းကတော့ သူ့ကို အကုသိုလ်ဟု ခေါ်ပါသည်။ သွေးမစစ်၊ အမျိုးမစစ် ကံအကြောင်းမလှ၍ ရလာခဲ့သည့် ရှိန်းယာ၏ မွေးဖွားလာမှုသည် မျိုးရိုးနှင့် မိသားစုအတွက် အကုသိုလ်တစ်ခုသာဖြစ်ကြောင်း ဖိုးဖိုးက ပြောဖူးသည်။ မကြာမကြာပြောသည် ။ ရှိန်းယာကို တွေ့တိုင်းပြောသည်။ နှုတ်ဖြင့်မပြောဖြစ်လျှင် ဖိုးဖိုးဟန်ပန်တို့က မလိုတမာဟန်ပြ၏။ရှိန်းယာ၏ ပုံပန်းသဏ္ဍန် ၊အသွင်အပြင် ၊ လိင်စိတ်ခံယူမှု အားလုံးဟာ ဖိုးဖိုးအမြင်တွင် အတိတ်ကံမကောင်း၍ ပေးဆပ်ရသည့် ဝဋ်ကြွေးများဖြစ်ကာ အလွန်စက်ဆုပ်ဖွယ် ကောင်းနေပုံရပါသည်။

ဘယ်သူချည်လို့ မြဲပါပေ့နိုင်Where stories live. Discover now