Chapter-24

9.9K 1.1K 111
                                    

Unicode

ထင်မှတ်မထားသော ရေစက်များ ၁

ရဲတွတ်နေသည့် အနောက်အရပ်ကို လှမ်းမျှော်ကြည့်ရင်း ရှိန်းယာ သက်ပြင်းတစ်ချက်ရှိုက်လိုက်သည်။သင်္ကြန်ကာလကတည်းက ပြောင်းလဲနေသောရာတီဥတုက နှစ်ဆန်းရက်တွေမှာ ပိုမိုပြင်းထန်လာတာမို့ ညနေအိမ်ပြန်ချိန်ဆို သွက်သွက်သွား သွက်သွက်ပြန်လုပ်နေကြရ၏။မြစ်ငယ်က မြို့သေးသေးလေးဆိုပေမဲ့ ညနေပိုင်းဆို လူစည်ကားကာ ခုရက်ပိုင်း ပို၍တောင် လူရှုပ်လျက်ရှိပါသည်။

ပိုင်ရှင်းသာကျေးဇူးနှင့် စောစောပြန်ခဲ့ရသော်လည်း ရှိန်းယာစိတ်ဒုံးဒုံးမချနိုင်သေးပါ။ စကားတပြောပြောနှင့် ပြန်သွားကြသည့် တစ်ဖက်ဆန်စက်ထဲမှ အလုပ်သမားအုပ်စုကို ငေးရင်း ပြန်မလာသေးသူအား လည်တဆန့်ဆန့်မျှော်နေမိသည်။ ဒီက အလုပ်တွေအားလုံး အလုပ်ပြန်ချိန်စောပေးပေမဲ့ စောဦးတို့အလုပ်ကတော့ ခုရက်ပိုင်း နောက်ကျသည်ထက်နောက်ကျလာသည်။ မနေ့ညကလဲ မိုးထဲလေထဲမှ ပြန်လာတာမို့ စိတ်အပူကြီး ပူခဲ့ရသေး၏။

"သရက်သီးတွေက ကြွေပြန်ပြီပဲ"

မိုးပြေးအရင်ရောက်လာသည့် လေပြေက အေးစိမ့်နေပြီး ရှိန်းယာရဲ့ ခရမ်းနုရောင်လက်ရှည်အပါးလေးကို လွင့်နေစေသည်။ ‌ခြံထဲဆင်းစောင့်နေသည့်အတူတူ အကျိုးမမဲ့အောင် သရက်သီးလိုက်ကောက်ဖို့ ရှိန်းယာပြင်လိုက်၏။ မနေ့ညက လေပြင်းကြောင့် ခြံထဲကသရက်သီးတွေ အပြိုင်အဆိုင်ကြွေလိုက်ကြတာ တစ်ခြံလုံးစိမ်းဖန့်နေခဲ့သည် အထိပင်။ ဒီမနက် ပိုင်ရှင်းသာတို့ညီအစ်ကို သစ်ကိုင်းတွေအကျိုးပဲ့တွေကို လာရှင်းပေးကြသော်လည်း သရက်သီးကောက်ဖို့ အာရုံမရှိခဲ့ကြပါ။ နေ့လည် တစ်ခေါက်ပြန်လာ‌တုန်းကတော့ အိမ်ရှင်အဘတစ်‌ယောက်ထဲ သရက်သီးကောက်နေတာ တွေ့ခဲ့ရသည်။

ရေပုံးလေးကိုဆွဲလို့ ဟိုဟိုဒီဒီကျနေသည့် သရက်သီးစိမ်းတွေလိုက်ကောက်ရတာ ပျော်စရာတော့ကောင်းပါသည်။ ရှိန်းယာ ငယ်ငယ်က အိမ်တော်ကြီးထဲမှလွဲ၍ အခြားနေရာသွားခွင့်မရှိသည်မို့ လွတ်လပ်စွာ ဆော့စကားခဲ့ရတာမျိုး မရှိခဲ့ပါ။ သူဟာ အရုပ်ကလေးတွေနှင့် အခန်းအောင်းနေရတာကိုသာ အကျင့်ဖြစ်ခဲ့သည်။အရွယ်ရောက်တော့လဲ ကျောင်းကိစ္စမှလွဲလျှင် အပြင်ထွက်ရသည်ဟု သိပ်မရှိခဲ့ပေ။ ဒါကြောင့် ခုလို လှုပ်လှုပ်ရှားရှားလုပ်ရတာ ရှိန်းယာကို ကလေးတစ်ယောက်လို ခံစားရလာစေသည်။

ဘယ်သူချည်လို့ မြဲပါပေ့နိုင်Where stories live. Discover now