Chapter -12

9.8K 1.2K 97
                                    

Unicode

ငြိမ်းချမ်းသော အစပြုခြင်း ၃

"ရှိန်းယာ...ရှိန်းယာ"

ကျယ်လောင်သော အော်သံက နှစ်ခြိုက်စွာအိပ်မောကျနေသူကို အိပ်မက်ကနေဆွဲထုတ်လိုက်သည်။ ရှိန်းယာ အိပ်ချင်မူးတူးဖြစ်နေသည့်ကြားမှ ‌တံခါးဆီလျှောက်ကာ ဂျက်ဖြုတ်လိုက်၏။ အိမ်ပေါ် ပြေးတက်လာသည့် ခြေသံပြင်ပြင်းတွေက ကြမ်းပြင်တစ်ခုလုံးကို တုန်ခါမတတ်ဖြစ်သွားစေသည်။

ကျွီ...

"ဟူး...ဟား ရှိန်းယာ..ကျွန် ကျွန်တော်"

ပိုင်ရှင်းသာက ရှိန်းယာအခန်းရှေ့တွင်ရပ်နေသည်။ မဟုတ်...ခါးကိုထောက်လျက် ကိုယ်ကိုကိုင်းကာ ဟောဟဲလိုက်နေသည်ဟုဆိုလျှင် ပိုမှန်လိမ့်မည်။ အောက်မှာလဲ စက်ဘီးတစ်စီးကို မြေပြင်ထက်လဲကျအောင်ကို ပစ်ချထားခဲ့၏။

တံတွေးကိုမြိုချလို့ အသက်ပြင်းပြင်းရှုတဲ့ပိုင်ရှင်းသာ။ အမောပြေတော့ ရှိန်းယာတံခါးကိုလက်နဲ့ထောက်ပြီး သူပြောချင်တာတွေ စပြောတော့သည်။

"မင်းသာက မန္တလေးသွားတာ ပြန်မလာသေးလို့။ ကျွန်တော့ကို ဆိုင်မှာလိုက်ကူပေးပါအုန်းဗျာ။ ဆန်စက်ကလူတွေကလဲ ဒီနေ့ကျမှ မအားကြဘူးတဲ့"

"ဗျာ ကျွန်တော်ကလား"

"ဟုတ်တယ်။ ဟိုတစ်နေ့က မာမီမားသားကိုပြောနေတာကြားလိုက်တယ်။ ရှိန်းယာ မိတ္တူစက်ကိုင်တတ်တယ်ဆိုတာ"

"အဲ့...အဲ့ဒါက"

"ထားပါ... မကိုင်တတ်ရင် ကျွန်တော်သင်ပေးမယ်။ လုပ်ပါ ကူပါဗျာ။ ညနေကျ ရွာဘက်က ကျူရှင်ကိုအပြီးပေးရမှာ။ ဆရာက သူ့တပည့်တွေ စာမေးပွဲအတွက် ကျက်ခိုင်းဖို့ဆိုလို့ပါ"

နေ့ခင်းကြောင်တောင် ရောက်ချလာပြီး ဆိုင်ကူဖို့ခေါ်နေသူက ရှိန်းယာမပါမချင်း သွားမည်မထင်။ ကြည့်နေပုံကလဲ ကယ်ပါယူပါ မပြောရုံတမယ်ဖြစ်ကာ မောကလည်းမောနေသေးသည်။

"ဟို ကျွန်တော်က ဘယ်ကိုလိုက်ရမှာလဲမသိဘူး"

ပိုင်ရှင်းသာမျက်နှာက ချက်ချင်းဝင်းပသွားသည်။ သူက စိတ်လှုပ်ရှားစွာပဲ ရှိန်းယာအင်္ကျီလက်ကိုဆွဲကိုင်ကာ "ကျွန်တော့ဆိုင် ...လမ်းမကြီးပေါ်ကဆိုင်" ဟု ထအော်တော့၏။ ပိုင်ရှင်းသာက မြစ်ငယ်လမ်းမပေါ်မှာ စာရေးကိရိယာနှင့် မိတ္တူဆိုင်ဖွင့်ထားပြီး ခန့်မင်းသာက မနက်ပိုင်းဆန်စက်ကိစ္စပြီးတိုင်း မိတ္တူဆိုင်သွားကူတတ်ကြောင်း အန်တီပြောဖူးသည်။ သူတို့မိသားစုက တစ်လအတွင်း ရှိန်းယာအပေါ် ဂရုတစိုက်ရှိလှသည်မို့ အကူညီလိုချိန်မှာ ငြင်းလို့ကောင်းမည် မဟုတ်ချေ။

ဘယ်သူချည်လို့ မြဲပါပေ့နိုင်Where stories live. Discover now