Chapter -29

9.3K 998 169
                                    

Unicode

ထင်မှတ်မထားသော ရေစက်များ ၆

နှစ်ဦးသား လက်ထပ်ပြီးစ ကာလတစ်ခုတွင်ဖြစ်သည်။ ရှိန်းယာက အပြာနုရောင် ညအိပ်အင်္ကျီဝမ်းဆက်ကိုဝတ်လျက် ကြီးမားကျယ်ပြန့်လှသော မွေ့ယာကြီး၏ အစွန်းတွင် ပုံ့ပုံ့လေး ထိုင်လို့နေသည်။ နူးညံ့သော လ၏အလင်းရောင်သည် မှန်ပြတင်းထက်မှတဆင့် သူ့ခြေဖမိုးထက်သို့ ဖြာကျလျက် ၊ နီသောဆံပင်တွေမှာမူ သူ့၏ ဆွတ်ဆွတ်ဖြူသည့် ဂုတ်သားထက်တွင် ဝဲခိုလျက်ရှိသည်။

ဒူးကိုကွေးလို့ ‌ပိုက်ဖက်ထားမိသည့် လက်ချောင်းကလေးတွေဟာ လျော့တိလျော့ရဲနှင့်။ ရှည်လျား နက်မှောင်သော မျက်တောင်ထူထူတို့ကလည်း အိစင်းကျနေကာ သူ၏ ပါးမို့မို့ထက်တွင် အရိပ်သဖွယ် ဖြစ်လို့နေသည်။ တစ်ချက်တစ်ချက် ဆတ်ခနဲ ဆတ်ခနဲ ငိုက်ကျသွားတတ်ပေမဲ့ သူ အားမလျှော့ပါ။အသိဝင်လာတိုင်း မှေးစင်းနေသော ဟေဇယ်ရောင်မျက်ဝန်းတွေက အနီးနားရှိ စားပွဲတင်နာရီလေးထံ ရောက်သွားတတ်သည်။အချိန်မနည်းတော့... စောဦး ပြန်မှအိပ်ပါအုန်းမလားဟု နှစ်ဆယ့်ငါးကြိမ်‌မြောက်အဖြစ် ဒီနေ့အတွင်း သူတွေးမိလိုက်သည်။

"ဟင်း...." ရှိုက်ထုတ်လိုက်မိသည့် သက်ပြင်းပူတွေ...။ မနက်စောစော အိမ်မှာဖြစ်ခဲ့သည့် ကတောက်ကဆကို ပြန်တွေးမိတော့ ရှိန်းယာရဲ့ပူပန်မှုက ပိုတိုးလို့လာသည်။ ဖိုးဖိုးနှင့် စောဦး စာကြည့်ခန်းမှာ စကားအချေအတင်ဖြစ်ကြတာ သူကြားခဲ့၏။ အော်ကြီးဟစ်ကျယ်တော့ မဟုတ်ကြပါ။ သို့သော် သဘောထားခြင်းမတိုက်ဆိုင်မှုနှင့် တင်းမာခဲ့ကြတာတော့ သေချာပါသည်။ အကြောင်းရင်းကို မသိရသော်လည်း လုပ်ငန်းကိစ္စမှလွဲ၍ မဖြစ်နိုင်။ ဘယ်လိုပင်ဖြစ်ပါစေ ရှိတာမှ မိသားစုလေးသုံးယောက်ကို နှစ်ယောက်ကမတည့်တော့ ရှိန်းယာမှာ နေရခက်လှသည်။

"အင်းလေ နှစ်ယောက်လုံးကလဲ တော်စပ်ရလို့သာ မိသားစုဖြစ်ရတာပဲ "

ဘယ်နှကြိမ်မြောက်မှန်းမသိတော့သည့် သက်ပြင်းချချိန်တွင် ရှိန်းယာတို့၏ ကျယ်ဝန်းလှသော ခြံကြီးထဲသို့ကားဝင်လာသံ ကြားလိုက်ရသည်။ ငိုက်မြည်းနေမိသော မျက်ဝန်းတွေက လျှပ်စီးတစ်ခုနှယ် လက်ခနဲဖြစ်သွားကာ အစောက ပျင်းရိနေခဲ့သော ကိုယ်‌လုံးလေးမှာ ချက်ချင်းပဲ အိပ်ခန်းတံခါးဆီဦးတည်လို့သွားတော့သည်။ထို့နောက် ရှိန်းယာဟာ လက်ရှည်အပါးကို ကပိုကရို ထပ်ဝတ်ရင်း ကျွန်းသားလှေကားကြီးအတိုင်း အောက်ထပ်သို့ခပ်မြန်မြန်လေး ပြေးဆင်းခဲ့၏။

ဘယ်သူချည်လို့ မြဲပါပေ့နိုင်Where stories live. Discover now