Chapter -26

9.4K 1K 105
                                    

Unicode

ထင်မှတ်မထားသော ရေစက်များ ၃

ငါးလ‌ပိုင်း ရောက်လာသည့်တိုင်အောင် အလယ်ပိုင်းရဲ့ အပူချိန်က အလျော့လုံးဝမရှိပဲ တက်သည်ထက်တက်လို့လာသည်။အပင်ကြီးတွေကျန်နေသေးသော မြို့ငယ်လေးကတော့ ၃၇ဒီဂရီအောက်မလျော့သည့် ပူပြင်းမှုကို တတ်နိုင်သမျှ တောင့်ခံထားရှာ၏။ သို့သော်လည်း တကယ်များပူပြီဟေ့ဆိုလျှင် မီးကလည်းပျက်ပျက်နှင့် ညဘက်အိပ်ပျော်ရန်ပင် ခက်ခဲလွန်းလှသည်။

တဖြတ်ဖြတ်ခတ်နေရသော ယပ်တောင်ကြောင့် ရှိန်းယာလက်မောင်းကလေးတောင် ခုတလော ကြွက်သားတွေ တက်လာတော့မည်။ ဒီရက်သတ္တပါတ်အတွင်းမှာတင် ရာသီဥတုက အားမာန်အပြည့်ပူလွန်းတာမို့ ညဘက်ဆို စောဦးကိုပင် အနားကပ်မခံနိုင်ချေ။ ရှိန်းယာရဲ့ ခန္ဓာကိုယ်က သာမန်ထက်ပိုပြီး တုန့်ပြန်မှုလွန်ကဲတာလဲ ပါလိမ့်မည်။ တစ်ခါတစ်ရံ ပူလွန်းလို့ အသားတွေတောင် နာကျင်လာကာ ချွေးစတွေကြောင့် ပုံမှန်ထက် နှစ်ဆမောပန်းနေတတ်သည်။ ဒါ့အပြင် သရက်သီးကျေးဇူးနှင့် တစ်ကိုယ်လုံးရဲနေအောင်ပေါက်လာသည့် မိတ်ဖုများကလည်း နှိပ်စက်တတ်သေး၏။

ထိုအချိန်မျိုးဆို အဲယာကွန်းခန်းထဲ တစ်ချိန်လုံးပိတ်ပြီး ပူရကောင်းမှန်းမသိခဲ့ရသည့် ရက်တွေကို သတိရတတ်သည်။ သို့သော် ပြန်တော့ မသွားလိုပါ။ လူပူပေမဲ့ ဒီမှာရှိန်းယာပိုပြီး ပျော်ရသည်လေ။ စောဦးရဲ့ ဂရုတစိုက် ရေသောက်ဖို့မှာကြားတာတွေ ၊ ညဘက်ဆို ဆေးလိမ်းပေးတာတွေက နွေအပူကိုအံတုဖို့ အင်အားဖြည့်ပေးနေကြသည့် အရာတွေပင်။

တီ...တီ...တီ

"သေတော့မှာပဲ ဖြေးဖြေးမောင်းဖို့ ပြောနေတာကို"

"ဟားဟား... ဖြေးဖြေးမောင်းတာလေကွ"

"ပြုတ်ကျသေအောင် မောင်းနေပြီးတော့"

ပွက်ပွက်ညံအောင် ဆူညံစွာ ဝင်လာသူနှစ်ယောက်က ချွေးတွေပင်ရွှဲလို့။ ရှိန်းယာဟာ ထုံးစံအတိုင်း မတည့်အတူနေသည့် ညီအစ်ကိုနှစ်ယောက်ကိုကြည့်ရင်း ပြုံးမိပြန်သည်။သူ့လက်ကလေးကလည်း ယပ်အခပ်မပြတ်။ပူသည့်ကြားထဲ လက်ရှည်အပါးဝတ်ထားသည့် သူ့ပုံစံက ကြောင်တောင်တောင်ဖြစ်နေနိုင်ပေမဲ့ လေပူတွေ အသားထဲစိမ့်ဝင်လာမှာထက်စာရင်တော့ တော်ပါသေးသည်။

ဘယ်သူချည်လို့ မြဲပါပေ့နိုင်Where stories live. Discover now