Chapter -39

9.7K 956 36
                                    

Unicode

အစမှတ်တွင် ပြန်လည်အဆုံးသတ်ခြင်း ၃

မိုးစွေသည့်ရက်တွေက လေးရက်မှ ငါးရက်သို့ ကူးပြောင်းလို့လာသည်။ စောဦးစေနိုင်ဟာ သူနဲ့ရှိန်းယာကြားက အေးတိအေးစက်အခြေအနေကို ပြောင်းလဲဖို့ကြိုးစားသည့်တိုင် ခြေတစ်လှမ်းရှေ့တိုးတိုင်း ပိုဝေးကွာသွားသလို ခံစားလို့နေရ၏။ ဒီကြားထဲမှာ နေချိုမောင်သာမက ‌မြစ်ငယ်မှာကျန်ခဲ့သည့် အန်တီထားတို့မိသားစုထံ မကြာမဏမေးမြန်းပါသည့်တိုင် "ရှိန်းယာ ဘာမှမပြောခဲ့ဘူး" ဆိုသည့် အကြောင်းရာကိုသာ သိခဲ့ရသည်။

ဘာဖြစ်တာလဲ၊ ဘယ်သူလုပ်တာလဲ၊ ဘာကြောင့်လဲ ဒီလို မေးခွန်းတွေကိုမေးလာမည်ဟု သူထင်ထားခဲ့ပေမဲ့ တစ်ဖက်လူက တစ်ခွန်းပင် ဟမလာခဲ့ပေ။ ဒါတင်မကသေး သူနဲ့စကားပြောဖို့အတွက်တောင် အတော်လေး နှုတ်ဆိတ်လွန်းနေပြန်သည်။ ရှိန်းယာကိုကြည့်ရတာ သံပါတ်ပေးထားသည့် အရုပ်တစ်ရုပ်နှယ် တစ်နေ့တစ်နေ့ သူ့ဝေယျာ‌ဝစ္စတွေ လုပ်ပေးတာနှင့်သာ အချိန်ကုန်လျက်ရှိ၏။

အတွေးပင်မဆုံးသေး သူအလုပ်လုပ်နေရာအနီးသို့ ရှိန်းယာက ရေနွေးခွက်တစ်ခုကိုင်လျက် ရောက်လို့လာသည်။ ဆွယ်တာလက်ရှည် ဖိုသီဖပ်သီနှင့် ခွက်ကိုဂရုစိုက်ကိုင်လာသူက အခုမှ မီးဖိုချောင်ထဲက ထွက်လာပုံရ၏။ နှစ်ဦးသား ရန်လည်းဖြစ်မထားပါပဲ မီးဖိုချောင်ထဲမှာသာ တကုပ်ကုပ်အချိန်ဖြုန်းတတ်သည့်ရှိန်းယာဟာ ပျင်းရကောင်းမှန်းမသိသည့် လူတစ်ယောက်နှင့် တဖြေးဖြေးပိုတူလို့လာခဲ့ပြီ။

"ဒီနားမှာ ထိုင်ပါအုန်းလား"

စားပွဲထက်ချပေးပြီး ပြန်သွားတော့မည့်သူ၏လက်ကို အလျှင်စလိုလှမ်းဖမ်းလိုက်ရသည်။ သူ့ခန္ဓာကိုယ်က အရင်လိုစိတ်သွားတိုင်း ကိုယ်မပါတာကြောင့် ဆစ်ခနဲဖြစ်သွားသည့် ဒဏ်ကိုအံကြိတ်ခံလိုက်ရ၏။ ရှိန်းယာက ငြင်းဆန်ခြင်းမပြုပဲ အနားမှာဝင်ထိုင်သောအခါ ဆက်တီခုံထက်က သူ့ကိုယ်ကို တစ်ဖက်သို့ တိုးပေးလိုက်သည်။ နီးကပ်သွားသော ကိုယ်လုံးနှစ်ခုရဲ့အရှိန်အောက်မှာ သူ့ကိုယ်က ချက်ချင်းနွေးထွေးလို့သွား၏။

ဘယ်သူချည်လို့ မြဲပါပေ့နိုင်Where stories live. Discover now